ဟိန္ဒူဘာသာ
ဟိန္ဒူသာသနာတွင် ဥပုသ်ဆောက်တည်ခြင်းကို လပြည့်နေ့များတွင် ပြုလုပ်ကြသည်။ ထို့ပြင် သျှီ၀ရာထရီ၊ သရာဆွာတိပူဂျာနှင့် ဒရ်ဂပူဂျာ သို့မဟုတ် နာဝါရာထရီစသော ပွဲတော်နေ့များ၌လည်း ဥပုသ်ဆောက်တည်ကြရသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင်မူ နှစ်စဉ်တစ်ရက်တာဆင်နွဲရသော ကရ်ဝါချောက်ပွဲတော်နေ့တွင် အမျိုးသမီးများ ဥပုသ်ဆောက်တည်ကြသည်။ ဥပုသ်ဆောက်တည်သည့် ပုံစံနှင့် အတိုးအလျော့မှာမူ တသီးပုဂ္ဂလကိုလိုက်၍ ကွဲပြားခြားနားသည်။ ဟိန္ဒူဥပုသ်ဆောက်တည် ခြင်းသည် ၂၄ နာရီပတ်လုံး အစားအသောက်မှ ရှောင်ကြဉ်ခြင်းဖြစ်သော်လည်း အစိုင်အခဲဖြစ်သည့် အစားအသောက်များကိုသာ စားသောက်ခြင်းမှ ရှောင်ကြဉ်ရပြီး ရေနှင့် နို့ကို ရံဖန်ရံခါ သောက်သုံးနိုင်သည်။
ဝီကီပီဒီယစွယ်စုံကျမ်းအရ ဟိန္ဒူသာသနာတွင် ဥပုသ်ဆောက်တည်ခြင်းမှာ အရေးကြီးအစိတ်အပိုင်း တစ်ခုဖြစ်သည်။ တသီးပုဂ္ဂလချင်းစီလိုက်၍ ကိုယ်ပိုင်ယုံကြည်ချက်အရသော်လည်းကောင်း၊ ဒေသန္တရ အလေ့အထများအရသော်လည်းကောင်း ပုံစံမျိုးစုံဖြင့် ဥပုသ်ဆောက်တည်ကြသည်။ ထိုသည်များမှ အချို့ကို ဖော်ပြလိုက်ပါသည်။
ဟိန္ဒူပြက္ခဒိန်မှ ၁၁ ရက်မြောက်သော လပြည့်နေ့ဖြစ်သည့် ပုရ်နိမ ခေါ် အိကာဒါသိနေ့တွင် အချို့ သော ဟိန္ဒူများ ဥပုသ်ဆောက်တည်ကြသည်။ ကိုယ်ပိုင်ယုံကြည်ချက်ကြောင့်လည်းကောင်း၊ မိမိနှစ် သက်သည့် နတ်ဘုရားများအရလည်းကောင်း ရက်သတ္တပတ်၏ အချို့သောနေ့ရက်များတွင် လည်း ဥပုသ်ဆောက်တည်ခြင်းများရှိသည်။ ဥပမာ - သျှီဝနတ်ကို အထူးနှစ်သက်သူများက တနင်္လာနေ့ တွင် ဥပုသ်ဆောက်တည်ကြပြီး ဗိသနိုးနတ်ကို နှစ်သက်သူများကမူ သောကြာနေ့နှင့် စနေနေ့ များ တွင် ဥပုသ်ဆောက်တည်ကြသည်။ အိန္ဒိယမြောက်ပိုင်းတွင် ကြာသပတေးနေ့၌ ဥပုသ် ဆောက်တည် သည့်အလေ့အထကို အများအပြားတွေ့ရှိရသည်။ ကြာသပတေးနေ့၌ ဥပုသ်ဆောက် တည်သူ များသည် ဥပုသ်မထွက်ခင် ပုံပြင်တစ်ခုခုကို နားဆင်ကြရသည်။ ကြာသပတေးနေ့ ဥပုသ် ဆောက် တည်ကြသူများသည် ဗရိဟသ်ပတိ မဟာဒေ၀ကိုလည်း