Wednesday, May 2, 2012

မြင့်မြတ်သော အသက်ရှင်နေထိုင်ခြင်း

ကတိတော်လာ မဆီဟ် နှင့် မဟ်ဒီဘွဲ့ခံ ဟာဇရတ် မေရ်ဇာ ဂူလာမ် အဟ်မဒ်သခင်၏ သွန်သင်လင်းပြချက်


             တောင်ဝ်ဟီးဒ်  ( အလ္လာဟ် သို့ ထာဝရဘုရားရှင် တစ်ဆူတည်းရှိတော်မူခြင်း ) ကို ကမ္ဘာမြေအနှံ့ ဖြန့်ချီရန်အတွက် မိမိ၏အစွမ်းသတ္တိအလုံးစုံတို့ဖြင့် ကြိုးပမ်းကြကုန်။ အရှင်မြတ်၏ ဖန်ဆင်းခံတို့အား ကြင်နာသနားကြကုန်။ ယင်းတို့အား နှုတ်ဖြင့်သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း အခြားမည်သည့်ကြံစည်မှုမျိုးနှင့်မျှ ကျူးလွန်စော်ကားခြင်း မပြုကြနှင့်။ ထို့ပြင်အဖန်ဆင်းခံတို့၏ ကောင်းကျိုးအလို့ငှာ အားထုတ်ကြိုးပမ်းလျှက်ရှိနေကြကုန်။ ၎င်းပြင် မိမိတို့၏ လက်အောက်ခံများဖြစ်လင့်ကစား မည်သူ့ကိုမျှ မောက်မာခြင်းမပြုကြလင့်။ အကြင်သူတို့က ဆဲရေးမှုပြုလင့်ကစား မည်သူ့ကိုမျှဆဲရေးခြင်းမပြုကြလင့်။ အရှင်မြတ်လက်ခံတော်မူခြင်း ခံရလေအောင် ကျို့ငဲ့နှိမ်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ကောင်းမြတ်သော ရည်ရွယ်ချက်တို့ဖြင့် အဖန်ဆင်းခံ(သတ္တဝါ) တို့အား စာနာထောက်ထားသူများဖြစ်ကြကုန်။

       များစွာသောသူတို့သည် သိမ်မွေ့နူးညံ့မှုကို ဖော်ပြလျှက် အတွင်း၌ ဝံပုလွေကဲ့သို့ရှိကြ၏။ များစွာသော သူတို့သည် အပေါ်ရံအပြစ်ကင်းသန့်ရှင်းလျှက် အတွင်း၌ မြွေဆိုးပမာရှိကြ၏။ သို့ကြောင့် အတွင်းအပြင် တစ်မျိုးတစ်စားတည်းမဖြစ်လေသမျှ အသင်တို့သည် ထိုအရှင်မြတ်၏ အထံတော်တွင် လက်ခံတော်မူခြင်းကို ခံရလိမ့်မည်မဟုတ်ချေ။

      ကြီးမြတ်သူဖြစ်၍ မိမိထက်နိမ့်ကျသူတို့အား နှိမ့်ချ အထင်သေးခြင်းမပြုဘဲ ကြင်နာကြကုန်။ ပညာရှိဖြစ်၍ အသိဉာဏ်မဲ့သူတို့အား ပလွှားမောက်ကြွားမှုဖြင့် အထင်အမြင်သေးခြင်းမပြုဘဲ သင်ပြဆုံးမကြကုန်။ သူဌေးသူကြွယ်များဖြစ်၍ အထင်ကြီးစိတ်ဝင်ကာ သူဆင်းရဲ ကျောမွဲတို့အား မောက်မာဝင့်ဝါမှုမပြဘဲ အကျိုးဆောင်ကြကုန်။ ဆုံးရှုံးနစ်နာမည့်လမ်းကြောင်းများကို ကြောက်ကြကုန်။ အရှင်မြတ်အား ကြောက်ရွံ့လျှက် ရှိကြပြီး။၊ မကောင်းမှုကျဉ်ရှောင်ခြင်း(တက္ကဝါ) တရားကို ကျင့်မူကြကုန်။ အဖန်ဆင်းခံများကို မကိုးကွယ်ကြလင့်။ မိမိတို့၏ဖန်ဆင်းရှင် အရှင်မြတ်ဘက်တော်သို့ လုံးလုံးလျားလျား ချဉ်းကပ်လျှက် လောကီဘဝ၏ ခုံမင်မှုကို စက်ဆုတ်ကြကုန်။

