Monday, March 3, 2014

ဖိတ်ခေါ်ချက်၏ ပဲ့တင်သံ

အစ္စလာမ့် မဂ္ဂဇင်းထုတ်ဝေရန် စီစဉ်သူ ရန်ကုန်မြို့မှ ပုဂ္ဂိုလ်တစ်ဦးသည် စာမူတစ်စောင် တောင်းခံလာပါသည်။ ကျွန်မသည် မည်သည့် စာမူတစ်စောင်မျှ မရေးဖူးပါ။ ဘာသာရေးလိုက်စားသူဖြစ်သောကြောင့် ဤကဲ့သို့ စာမူတောင်းခံခြင်းဖြစ်ကြောင်း ပြောဆိုလာပါသည်။ ထို့ကြောင့် ကျွန်မစာသည် ဆောင်းပါး၊ စာမူဆိုတာထက် စာစုတစ်စုဆိုတာက ပို၍မှန်ကန်နိုင်ကြောင်း ကျွန်မဝန်ခံပါသည်။

     စာ စတင်ရေးသားတော့မည့် အချိန်တွင် မည်သည့်အကြောင်းရပ်အား တင်ပြရမည်နည်းဆိုသောအချက်က ပို၍စဉ်းစားရပါသည်။ နောက်ဆုံးတော့ ကျွန်မ ရိုးသားစွာ တင်ပြချင်သော အကြောင်းအရပ်တစ်ခုကို တွေ့ရပါသည်။

" ကျွန်မ မည်သို့မည်ပုံ အဟ်မဒီယာ မွတ်စလင်တစ်ယောက်အဖြစ် ခံယူရပ်တည်ခဲ့ရပါသနည်း " ဆိုသည့် အကြောင်းပင်ဖြစ်ပါတော့သည်။

မောင်နှမတွေထဲတွင် အစ်ကိုသည် တစ်ဦးတည်းသော ယောက်ျားလေးဖြစ်ပါသည်။ ယောက်ျားလေးတစ်ဦးတည်းပါသောကြောင့် အစ်မကြီးသည် ထိုအစ်ကိုအား ပို၍ချစ်ခင်ပါသည်။ အစ်ကိုသည် ငယ်စဉ်ကပင် စာပေလိုက်စားသူဖြစ်ပါသည်။ သူ့အသက် ၂၉ နှစ်ခန့် ၁၉၈၂ ခုနှစ်လောက်တွင် အဟ်မဒီယာ စာပေအား တူတစ်ဝမ်းကွဲ တစ်ယောက်ကို အကြောင်းပြု၍ စတင် ရင်းနှီးခွင့် ရခဲ့ပါသည်။ အဟ်မဒီယာ အသင်းမှ ထုတ်ဝေသော မြန်မာဘာသာပြန်စာအုပ်များကို ဖတ်ပြီးချိန်တွင် မိရိုးဖလာ စွန္တွတ်ဂျမာအတ်မွတ်စလင် အဖြစ်မှ အဟ်မဒီယာ မွတ်စလင်တစ်ယောက်အဖြစ် ခံယူသွားခဲ့ပါသည်။ အဟ်မဒီယာ မွတ်စလင်အဖွဲ့ကို အခြားမွတ်စလင်အများစုမှ ကာဖိရ်ဟု သတ်မှတ်ကြကြောင်း ကျွန်မတို့ သိထားပါသည်။ သို့သော် ကျွန်မသည် အဟ်မဒီယာ မွတ်စလင်အဖွဲ့အား ထိုအချိန်ကသည်ပင်လျှင် ကာဖီရ် ဖြစ်သည်ဟု မစွပ်စွဲရဲခဲ့ပါ။