ကိုးကွယ်ကြ သည်။ ၎င်းတို့သည် အဝါရောင် အဝတ်အစားများကို ဆင်မြန်းကြပြီး စားသောက်သည့်အခါတွင်လည်း အဝါရောင်အစား အစာများကို သာ၍နှစ်ခြိုက်ကြသည်။ အမျိုးသမီးများက ငှက်ပျောပင်ကို ကိုးကွယ်ပြီး ရေဖျန်းပေးရသည်။ အစား အစာများကို အဝါရောင်ထောပတ်ဖြင့် ပြုလုပ်ကြသည်။
ဘာသာရေးပွဲတော်များတွင် ဥပုသ်ဆောက်တည်ခြင်းအလေ့အထမှာလည်း ထင်ရှားသည်။ ဥပမာ များမှာ မဟာသျှီ၀ရထရီနေ့သို့မဟုတ် နဗ်ရာထရီပွဲတော် ၉ ရက်တွင် ဥပုသ်ဆောက် တည်ကြသည်။ နဗ်ရာထရီသည် နှစ်တစ်နှစ်တွင် နှစ်ကြိမ်ဖြစ်ပေါ်ပြီး ဟိန္ဒူပြက္ခဒိန်ရ ဧပြီလတွင် လည်းကောင်း၊ ဒေဝါလီမတိုင်မီ အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလ (ဝေရာရဒက်ရ်ှမီး ပွဲတော်အတောအတွင်း) တွင်လည်းကောင်း ဖြစ်ပေါ်သည်။
ကရ်ဝါချောက်မှာမူ အိန္ဒိယမြောက်ပိုင်းတွင် တည်ဆောက်ကြသည့် ဥပုသ်ပုံစံတမျိုးဖြစ်ပြီးအိမ်ထောင် သည် အမျိုးသမီးက လင်ယောက်ျား၏ ကျန်းမာချမ်းသာရေးအတွက် ရည်စူးဆောက်တည် ကြခြင်း ဖြစ်သည်။ နေဝင်ပြီးသည့်အချိန်၌ မယားဖြစ်သူက ဇကာများအကာအကွယ်ယူပြီး လမင်းကို ကြည့် ခြင်းဖြင့် ဥပုသ်ထွက်ကြရသည်။
အန္ဒရာပရ်ဒိရ်ှပြည်နယ်တွင်မူ ဒီပါ၀လီပွဲတော်အပြီး နောက်တစ်နေ့တွင်စတင်သည့် ဟိန္ဒူပြက္ခဒိန် အရ ကအာသိကာ လအတွင်း အချို့သောသူများ၊ အထူးသဖြင့်အမျိုးသမီးများအနေဖြင့် မကြာခဏ ဆိုသလို ဥပုသ်ဆောက်တည်ကြသည်။ သို့သော် နေ့စဉ်ရက်ဆက် ဥပုသ်ဆောက်တည်ကြရန်မူ မလို အပ်ပေ။ ထိုလအတွင်း အများစုဥပုသ်ဆောက်တည်ကြသည့်နေ့များမှာ သျှီ၀နတ်အတွက် တနင်္လာ နေ့တွင် လည်းကောင်း၊ ကာသိကာ လပြည့်နေ့တွင်လည်းကောင်း၊ ဒီပါ၀လီအပြီး လေးရက်မြောက် နေ့ နာဂုလ ချာဝိတိနေ့တွင်လည်းကောင်း အသီးသီး ဖြစ်ကြသည်။
