Monday, November 23, 2015

ဂျပန်နိုင်ငံတွင် ပထမဆုံး အဟ်မဒီယာ ဗလီဝတ်ကျောင်းတော်သစ် ဖွင့်လှစ်

အဟ်မဒီယာ မွတ်စလင်အဖွဲ့ခေါင်းဆောင် ပဥ္စမမြောက် ခလီဖာ ဟာဇရတ် မီရ်ဇာ မဆ်ရူးရ် အဟ်မဒ် သခင်ဟာ  ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ဂျပန်နိုင်ငံ၊ နာဂိုရာမှာ ဘိုင်တုလ် အဟဒ် (အဓိပ္ပာယ်-တစ်ဆူတည်းသောဘုရားရှင်၏ဝတ်ကျောင်းတော်) ဗလီဝတ်ကျောင်းအသစ်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ အဟ်မဒီယာ မွတ်စလင်အဖွဲ့က ပထမဦးဆုံးတည်ဆောက်တဲ့ ဗလီဖြစ်ပါတယ်။

ခလီဖာသခင်ဟာ ဝတ်ကျောင်းတော်ဖွင့်ပွဲနေ့ ဒေသစံတော်ချိန် (၁) နာရီမှာ ဗလီကိုရောက်ရှိပြီး အထိမ်းအမှတ် မှတ်တမ်းကျောက်ကိုဖွင့်လှစ်ကာ သောကြာနေ့ဓမ္မသဘင် (ခွတ်သဗာ)ကို စတင်ပါတယ်။ ခွတ်သဗာ ကို MTA နိုင်ငံတကာရုပ်သံအစီအစဉ်ကနေ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။

ခွတ်သဗာတရားဟောကြားခြင်းမှာ ခလီဖာသခင်ဟာ ဗလီဝတ်ကျောင်းတော်ရဲ့ စစ်မှန်တဲ့ရည်ရွယ်ချက်ကို တင်ပြခဲ့ပြီး ဂျပန်မှာနေထိုင်တဲ့ အဟ်မဒီမွတ်စလင်တွေအနေနဲ့ အမြင့်ဆုံး ကိုယ်ကျင့်တရား ၊ ဝိညာနရေးရားအခြေအနေတွေရရှိအောင် ကြိုးပမ်းကြဖို့လိုအပ်ကြောင်း အထူးအလေးပေးပြောကြားခဲ့ပါတယ်။


ဟာဇရတ် မီရ်ဇာ မဆ်ရူးရ် အဟ်မဒ် ပြောဆိုတာက ...
" အခုဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ပြီးစီးသွားပြီ။ ဒီအတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ပြီး တာဝန်ဝတ္တရားတွေကို ကျေပွန်ဖို့အရေးတကြီးလိုအပ်တယ်။ ကျွန်တော်တို့တွေဟာ မဆီဟ်သခင်ကို လက်ခံထားပြီးသွားပြီ၊ အဟ်မဒီမွတ်စလင်တွေဖြစ်တယ်ဆိုပြီး 'အရှင်မြတ်ဟာ ချီးမွမ်းခြင်းခံထိုက်ပါတယ်' လို့ဆိုရုံလောက်နဲ့ မလုံလောက်သေးဘူး။ နေ့တိုင်းဒီမှာလာရောက် ဝတ်ပြုပြီး ကိုယ်ကျင့်တရားဆိုင်ရာအရည်အသွေးတွေတိုးတက်အောင် ရှာဖွေရမယ်။ ဒါ့အပြင် ဒီတိုင်းပြည်အနှံ့မှာလည်း စစ်မှန်တဲ့အစ္စလာမ့် သွန်သင်ချက်ကို ပျံ့နှံ့အောင် တိုးတက်အောင်ပြုလုပ်ရမယ်။ "

အချို့သော မွတ်စလင်အဖွဲ့အစည်းတွေကြားမှာ ပျံ့နှံ့နေတဲ့အကြမ်းဖက်ဝါဒနဲ့ ပတ်သတ်ပြီး ဟာဇရတ် မီရ်ဇာ မဆ်ရူးရ် အဟ်မဒ် သခင်က ခုလို့ ရှုံ့ချပြောဆိုပါတယ် ...