ဤကဲ့သို့ ရှိရင်းစွဲ မွတ်စလင်အဖွဲ့ဝင် တစ်ယောက်မှ အဟ်မဒီယာ မွတ်စလင် အဖွဲ့ဝင်တစ်ယောက်အဖြစ် ပြောင်းလဲမှုအပေါ် မိမိနှင့် အယူအဆခြင်း မတူညီမှုတွင်  အစ်မကြီးသည် အလွန်စိတ်မကောင်းဖြစ်ခဲ့ပါသည်။ " ငါတို့မှာ စစ်မှန်ပြီး ပြီးပြည့်စုံတဲ့ ကိုရ်အာန်ရှိနေပြီပဲ၊ အဲ့ဒီအဖွဲ့ကို မွတ်စလင်တချို့က ကာဖီရ် ဟု စွပ်စွဲရလောက်အောင် မည်သို့များ လွဲချော်ချက်တွေရှိနေလို့လဲ၊ ဒါကြောင့် အဲ့ဒီအဖွဲ့နဲ့ ကိုရ်အာန်၊ ဟဒီးစ်ကြားမှာ ဘာအကြောင်းရပ်များ ကွဲပြားနေသလဲဆိုတာကို လေ့လာပြီး ကွဲလွဲချက်အပေါ် ငါတို့က အားထားပြီး သူ့ကို ပြန်လည် ဖိတ်ခေါ်နိုင်ရမှာပေါ့ " ဟု ငယ်စဉ်ကပင်လျှင် ကိုရ်အာန် မြန်မာဘာသာပြန်များနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော ကျွန်မအား ထိုကဲ့သို့ ပြောကြားခဲ့ပါသည်။

အဖွဲ့တစ်ဖွဲ့ မှန်မမှန် သိနိုင်ရန်မှာ ထိုအဖွဲ့မှ ထုတ်ဝေသော စာအုပ်စာတမ်းများကို ဦးစွာလေ့လာရမည်ဖြစ်ပါသည်။ ထိုသို့ လေ့လာ နှိုင်းယှဉ်ပြီးမှ ကွဲလွဲမှုတွင် မည်သူက သာလွန်မှန်ကန်သည်ဆိုမှ သဘာဝကျပါမည်။ ထိုသို့မဟုတ်ပါဘဲ အချို့ယူဆသကဲ့သို့ ထိုအဖွဲ့မှ ထုတ်ဝေသော စာအုပ်စာတမ်းများကို ဖတ်ကြည့်လျှင်ပင် ကာဖီရ်ဖြစ်သည်ဆိုသည့် သဘောထားကို ကိုရ်အာန်ကျမ်းတော်မြတ်ကို စစ်မှန်၍ အဆုံးအဖြတ်ပေးနိုင်သော ကျမ်းတော်ဟု လက်ခံထားသောသူများအနေဖြင့် ဆိုကြလျှင် ဘဝင်ကျဖွယ် မရှိပါ။

ထိုသို့သော အကြောင်းခြင်းရာများကြောင့် အဟ်မဒီယာမွတ်စလင်အဖွဲ့ကို လေ့လာမိပါတော့သည်။

မွတ်စလင်အများစုသည် အီမာန်မဟ်ဒီ ပွင့်ပေါ်လာမည်ဆိုသော အကြောင်းရပ်ပေါ်တွင် ဝိဝါဒ မကွဲပြားပါ။ တမန်တော်မြတ် မိုဟမ္မဒ်(ဆွ) ညွှန်းဆိုထားသော ခေတ်ကာလတစ်ခု၌ ခေါင်းဆောင် အီမာန် မဟ်ဒီ လာမည်ကို စောင့်မျှော် ကြိုဆိုတွေ့ဆိုချင်လျက်ပါ။ ထိုပွင့်ပေါ်မည့် အကြောင်းရပ်တွင် မည်သူမျှ " ကျွန်ုပ်တို့တွင် အမြတ်ဆုံး တမန်တော်ကြီးနှင့် ကေယာမတ် တိုင် တည်ရှိနေမည်ဖြစ်သော ကုရ်အာန်ရှိနေပြီပဲ၊ တမန်တော်မြတ်၏ အွမ္မသ် တစ်နည်း နောက်လိုက်ထဲမှ အီမမ် မဟ်ဒီဆိုသော ခေါင်းဆောင် ပွင့်ပေါ်လာရန် မည်သည့်အတွက်ကြောင့် လိုအပ်ပါသနည်း " ဟု စောဒက မတက်ခဲ့ကြပါ။ အဘယ်ကြောင့်ဆိုသော် " အီမမ်မဟ်ဒီ ပွင့်ပေါ်လာမည် " ဆိုသော အကြောင်းရပ်သည် ခိုင်လုံသော ဟဒီးစ်ဩဝါဒတော်များတွင် အတိအလင်းပါရှိသောကြောင့်ဖြစ်ပါသည်။