ဥပုသ်ဆောက်တည်သည့် ပုံစံများမှာမူ အမျိုးမျိုးအဖုံဖုံ ကွဲပြားခြားနားကြသည်။ တင်းတင်းကြပ်ကြပ် လိုက်နာသူများအနေဖြင့် နေဝင်သည့်အချိန်မှ စတင်၍ အစားအသောက်ကို လုံး၀ရှောင်ကြဉ်ကာ နောက်တစ်နေ့ နေဝင်အပြီး ၄၈ မိနစ်ကြာမှ ဥပုသ်ထွက်ကြသည်။ ဥပုသ်ဆောက်တည်ခြင်းသည် အစားအသောက်တမျိုးမျိုးကို ရှောင်ကြဉ်ခြင်းမျှဖြစ်လည်း အထမြောက်အောင်မြင်သည်။ သို့မဟုတ် အစားအသောက်အမျိုးအစားတစ်ခုခုကို ရှောင်ကြည်ခြင်း၊ အစားအသောက်အမျိုးအစားတစ်ခုတည်း ကို မှီဝဲစားသုံးခြင်း စသည်ဖြင့်လည်း အထမြောက်စေနိုင်သည်။ ဥပုသ်ဆောက်တည်သည့် ဟန္ဒိူသာသနာဝင်မှာ သက်သတ်လွတ်စားသုံးသူမဟုတ်ပါက ဥပုသ်ဆောက်တည်နေစဉ် အသားစားသုံး ခြင်းမှ လုံး၀ရှောင်ကြဉ်ရသည်။ ထို့ပြင် တိရစ္ဆာန်မှရသည့် ဥကိုလည်း ရှောင်ရသည်။ သို့သော် နို့ကိုမူ ချွင်းချက်ထားရှိသည်။
ဂျိန်းသာသနာ
ဝီကီပီဒီယအရ ဂျိန်းသာသနာတွင် ဥပုသ်ဆောက်တည်ခြင်း အမျိုးမျိုးရှိသည်။ တစ်မျိုးကို ချောင်ဝီ ဟာ အပ္ပဝက်စ်ဟုခေါ်သည်။ ထိုနေ့တွင် စားသောက်ခြင်းလုံး၀ရှောင်ကာ နောက်တစ်နေ့ နေဝင်ချိန် မှ ဥပုသ် ထွက်ရသည်။ အခြားဥပုသ်နေ့မှာ တီဝီဟာ အပ္ပဝက်စ်ဖြစ်သည်။ ထိုနေ့တွင်မူ အစာစား ခြင်းမှ ရှောင်ရသော်လည်း ရေနွေးကိုမူ သောက်သုံးနိုင်သည်။ ဂျိန်းအယူဝါဒတွင် ဥပုသ်ဆောက် တည်ခြင်း ၏ အဓိက ရည်ရွယ်ချက်မှာ ဆူပူသောင်းကျန်း ဒေါသူပုန်ထခြင်းအမျိုးအစားအားလုံးမှ လုံး၀ရှောင်ကြဉ် ရန်ဖြစ်သည်။ ယင်းကို (दया, ahimsa) ၊ အဟိမ်သ ဟုခေါ်သည်။
ဂျိန်းဘာသာဝင်များ၏ ပွဲတော်ကြီးနှစ်ခုအနက် တစ်ခုဖြစ်သော ပါရုရှနပွဲတော်တွင် ဥပုသ်ဆောက် တည် ရသည်။ သို့သော် ထိုနေ့အတွက် ဥပုသ်ဆောက်တည်ခြင်းကို အခြားအချိန်များ၌ ဖြည့်ဆီးနိုင် သည်။ ပါရုရှနအတွက် ရှစ်ရက်ဥပုသ်ဆောက်တည်ခြင်းကို အက္ထဟိုင်းဟုခေါ်သည်။ တလတိတိဥပုသ် ဆောက်တည်ခြင်းကိုမူ မက်ဆ်ခါမနားဟုခေါ်သည်။ အစားအသောက်ကန့်သတ်ချက်ဖြင့် စားသုံးခြင်း သည်လည်း ဂျိန်းဘာသာဝင်အများစု ပြုလုပ်လေ့ရှိကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က ပဲနှင့် အရသာကင်းမဲ့သော အစားအသောက်ကို ဆားနှင့် ငြုပ်ကောင်းတို့ဖြင့်သာ စားသုံးပါက ထိုသည်ကို အရမ်ဘိလ်ဟု ခေါ်သည်။ အရမ်ဘိလ်သည် ပုဂ္ဂိုလ်တစ်ဦး၏ စိတ်ဇောထက်သန်မှုကို လျှော့ချပြစ်နိုင် ရန် ရည်စူးသည်။