" စစ်မှန်တဲ့အစ္စလာမ့် သင်ကြားချက်ပျံ့နှံ့ဖို့အတွက် အဆင့်အမြင့်ဆုံး ဝတ်ပြုမှုလိုအပ်ပါတယ်။ ဒီတောင်းဆိုချက်က သွေးထွက်သံယိုမှုတွေနဲ့ ရက်စက်ကြမ်းကြမ်စွာ ပြုမှုနေတဲ့သူတွေကို မိမိကိုယ်ကို တော်လှန်ပြောင်းလဲပြီး ငြိမ်းချက်တဲ့တိုးတက်မှုအတွက် ကိုယ်ကိုတိုင်ပြုပြင်ပြောင်းလဲတဲ့ ဂျီဟတ်ကို အစားထိုးကျင့်သုံးဖို့ပဲဖြစ်ပါတယ်။ စိတ်မကောင်းစရာက ယနေ့မွတ်စလင်တွေဟာ အစွန်းတစ်ဖက်ကို ရောက်သထက်ရောက်လာပြီး တစ်ချို့အစ္စလာမ်တာဝန်ထမ်းဆောင်နေတယ်လို့မိမိကိုယ်ကိုဆိုသူတွေဟာ အပြစ်မဲ့တဲ့ သူတွေကို သနားညှာတာမှုကင်းမဲ့စွာနဲ့ ရက်ရက်စက်စက်သတ်ဖြတ်နေကြတာကိုတွေ့နေရတယ်။ "

ခလီဖာသခင်က မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ ပဲရစ်မြို့ တိုက်ခိုက်မှုကို အပြစ်တင်ပြောဆိုခဲ့ပြီး လွန်ကျူးသူတွေဟာ အစ္စလာမ်နာမည်ကို မှေးမှိန်အောင် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။



ဟာဇရတ် မီရ်ဇာ မဆ်ရူးရ် အဟ်မဒ် သခင်က ...

" မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုက ရက်စက်ကြမ်းကြုတ်ပြီး စက်ဆုပ်ဖွယ်ရာကောင်းပါတယ်။ ဒါဟာ အစ္စလာမ့်သွန်သင်ချက်နဲ့ လုံးဝဆန့်ကျင်ပြီး အဟ်မဒီမွတ်စလင်တွေဟာ စစ်မှန်တဲ့ အစ္စလာမ်သာသနာရဲ့ ငြိမ်းချမ်းတဲ့သွန်သင်ချက်ကို ဖြန့်ဝေဖို့ အလေးအနက်တာဝန်ရှိပါတယ်။ "

ခလီဖာသခင်က "အသင်တို့ဒီမှာနေထိုင်တဲ့အတွက် အလ္လာဟ်အရှင်မြတ်ကပေးသနားတဲ့ ကောင်းချီးမင်္ဂလာတွေကို စဉ်းစားတွေးတောသင့်တယ်။ ဒီမှာ အသင်တို့ဝတ်ပြုမှုနဲ့ပတ်သတ်လို့ တားမြစ်ချုပ်ချယ်မှုတွေမရှိဘူး။ အသင်တို့ရဲ့ ဗလီဝတ်ကျောင်းတော်ကို 'ဗလီ' လို့ခေါ်ယုံနဲ့ ထောင်သွင်းအကျဉ်းချထားခံရတာမျိုးမရှိဘူး။ ဒီလိုမျိုးအပြုအမူတွေအစား ဒီနိုင်ငံမှာ အသင့်တို့ရဲ့ ငြိမ်းချမ်းပါစေလို့ နှုတ်ခွန်းဆက်တဲ့စကားကို ကြိုဆိုနှစ်သက်ကြတယ်။"