         ဤတွင်မက အရှင်မြတ်အတွက်မျှသာ ဖြစ်ကြကာ ထိုအရှင်မြတ်အတွက် ဘဝကိုကျောင်းကြလျက် အရှင်မြတ်အတွက် ညစ်ညမ်းမှုန်သမျှနှင့် အပြစ်ဒုစရိုက်များကို ရွံရှာမုန်းတီးကြကုန်။ အကြောင်းမူကား ထိုအရှင်မြတ်သည် စင်ကြယ်သန့်ရှင်း အပြစ်ကင်းတော်မူသောကြောင့်တည်း။

       အသင်တို့သည် မကောင်းမှုကျဉ်ရှောင်ခြင်း (သက္ကဝါ) တရားဖြင့် ညဉ့်ကို ကုန်လွန်စေခဲ့ကြောင်းကို အသင်တို့အတွက် နံနက်တိုင်းက သက်သေတည်ပါစေ။ အသင်တို့သည် အရှင်မြတ်အားကြောက်ရွံ့စိုးထိတ်စွာဖြင့် နေ့အချိန်ကို ကုန်လွန်စေခဲ့ကြကြောင်းကိုလည်း ညနေတိုင်းက သက်သေတည်ပါစေ။ လောက၏အမျက်ရှခြင်းကို မကြောက်ကြလင့်။ ယင်းသည် အခိုးအငွေ့များပမာ ကြည့်ရင်းမှ ပျောက်သွားလေ့ရှိ၏။ ယင်းသည် နေ့ကို ည မလုပ်နိုင်ချေ။ သို့ရာတွင် အသင်တို့သည် ကောင်းကင်ယံမှ ကျရောက်၍ ထိရောက်သောသူအား နှစ်ဘဝစလုံးတွင် ပျက်စီးရာဖြစ်စေသော အလ္လာဟ်အရှင်မြတ်၏ အမျက်ရှခြင်းကို ကြောက်ရွံ့ကြလေကုန်။

          အသင်တို့သည် ပြစားမှုဖြင့် မိမိတို့ကိုယ်ကိုကယ်တင်နိုင်ကြလိမ့်မည်မဟုတ်။ အကြောင်းသော်ကား အသင်တို့၏ ဖန်ဆင်းရှင်ဖြစ်သော အရှင်မြတ်သည် လူသားတို့၏ အဆုံးစွန်သော လျှိ့ဝှက်နက်နဲမှုသို့တိုင် မြင်နိုင်စွမ်းတော်မူသောကြောင့်တည်း။ အသို့နည်း အသင်တို့သည် ထိုအရှင်မြတ်အား လှည့်ဖျားနိုင်ကြလိမ့်မည်လော။ သို့ဖြစ်ရာ အသင်တို့သည် တည့်မတ်ကြကုန်။ ကင်းရှင်းစွာနေကြကုန်။ သန့်ပြန်စွာနေကြကုန်။ ရောနှောရှုပ်ထွေးခြင်းမှ သန့်စင်ကြကုန်။ အကယ်၍မြူတစ်မှုံခန့်မျှသော အမိုက်အမှောင်သည် အသင်တို့တွင် ကျန်ရှိနေခဲ့သော် ယင်းသည် အသင်တို့ထံမှ အလင်းဟူသမျှကို သုတ်သင်ဖယ်ရှားပစ်လိမ့်မည်။ အကယ်၍ အသင်တို့၏ မည်သည့် ရှုဒေါင့်၌မဆို မောက်မာပလွှားမှုသော်လည်းကောင်း၊ ပြစားမှု ပကာသနသော်လည်းကောင်း၊ ကိုယ့်ကိုကိုယ် အထင်ကြီးမှုသော်လည်းကောင်း၊ ပျင်းရိဖင့်နွဲ့မှုသော်လည်းကောင်း ရှိနေခဲ့သော် အသင်တို့သည် အရှင်မြတ်၏ လက်ခံတော်မူခြင်းကို ခံရမည့်သူများမဖြစ်နိုင်ချေ။