အဟ်မဒီယာ မွတ်စလင်အဖွဲ့ ဆိုသည်မှာ အိန္ဒိယတိုက်ငယ်၊ ကာဒီယန် ရွာမှ မီရ်ဇာ ဂူလာမ် အဟ်မဒ် ဆိုသော ပုဂ္ဂိုလ်က  သူ့အား အလ္လာဟ် အရှင်မြတ်သည် တမန်တော်မြတ် ညွှန်းဆိုထားသော ခေတ်ကာလ၏ ခေါင်းဆောင် အီမာမ်မဟ်ဒီအဖြစ် ခန့်အပ်ကြောင်း ကြေငြာချက်ကို လက်ခံသော အဖွဲ့ပင်ဖြစ်ပါသည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပွင့်ပေါ်လာရန်ရှိသည်ဟူသော အကြောင်းရပ်ပေါ်တွင် တူညီသော အမြင်ရှိပြီးသူများသည် ပွင့်ပေါ်လာသည့် ပုဂ္ဂိုလ်မှန်မမှန်ကိုသာလျှင် ဆုံးဖြတ်ရန်ရှိပါတော့သည်။ ရှေးလူများသည် ပုဂ္ဂိုလ်ထူးများကို မည်သို့ ငြင်းဆန်ခဲ့ကြသနည်း။ ကိုရ်အာန်ကို ပြန်၍ကြည့်ပါ။ ပွင့်ပေါ်လာသော တမန်တော်များ၏ သမိုင်းကို ပြန်၍ သုံးသပ်ကြည့်ပါလျှင် တမန်တော်များအား သူတို့၏ သားချင်းအပေါင်းတို့မှ ရွေးချယ်၍ တင်မြှောက်ခြင်းလား၊ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်၏ အခွင့်အာဏာအားဖြင့် ကောင်းကင်တမန်လာရောက်ဆက်သွယ်ကာ တမန်တော်အဖြစ် ခန့်အပ်ခြင်းကို ကြေငြာခြင်းလားဆိုသည့်အချက်နှစ်ချက်ပေါ်တွင် ကိုရ်အာန်အာယတ်တော်များအရ မည်သည့်အချက်သည် က်ိုရ်အာန်အာယတ်တော်များအတိုင်းဖြစ်သည်ကို သဘောပေါက်နားလည်ပါက ထိုပုဂ္ဂိုလ်တို့၏ မှန်ကန်ခြင်းကို ဝေဖန်ဆုံးဖြတ်လက်ခံနိုင်မည်ဖြစ်ပါသည်။

မည်သည့်ခေတ်ကာလတွင်မဆို လူတို့၏ စိတ်စေတသိက်သည် အလ္လာဟ်အရှင်မြတ် ခန့်အပ်သော တမန်တော်များ၏ မှန်ကန်မှုကို ကျမ်းချက်နှင့် ဝေဖန်နားလည်သုံးသပ်နာယူရမည့်အစား မိမိတို့၏ ရော်ရမ်းမှန်းဆ ထင်မြင်ယူဆချက်များဖြင့် ငြင်းဆန်လျက်ရှိကြောင်း ကိုရ်အာန်ကျမ်းမြတ်၏ အာယတ်တော်အများအပြားတွင် တွေ့ရှိရပါသည်။

မီရ်ဇာ ဂူလာမ်အဟ်မဒ် သခင်အား အီမမ်မဟ်ဒီအဖြစ် သိနိုင်ရန် (၁) အဟ်မဒ်သခင်၏ ထေရုပတ္တိ (၂) ခါတမွန် နဗီးယီးန် (၃) အီဆာနဗီ အသက်ရှင်လျှက်ရှိသေးသလော၊ ကွယ်လွန် အနိစ္စ ရောက်ပြီလော (၄) ကသ္မီရမှ သခင်ယေရှု (၅) အီမာမ်မဟ်ဒီ သခင်၏ ငြိမ်းချမ်းရေး လှုပ်ရှားမှုများ (၆) အစ္စလာမ့် အလင်းပြကျမ်း (အစ္စလာမ့် ဒဿနကျမ်း) အစရှိသော မြန်မာဘာသာပြန် စာအုပ်များနှင့် နှိုင်းယှဉ်၍ ထပ်ခါ ထပ်ခါ လပေါင်းများစွာ ဖတ်ခဲ့ရပါသည်။ အလျင်းသင့်လျှင် ဖတ်ခဲ့ပြီးသော စာအုပ်များမှ အကြောင်းရပ်တစ်ခုချင်း၏ မှန်ကန်မှုကို ကျွန်မ အလ္လာအရှင်မြတ်၏ အလိုတော်နှင့် တင်ပြသွားပါဦးမည်။