ဆက်လက်ပြီး သခင်က .. ဒီမှာနေထိုင်သူအဟ်မဒီမွတ်စလင်တွေအနေနဲ့ ကတိတော်လာ မဆီဟ်သခင်(ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ရဲ့ဆန္ဒနဲ့အညီ စစ်မှန်တဲ့အစ္စလာမ့် မျက်နှာစာကို ဂျပန်နိုင်ငံမှာ တင်ပြကြဖို့ တာဝန်ရှိကြောင်းပြောဆိုပါတယ်။

"ဒီဂျပန်နိုင်ငံမှာ ရရှိတဲ့ လွတ်လပ်ခွင့်ဟာ အသင့်တို့အတွက် ဘာသာတရားလေးစားကိုင်းရှိုင်းပြီး အသင်တို့အတွင်းမှာ ပြုပြင်ပြောင်းလဲစေအောင် မတောင်းဆိုနေဘူးလား? ဒီအတွက် ကိုယ်ကျိုးဆန္ဒတွေကို စွန့်လွှတ်ပြီး ဘုရားရှင် နှစ်သက်မှုရှာရအောင်ကော တောင်းဆိုမနေဘူးလား ? အသင်တို့မေတ္တာတွေကို ထုတ်ပြပြီး ကြင်နာသနားမှုတွေကို အသင်တို့အတွင်းမှာရော အသင်တို့နေထိုင်တဲ့ လူမှုဝန်းကျင်အသိုင်းအဝိုင်းမှာပါ ဖော်ထုတ်ပြသဖို့မလိုအပ်ဘူးလား ? "

အဆုံးမှာ သခင်ဟာ ဗလီရဲ့ အသေးစိတ် တည်ဆောက်ပုံကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ခလီဖာသခင်က တချိန်က တာဝန်ရှိသူတွေထံက ခွင့်ပြုချက်ရဖို့ခက်ခဲတဲ့ နေရာမျိုးမှာ အရှင်မြတ်ရဲ့ ကျေးဇူးတော်နဲ့ အတားအဆီးအခက်အခဲတွေကျော်ဖြတ်ပြီး ဗလီဝတ်ကျောင်းကို တည်ဆောက်နိုင်ခဲ့ကြောင်းပြောဆိုပါတယ်။

သခင်က ဒီမှာနေထိုင်တဲ့ အဟ်မဒီမွတ်စလင်တွေ၊ အမျိုးသမီး အမျိုးသား ကလေးငယ်တွေဟာ ဗလီအတွက် စွန့်လွှတ်လှူဒါန်းပါဝင်ခဲ့တာတွေအတွက် ချီးကျူးပြောကြားခဲ့ပါတယ်။ အခြားမွတ်စလင်မဟုတ်သူများရဲ့ ကူညီမှုနဲ့ ကြင်နာမှုအတွက်လည်း ဂုဏ်ပြုခဲ့ပါတယ်။

ဘိုင်တုလ် အဟဒ် ဗလီဟာ ဝတ်ပြုသူပေါင်း (၈၀၀) ခန့်ဝတ်ပြုနိုင်ပြီး ဂျပန်နိုင်ငံမှာ အကြီးဆုံးဗလီဖြစ်ပါတယ်။ နာဂိုရာ အရပ်မှာ တည်ရှိပြီး လမ်းပမ်းဆက်သွယ်ရေးလမ်းကြောင်းတွေလွယ်ကူတဲ့နေရာမှာတည်ရှိပါတယ်။ ဗလီအဆောက်အဦးမှာ အခြားနေရာထိုင်ခင်းတွေ၊ ရုံးခန်းတွေနဲ့ စာကြည်တိုက်လည်း ပူးတွဲပါဝင်ပါတယ်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-