တသီးပုဂ္ဂလ အစာငတ်ခံ၍ ဥပုသ်ဆောက်တည်ခြင်းကို ဆလေခါနာဟုခေါ်သည်။ ယင်းကို ဂျိန်းဒဿ နအရ ကာမအာရုံ ခံစားမှုမှ လျှော့ချပြစ်နိုင်ရန် အကူအညီပေးရေးအလို့ငှာ ကျင့်သုံး ဆောက်တည် ခြင်း ဖြစ်သည်။
အမေရိကန် တိုင်းရင်းသားများနှင့် သြစတြေးလျများ
Eve Adamson နှင့် Linda Horning တို့ ရေးသားသော The Complete Idiot's Guide to Fasting ဟု အမည်ရသည့် စာအုပ်တွင် အမေရိကမြောက်ဘက်၌လည်းကောင်း၊ အမေရိကန် တိုင်းရင်းသားများသည်လည်းကောင်း ဥပုသ်ဆောက်တည်ခြင်းကို မြင့်မြတ်သည့်ဓလေ့အဖြစ် သတ်မှတ်ကြသည်။
အမေရိကန်၏ မူရင်းတိုင်းရင်းသားများတွင် Vision Quest ခေါ် ဝိညာဉ်ရေးအဆင့် တခုမှ နောက် တစ်ခု တက်လှမ်းရာ၌ ပြုလုပ်ရသော တကိုယ်တည်းဝိညာဉ်ရေးရာ တိုးတက်မှုရှာဖွေခြင်း အဆင့်ဖြစ် သည်။ ထို Vision Quest ကို ငယ်ရွယ်နုပြိုသူများက တောထဲတွင် တကိုယ်တည်းသွား ရောက်၍ ပြုလုပ်ကြလေ့ရှိသည်။ Vision Quest ကို ကာလအပိုင်းအခြားဖြင့် ဥပုသ်ဆောက်တည် ခြင်းနှင့် တွဲ၍ ပြုလုပ်ကြသည်။
ဥပုသ်ဆောက်တည်ခြင်းကို အခမ်အနားများနှင့် တစုံတရာသော ကိစ္စရပ်များ မဆောင်ရွက်မီ ပြုလုပ်လေ့ရှိကြသည်။ ကိုယ်ခန္ဓာသန့်ရှင်းစင်ကြယ်ရန်လည်းကောင်း၊ အမြင်အာရုံ တိုးတက်ရင့်သန် စေရန်လည်းကောင်း၊ သို့မဟုတ် ဖန်ဆင်းရှင်အား ချီးမွမ်းထောမနာပြုရန် လည်းကောင်း စသည့် ရည်ရွယ်ချက်များဖြင့် ကမ္ဘာအဝှမ်းတွင် ဥပုသ်ဆောက်တည်သည့် အလေ့အထ ရှိခဲ့ကြသည်။
ခေတ်ပေါ် အွန်လိုင်း ဗြိတိသျှစွယ်စုံကျမ်းအရ ပီရူးနိုင်ငံရှိ၊ ကိုလံဘီးယန်းအနွယ်ဝင်များမတိုင်မီ ရှိခဲ့ကြသည့်သူများသည် ဘုန်းတော်ကြီး၏ရှေ့တွင် အပြစ်များကို ဝန်ခံကာ အာပတ်ဖြေခြင်းပြုလုပ်ပြီး နောက်အပြစ်များမှ လျော့ပေါ့စေခြင်းအလို့ငှာ မိမိတို့ကိုယ်ပိုင်အစီအစဉ်ဖြင့် ဥပုသ်ဆောက်တည် ကြရန် လိုအပ်ကြောင်း သိရှိရသည်။ ဓလေ့ထုံးစံအများအပြားတွင်မူ စိတ်ဆိုးနေသော နတ်ဘုရား များအား ချော့မော့ရန်အတွက် ရည်စူးပြီးလည်းကောင်း၊ သေဆုံးသွားသည်ဟု ယူဆသည့် နတ်ဘု ရားများ ပြန်လည်ရှင်သန်လာစေရန် ရည်စူးပြီးသော်လည်းကောင်း ဥပုသ်ဆောက်တည်ကြ သည်။