         အသင်တို့သည် အကြောင်းအရပ်အချို့ကို လက်ကိုင်ပြုပြီး ကျွန်ုပ်တို့လုပ်စရာတွေအားလုံး လုပ်ခဲ့ကြပြီဟု မိမိကိုယ်မိမိ မလှည့်စားမိပါစေနှင့်။ အဘယ်ကြောင့်ဆိုသော် ထိုအရှင်မြတ်သည် အသင်တို့၏ ဘဝတစ်သာတာလုံးတွင် ပြည့်ဝသော တော်လှန်ပြောင်းလဲမှုရောက်ရှိပြီး တစ်ခုသော သေခြင်းမရဏကို အသင်တို့ထံမှ အလိုရှိတော်မူ၏။ ထိုသို့ဖြစ်ပြီးနောက်မှ ထိုအရှင်မြတ်က အသင်တို့အား ရှင်ပြန်ထမြောက်စေတော်မူမည် ဖြစ်ပေသတည်း။

        အသင်တို့အချင်းချင်းအမြန်ဆုံးပြေငြိမ်းအောင် ဆောင်ရွက်ကြကုန်။ မိမိညီနောင်များ၏ အပြစ်အနာအဆာများကို ခွင့်လွှတ်ကြကုန်။ အကြောင်းမူ မိမိညီနောင်နှင့် ပြေငြိမ်းမှုကို မလိုလားသူသည် အလွန်ဆိုးရွားသူဖြစ်၏။ ယင်းသည် ဖြတ်တောက်ခြင်း ခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ကွဲလွဲမှုကို ဖန်တီးသူဖြစ်၏။

(ကီရှ်တီ အေ နှုးဟ် ၊ ပထမနှိပ်ခြင်း ၊ စာမျက်နှာ ၁၁ - ၁၂ )

အသက် ၁၀ နှစ်ရောက်လျှင် မိန်းကလေးများ လက်ထပ်နိုင်ပြီဟု ဆော်ဒီမုဖ်သီချုပ်ဆို


" အသက် ၂၅ နှစ်ရောက်မှ လက်ထပ်ဖို့အဆိုပြုနေကြတဲ့သူတွေအားလုံး မှားယွင်းပါတယ်။ " (ဆော်ဒီ မုဖ်သီချုပ်)


The World Observer က ဆော်ဒီအာရေဗျနိုင်ငံရဲ့ ဓမ္မသတ်ရေးရာချုပ် (မုဖ်သီချုပ်) ရှိတ်ခ် အဗ္ဗဒွလ် အဇီဇ် အလ် ရှိတ်ခ်ကို သာမာန်မိန်းကလေးများ သူမတို့ဆန္ဒမပါရှိဘဲ လက်ထပ်ထိမ်းမြားခံ ရခြင်းနှင့်စပ်လျဉ်းပြီး မေးမြန်းတဲ့အခါ ရှိတ်ခ်က အထက်ပါအတိုင်း ပြောဆိုသွားခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့ပြင်ရှိတ်ခ်အဇီဇ်က မိန်းကလေးများအနေနဲ့ အသက် ၁၀ နှစ်ကနေ ၁၂ အကြားရောက်ရင် လက်ထပ်ထိမ်းမြားဖို့ အသင့်ဖြစ်ပြီဆိုတာကို ခိုင်ခိုင်မာမာပြောဆိုသွားပါတယ်။