ကွဲပြားနေသော အကြောင်းအရပ်များနှင့် ပတ်သတ်၍ ကိုရ်အာန် ဟဒီးစ်များနှင့် ရှင်းလင်းရာတွင် အဟ်မဒီယာ မွတ်စလင်အဖွဲ့ခေါင်းဆောင် တစ်နည်း တမန်တော်မြတ်(ဆွ) မှ တဆင့် ကတိတော်လာ အီမမ် မဟ်ဒီ၏ ဖွင့်ဆိုချက်များသည် လူများက မိမိတို့ သဘောဆန္ဒအရ တင်မြောက်ထားသော ဘာသာရေးခေါ်င်းဆောင်များ၏ ဖွင့်ဆိုချက်ထက် သာလွန်မွန်မြတ်ပါပေ၏။ ချီးကျူးခြင်းအပေါင်းသည် အနန္တစကြဝဠာအား ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သာ ခံယူထိုက်တော်မူပါ၏ ။ အရှင်မြတ်သာလျှင် မည်သည့်အချိန်အခါတွင် မည်သူအား မည်သို့သောဘွဲ့ကို အပ်နှင်း၍ စေလွှတ်ရမည်ဆိုခြင်း၌ အသိဆုံးဖြစ်တော်မူပါသည်။

သူတစ်ပါးအား မိမိ ခံယူချက်အပေါ်တွင် တူညီစွာ လာရောက်ရပ်တည်နိုင်ရန် ဖိတ်ခေါ်မှုတွင် မိမိ၌ ထိုသူထက် သာလွန်သော ကျိုးကြောင်းပြဆို ရှင်းလင်းချက်များ ရှိရမည်ဖြစ်ပါသည်။ ထို့ကြောင့် ကျမ်းတော်မြတ် ကိုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်က

       " သာယာနာပျော်ဖွယ်စွာ ဟောကြားခြင်းဖြင့် လူသားတို့အား သင်၏ ကျေးဇူးတော်အရှင်၏ လမ်းတော်သို့ ဖိတ်ခေါ်လော့၊ သူတို့နှင့် ကျိုးကြောင်းပြောဆို ရှင်းလင်းရာ၌ သူတို့ထက်သာလွန်သောနည်းဖြင့် ပြောဆိုလော့။ မှတ်သားလော့ သင်၏ ကျေးဇူးတော်အရှင်သည် မိမိလမ်းတော်မှ အဘယ်သူ လွဲချော်သွားသည်၊ အဘယ်သူတို့သည် လမ်းမှန်ကို လျှောက်လိုက်သည်တို့ကို အသိဆုံးဖြစ်တော်မူ၏။ " ( ၁၆ း ၁၂၅ ) ဟုတ် မုက္ခပတ်တော် လာရှိပါသည်။

ဘာသာတရားကို ဆွေးနွေး၊ နှီးနှော ဖလှယ်ရာတွင် အရှုံးအနိုင်ထက် အမှားအမှန်က သာပို၍ အရေးကြီးပါသည်။ အမှန်တရားသည် အရာရာတိုင်းအပေါ်တွင် လွှမ်းမိုးလျှက်ရှိပါသည်။ အစ်ကိုအား ပြန်လည် ဖိတ်ခေါ်ရန် ကြိုးပမ်းနေကြသော ကျွန်မတို့ ညီအစ်မသည် မိမိထက် ကျိုးကြောင်းပြောဆို ရှင်းလင်းရာတွင် သာလွန်သော အဟ်မဒီယာ မွတ်စလင် အဖွဲ့သို့ ဘိုင်အတ်သစ္စာ ခံယူလိုက်ရပါတော့သည်။

အိမ်း (ပုလ္လင်ရိပ်)

အဟ်မဒီယာ သတင်းကောင်းစာစောင် မှ ထုတ်နှုတ်ဖော်ပြသည် ။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-