စာပေမတတ်ခင်ကာလများအတွင်း နေထိုင်ခဲ့ကြသူများနှင့် ရိုးရာကိုးကွယ်ယုံကြည်သူများခေတ်က Vision Quest ခေါ် ဝိညာဉ်ရေးအဆင့် တခုမှ နောက်တစ်ခု တက်လှမ်းရာ၌ ပြုလုပ်ရသော တကိုယ်တည်းဝိညာဉ်ရေးရှာဖွေခြင်းများ မပြုလုပ်မီနှင့် ပြုလုပ်နေစဉ်တွင် ဥပုသ်ဆောက်တည်ခြင်း အစဉ်အလာရှိခဲ့သည်။ ထိုသည့်ဓလေ့ကို အမေရိကန်မြောက်ပိုင်း လူနီများတွင်လည်းကောင်း၊ ပစိဖိတ်အနောက်မြောက်ဘက် ဒေသများတွင်လည်းကောင်း တွေ့နိုင်သည်။ ဆိုက်ဘေးရီးယား ဒေသမှ တန်ဂူးစ်ခေါ် အီဗန်ကီလူမျိုးများသည် ရိုးရာအမြင်အာရုံများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဥပုသ် ဆောက်တည်လေ့ရှိကြသည်။ အမေရိကား အနောက်မြောက်ဘက်မှ ပြူဘလိုအင်ဒီးယန်း များသည်လည်း ဥတုရာသီပြောင်းလဲသည့်အခါ ကျင်းပလေ့ရှိသော အခမ်းအနားကြီးများမတိုင်မီ ဥပုသ်ဆောက်တည်လေ့ရှိကြသည်။
အချုပ်
ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အားအမှန်တရားနှင့်တကွ ၀မ်းမြောက်ဖွယ် သတင်းပြောကြား သူအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော် သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ စင်စစ် သော်ကား သာသနာဝင်အုပ်စုတိုင်း၌ပင် သတိပေးနှိုးဆော်သူတစ်ဦး ပွင့်ရောက်ခဲ့သည်သာဖြစ်၏။
(ကျမ်းမြတ်ကုရ်အာန် ၃၅.၂၅)
ခရစ်ရှနား၊ ဗုဒ္ဓ၊ ရာမ၊ ဇိုရိုအေစတာ၊ ကွန်ဖြူးရှပ်စ်၊ ယေရှု၊ မောရှေ နှင့် အမေရိကန်တောင်၊ မြောက်ဘက်အရပ်များမှလည်းကောင်း၊ သြစတေးလျဒေသများမှလည်းကောင်း တမန်တော်များမှာ ဘုရားရှင်ထံတော်ပါးမှလာရောက်သော တမန်တော်များသာဖြစ်ကြပါသည်။ ထို့ကြောင့် သာသနာအားလုံး၏ ဘုံတူညီမှုကို မူရင်းအရင်းအမြစ်များမှတဆင့် ပြန်လည်စောကြောစစ်ဆေး ရန်မှာ ဖြစ်နိုင်ချေရှိသည့် ကိစ္စရပ်သာ ဖြစ်ပါသည်။
သို့သော် ကိုးကွယ်မှုပုံပန်းသဏ္ဌာန်များမှာမူ အသေးစိတ်ကိုလိုက်၍ ကွဲပြားမှုများရှိနိုင်ကြောင်းကို ကျမ်းမြတ်ကုရ်အာန်အရ သိရှိရသည်။
ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအဖို့ (ကိုးကွယ်ဆည်းကပ်ရန်) ပညတ်တရားတစ်ခုကို သတ်မှတ်ပြဋ္ဌာန်း၍ပေးတော်မူခဲ့ရာ ၎င်းတို့သည် ယင်းပညတ်တရားနှင့်အညီ ကိုးကွယ်ဆည်းကပ် လိုက်နာသူများ ဖြစ်ခဲ့ကြကုန်၏။သို့ဖြစ်ပေရာ (ဤသူတို့သည်) ယင်းအရေး ကိစ္စ၌ အသင်နှင့်ငြင်းခုံ ခြင်းကို မပြုကြရာချေ။ (ကျမ်းမြတ်ကုရ်အာန် ၂၂.၆၈)
အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ စတုတ္ထမြောက်ဦးစီးခေါင်းဆောင် ခလီဖတုလ်မဆီဟ်၏ ထင်ရှား ကျော်စောသော Revelation, Rationality, Knowledge and Truth စာအုပ်၊ The Concept of God among the Aborigines of Australia ခေါ် ဩစတေးလျ၏ မူရင်းလူသားများဖြစ်ကြသော အဘော်ရီဂျင်းများအကြား တည်ရှိခဲ့သည့် တစ်ဆူရှင်ဝါဒ အခန်းကဏ္ဍတွင် -
ဩစတေးလျမှာ တိုက်ငယ်တစ်ခုဖြစ်ပြီး ဓလေ့၊ လူမှုရေးနှင့် သာသနာရေးသမိုင်းများကို အနည်းဆုံး လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ခန့်အထိ ပြန်လည်လေ့လာသုံးသပ်နိုင်ကြောင်း၊ ပညာရှင်အများအ ပြားက ယင်းကို နှစ်ပေါင်း ၄၀၀၀ခန့် သို့မဟုတ် ထိုထက်ပို၍ ချဲ့ထွင်ခဲ့ကြကြောင်း၊ သို့သော် အချို့သော သုတေသီများကမူ လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ ခန့်ထိ ကြာမြင့်သော အတိတ်ကာလ များအတွင်း ကျိုးပျက်ခြင်း၊ ပုံပျက်ပန်းပျက်ဖြစ်နေခြင်းနှင့်၊ အနှောက်အယှက်တစ်စုံတစ်ရာ ရှိနေခြင်း စသည်များမှ ကင်းလွတ်နေသည့် သာသနာတိုးတက်ဖြစ်ထွန်းခြင်း သမိုင်းဖြစ်စဉ်ကို လေ့လာနိုင်သည်ဟု ဆိုကြကြောင်း ၊ ဩစတေးလျတိုက်ငယ်မှာ အခြားကမ္ဘာ့ဒေသမှများ လုံး၀ အဆက်ပြတ်နေပြီး တစ်သီးပုဂ္ဂလဖြစ်နေသည်သာမက၊ လူမှုရေးအနေအထားဖြင့် တည်သည့် ရာနှစ်ချီသည့် ကျွန်းများလည်းပါဝင်နေပြီး ထိုကျွန်းများပေါ်တွင်မူ တစ်စုနှင့်တစ်စု ကွဲပြားခြားနား နေသည့် အထီးတည်းသော လူမျိုးစုများ နေထိုင်ကြင်လည်ကြကြောင်း၊ လူမျိုးစုအကွဲပေါင်း ၅၀၀ မှ ၆၀၀ ခန့်အကြားတွင် သူတို့၏ကိုယ်ပိုင် လူမှုရေးသမိုင်းနှင့် သာသနာရေးဖွံ့ဖြိုးတိုးတက်မှု