"ကျွန်တော်အမေနဲ့ အဖွားတို့တုန်းက အသက် ၁၂ နှစ်တင်းတင်းမှာ လက်ထပ်ခဲ့ကြတာပါ။ အဲဒီလို အသက်အရွယ်မှာ အိမ်ထောင်မှုရေးရာများ အတွက် အဆင်သင့်ဖြစ်ဖို့ (မိဘများအနေနဲ့ မိန်းကလေး များကို) ပြုပြင်ထိန်းသိမ်း ပေးသင့်ပါတယ်။" လို့ ရှိတ်ခ်အဇီဇ်က ဆိုကြောင်း Observer ကဖော်ပြ ပါတယ်။

အမေရိကန်ပြည်၊ မြောက်ကာရိုလိုင်းနားတက္ကသိုလ်၊ ဘာသာဗေဒဌာနက ပရောဖက်ဆာ အိုမစ်ဆာဖီ က အလ်ရှိတ်ခ်ရဲ့ အထက်ပါမှတ်ချက်ကတော့ သူဟာခေတ်သစ်အစ္စလာမ်နဲ့ အဆက်ပြတ် နေပြီဖြစ် ကြောင်း ဖော်ပြရာ ရောက်တယ်လို့ The Huffington Post ကိုပြောကြားလိုက်ပါတယ်။

" မွဖ်သီရဲ့ အဲဒီလိုပြောဆိုမှုက ကိစ္စတော်တော်များများအတွက် အန္တရာယ်ပါပဲ။ ဘာကြောင့် လဲဆိုတော့ အဲဒီမှတ်ချက်မှာ လက်ထပ်ထိမ်းမြားခြင်းအတွက်လိုအပ်တဲ့ နှစ်ဦးသဘောတူမှုကို ချန်လှပ် ခဲ့လို့ပါပဲ။ (၁၀ နှစ်အရွယ်ပဲရှိတဲ့မိန်းကလေးတစ်ယောက်က အရွယ်ရောက်ပြီးယောက်ျား တစ်ယောက်ကို လက်ထပ်ဖို့ ဆန္ဒမရှိဘူးဆိုတာ အကျိုးအကြောင်းနဲ့ ခန့်မှန်းနိုင်တဲ့အရာပါ။) ဆော်ဒီရဲ့ သာသနာပိုင် တွေကတော့ သူတို့အဝန်းအဝိုင်းထဲကသူများနဲ့တင်မက ကမ္ဘာတဝှမ်းက အစ္စလာမ့် အဓိကအမြင်များနဲ့ပါ အလှန်းဝေးပြီး ထိတွေ့ဆက်ဆံမှုမရှိဘူးဆိုတာကို နည်းလမ်းနောက် တစ်မျိုးနဲ့ ညွှန်ပြလိုက်တာပါပဲ။ " လို့ ဆာဇီက အီးမေးလ်တစ်စောင်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဆော်ဒီအာရေဗျအနေနဲ့ အသက်မမှီတဲ့ကလေးများကို အသက်ကြီးယောက်ျားများနဲ့ လက်ထပ်ပေးမှု တွေရှိနေတာကြောင့် နိုင်ငံတကာရဲ့ ဖိအားပေးမှုကို ခံနေရပြီး လက်ထပ်ထိမ်းမြားဖို့အတွက် အငယ်ဆုံး အသက်အရွယ် တစ်ခုကို သတ်မှတ်ဖို့ အရေးဆိုမှုများကိုပါ ရင်ဆိုင်နေရတယ်လို့ Arabian Business က တင်ပြထားပါတယ်။ 

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-