သမိုင်းများ အသီးသီးရှိနေကြကြောင်း၊ ထိုသမိုင်းဖြစ်စဉ်များမှာလည်း နှစ်ပေါင်း ၂၅၀၀ မှ ၄၀၀၀ ခန့်ထိ သက်တမ်းအတွင်း ဖြစ်ပျက်ခဲ့သည့် အချင်းအရာများဖြစ်ကြောင်း၊ ထိုလူမျိုးစုများမှာ နယ်နိမိတ်ထိစပ်နေသည့် နေရာဒေသများတွင် ရံဖန်ရံခါ ထိတွေ့ဆက်ဆံဖူးသည်မှအပ တစ်စုနှင့် တစ်စု လုံး၀ထိတွေ့ ဆက်ဆံဖူးခြင်းမရှိကြပဲ တကွဲတပြားစီ နေထိုင်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် ဩစတေးလျ၏ ယင်းသို့သော အမျိုးအမျိုးအပြားပြားဖြစ်နေခြင်းကပင် သုတေသန လုပ်ငန်းများအတွက် မြေဩဇာသဖွယ် အရင်းအမြစ်ကြီးဖြစ်နေပေတော့သည်။ ထိုအရင်းအမြစ်မှာ ကျွန်ုပ်တို့ လက်ရှိဆွေးနွေးနေသည့် အကြောင်းအရာနှင့်လည်း ဆက်စပ်နေပြီး အထူးသဖြင့် ထိုဒေသတွင် ဘုရားတစ်ဆူတည်းဝါဒထွန်းကားခဲ့သလော၊ မထွန်းကားခဲ့သဘောဆိုသည့် ကိစ္စရပ်အပေါ်တွင်ဖြစ်သည်။
အထက်တွင်ဖော်ပြပါရှိသော ကျမ်းမြတ်ကုရ်အာန်မုက္ခပါတ်တော်ကို ကိုးကားပြီး ပဉ္စမြောက် ခလီဖတုလ်မဆီဟ်က ၂၀၀၅ ခုနှစ် အောက်တိုဘာလ ၇ ရက်၊ သောကြာနေ့တွင် ဟောပြောတင် ပြခဲ့သော တင်ပြချက်၌ ရမဇာန်လမြတ်တွင် ထားရှိကြရမည့် တာဝန်၀တ္တရားများကို မီးမောင်း ထိုးပြခဲ့ပြီး ထိုတာဝန်၀တ္တရားများမှ ကျွန်ုပ်တို့၏ ဘ၀အသက်တာတွင် ဘုရားရှင်အား ကြောက်ရွံ့ ရိုကျိုးကြဖို့ မည်သို့ လမ်းပြသွန်သင်ပေးကြောင်း ဖော်ပြပါရှိသည်။
ပဉ္စမြောက် ခလီဖတုလ်မဆီဟ် မိန့်ကြားတော်မူခဲ့သည်မှာ -
ဤရမ်ဇာန်လမြတ်တွင် ကျွန်ုပ်တို့အနေဖြင့် ပြီးခဲ့သည့် ရမဇာန်လမြတ်က ကျွန်ုပ်တို့ရရှိခဲ့သည့် ဝိညာဉ်ရေးရာ တိုးတက်မြင့်မားမှုများကို ယခုရမ်ဇာန်လမြတ်အထိ ဆက်လက်ထိန်းသိမ်းနိုင်ခြင်း ရှိခဲ့၊ မရှိခဲ့ဟူသည့် ကိစ္စရပ်အပေါ်တွင် သုံးသပ်တုန့်ပြန်သွားကြဖို့ လိုအပ်ကြောင်း၊ ကျွန်ုပ်တို့အနေဖြင့် ပြီးခဲ့သည့်လမြတ်ရမ်ဇာန်မှ ရရှိခဲ့သော ကောင်းမြတ်သည့် ကိစ္စရပ်များကို မိမိတို့ထံပါးမှ လွင့်စင်မသွား စေဖို့ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ရှိမရှိ ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်ကြောင်း၊ အကယ်၍ ပြီးခဲ့သည့်ရမ်ဇာန်မှာ ကောင်းမြတ်သည့်ကိစ္စရပ်များ ရရှိခဲ့ခြင်းအား ဆက်လက်မထိန်း သိမ်း နိုင်ခဲ့ပါမူ (မိမိကိုယ်ပိုင်အတွက်) အကျိုးဖြစ်ထွန်းခြင်းမှာ အဘယ်မှာရှိတော့မည်နည်း၊ ယခုကျရောက်လာသည့် ရမ်ဇာန်မှလည်း မိမိတို့အနေဖြင့် မည်သည်ကို တိုးတက်အောင်မြင်ဖို့ရာ ရည်မှန်းမြှော်လင့်နေပါဦးမည်နည်း၊ အလ္လာဟ်အရှင်မြတ်က ဥပုသ်ဆောက်တည်ခြင်းကို ပြဌာန်းရခြင်းမှာ ကျွန်ုပ်တို့အနေဖြင့် အလ္လာဟ်အရှင်မြတ်၏ ပြဌာန်းထားသော ၀တ္တရားများကို စောင့်စည်းလိုက်နာမှု၌ တိုးတက်မြင့်မားလာစေနိုင်ဖို့နှင့် ဖြူစင်ဖြောင့်မတ်အပြစ်ရှောင်သူများ ဖြစ်လာနိုင်စေဖို့သာမက အလ္လာဟ်အရှင်မြတ်နှင့် ပိုမိုနီးကပ်လာစေဖို့ဖြစ်ကြောင်း၊ သို့သော် ကျွန်ုပ်တို့သည် စိတ်ပိုင်းနှင့် ဝိညာဉ်ရေးရာပိုင်း၌ တိုးတက်မြင့်မာလာခြင်းမရှိပါမူ အဘယ်ကဲ့သို့သော အခြေအနေဆိုက်ရောက်သွားမည်နည်း၊ အလ္လာဟ်အရှင်မြတ်က မှားယွင်းမှုသည် လူသားနှင့် ဒွန်တွဲနေသည်ဟု မိန့်တော်မူသည်မှာ မှားယွင်းစရာမရှိကြောင်း၊ ထို့ကြောင့် ကျွန်ုပ်တို့ မှာ ထိလွယ်ခိုက်လွယ်သူများဖြစ်ကြောင်း၊ ကျွန်ုပ်တို့အနေဖြင့် ပြီးခဲ့သည့်ရမ်ဇန်လမြတ်များမှ မည်သည့်အကျိုးကျေးဇူးကိုမျှ မရရှိခဲ့ဘဲ ကာလအကန့်အသတ်တစ်ခုအဖြစ်သာ အကျိုးကျေးဇူး ရရှိခဲ့ပြီးနောက် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားနိုင်ကြောင်း၊ ပြီးခဲ့သည့် ရမ်ဇန်တွင် မည်သို့သော အပြစ်ရှောင်ခြင်းတိုးတက်မှုများနှင့် သက္ကဝါတရားကို ပိုင်ဆိုင်ခဲ့သည်ဖြစ်စေကာမူ ယုံကြည်သူတစ်ဦးအဖို့မှာ ကျရောက်လာသည့် ရမ်ဇာန်တွင် ပြီးခဲ့သည့်ရမ်ဇာန်က ရရှိခဲ့သော ဝိညာဉ် ရေးရာအဆင့်အတန်းထက် ပိုမိုသည့် အဆင့်အတန်းတစ်ခု၊ သက္ကဝါနှင့် အပြစ်များမှ ရှောင်ကြဉ်နိုင် ခြင်းများ ကို ရယူပိုင်ဆိုင်နိုင်ရမည်ဖြစ်ကြောင်း။
ဒေါက်တာ ဇီယာ၊ အိပ်ခ်ျ ရှား၏ Religious History of fasting ကို မြန်မာပြန်ပါသည်။