Saturday, September 1, 2012

Muslims for Life 2012 : စက်တင်ဘာ ၁၁ ရက်နေ့ အောက်မေ့ဖွယ်အထိမ်းအမှတ် သွေးလှူဒါန်းပွဲ



ဧကန်စင်စစ် မည်သူမဆို အကြင်သူတစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏ အစားလည်း မဟုတ်ဘဲ၊ တိုင်းပြည်၌ ဆူပူသောင်းကျန်း (မှုကို ပြုလုပ်)ခြင်းကြောင့်လည်းမဟုတ်ဘဲ (မတရား သက်သက်) သတ်ဖြတ်ခဲ့ပါလျှင်၊ ထိုသူသည်လူခပ်သိမ်းတို့ကို သတ်ဖြတ်ဘိသကဲ့သို့ပင်ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို လူတဦးတယောက် ကို (အသက်ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းအား ဖြင့်) အသက်ရှင်စေခဲ့ပါမူ၊ ထိုသူသည်လူအပေါင်းတို့အား အသက်ရှင်စေဘိသကဲ့သို့ပင်ဖြစ်၏။ (အလ်ကုရ်အာန် ၅:၃၃)


မွတ်စလင်မ်များ၏ သွေးဖြင့် အသက်ကယ်မည်။

စက်တင်ဘာ ၁၁ ရက်နေ့ အောက်မေ့ဖွယ်အထိမ်းအမှတ် သွေးလှူဒါန်းပွဲကို ယမန်နှစ်ကအတိုင်း အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အစည်းကို ကြီးမှူး၍ အမေရိကန်နိုင်ငံတဝှမ်း စဉ်နွှဲသွားမည်ဖြစ်သည်။

ယမန်နှစ်က အမေရိကန်နိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့မှ သွေးအိတ်ပေါင်း ၁ သောင်းရရှိစေရန် ရည်ရွယ်၍ ၉/၁၁ အောက်မေ့ဖွယ် သွေးလှူဒါန်းမှုကို ဦးစီးကောက်ခံခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ အထူးအောင်မြင်မှုလည်း ရရှိခဲ့သည်။ အချက်အလက်များအရ ယမန်နှစ်က သွေးအိတ်ပေါင်း ၁ သောင်းထက် ကျော်လွန်ကာ ကောက်ခံရရှိခဲ့ကြောင်းသိရသည်။

ဂျော်ဂျီယာပြည်နယ်တစ်ခုတည်းတွင် သွေးအိတ်​ပေါင်း ၁၂၂၅ အိတ် ရရှိခဲ့သည်။ ဂျော်ဂျီယာပြည်နယ် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့က LifeSouth အဖွဲ့ ၊ ကြက်ခြေနီအဖွဲ့များ နှင့်ပူးပေါင်းကာ အခမဲ့လုပ်အား ပေးခြင်းဖြင့် သွေးလှူဒါန်းဌာနများကို ဖွင့်လှစ်ကောက်ခံခဲ့သည်။ ပူးပေါင်းပါဝင်ကူညီသူများနှင့် သွေးလှူဒါန်းခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်း ဂျော်ဂျီယာပြည်နယ် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့က ဖော်ပြထားသည်။

ဒုတိယအကြိမ်မြောက် Muslims for Life ဟုအမည်ပေးထားသည့် ၂၀၁၂ခုနှစ်၊ စက်တင်ဘာ ၁၁ အောက်မေ့ဖွယ် သွေးလှူဒါန်းမှုကို ဩဂုတ်လ ၁၁ ရက်မှစတင်ကာ သွေးလှူးဒါန်းဌာနများဖွင့်လှစ် ကောက်ခံလျက်ရှိသည်။ ထိုကောက်ခံမှုကို ၂၀၁၂ စက်တင်ဘာ ၁၁ အထိ ဆင်နွှဲသွားမည်ဖြစ်သည်။ ဂျော်ဂျီယာပြည်နယ်ရှိ ပထမဆုံးသော သွေးကောက်ခံဌာနကို ဩဂုတ်လ ၁၉ ရက်၊ ၂၀၁၂ တွင်ကျရောက်သော မွတ်စလင်မ်များ၏ ဝါကျွတ်အီးဒ်ပွဲတော်နေ့တွင် Lucky Shoals ပန်းခြံ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဂျော်ဂျီယာပြည်နယ်အတွင်းတွင် အခြားနေရာများ၌လည်း သွေးလှူဒါန်းဌာနများကို ဖွင့်လှစ်သွားမည်ဖြစ်သည်။ ဂျော်ဂျီယာပြည်နယ်အတွင်းရှိ သွေးလှူဒါန်းနိုင်သည့် ဌာနများမှာ အောက်ပါအတိုင်းဖြစ်သည်။


August 19th Lucky Shoals Park, 4651 Britt Road, Norcross, GA 30093 10a.m. to 3p.m.


  • August 22nd University of Georgia, Creswell Community, 415 Baxter St. Athens, GA, 30609 1p.m. to 7p.m.
  • August 22nd University of Georgia, Ramsey Center, 330 River Rd, Athens, GA, 30602 2p.m. to 6p.m.
  • August 24th Tanger Outlets, 800 Steven B Tanger Blvd, Suite 201, Commerce, GA 30529 2p.m. to 6p.m.
  • September 1-3rd Mall of Georgia, 3333 Buford Dr., Buford, GA, 30159 12p.m. to 5p.m.
  • September 1-3rd Town Center Mall, 400 Ernest W Barrett Pkwy NW, Kennesaw, GA 30144 12p.m. to 5p.m.
  • September 8, 9th Discover Mills Mall, 5900 Sugarloaf Pkwy, Lawrenceville, GA, 30043 1p.m. to 6p.m.
RED CROSS BLOOD DONATION CENTERS

August 11th to September 11th (Use M4LIFE Code) ALL of Georgia

Call 1-800-RED CROSS or visit http://www.redcrossblood.org/donation-centers/southern

အမေရိကန်နိုင်ငံတဝှမ်းရှိ Muslims for Life မှကြီးမှူးကောက်ခံနေသော သွေးလှူဒါန်းနိုင်သည့် ဌာနများထဲမှ မီယာမီနှင့် ဖလော်ရီဒါပြည်နယ်များအတွင်းရှိ ဌာနများစာရင်းကို http://www.amcmiami.info/home/muslims-for-life တွင် လေ့လာနိုင်ပါသည်။


ပဉ္စမမြောက်ခလီဖတုလ်မဆီဟ် ၊ ဟာဇရသ်မီရ်ဇာ မဆ်ရူးရ်အဟ်မဒ်၏ ဝါရှင်တန်ဒီစီ၊ ကပ္ပီတဲလ်တောင်ကုန်းတွင် တင်ပြခဲ့သော မိန့်ခွန်း



ငြိမ်းချမ်းရေးလမ်း - ကမ္ဘာ့နိုင်ငံများအကြား ဆက်ဆံရေး


ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ဦးစီးခေါင်းဆောင် ပဉ္စမမြောက်ခလီဖတုလ်မဆီဟ် ၊ ဟာဇရသ်မီရ်ဇာ မဆ်ရူးရ်အဟ်မဒ်၏ ဝါရှင်တန်ဒီစီ၊ ကပ္ပီတဲလ်တောင်ကုန်းတွင် တင်ပြခဲ့သော မိန့်ခွန်း

ဇွန်လ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်

အတ်စလာမို့အလိုက်ကွမ်း ၀ရာဟ်မသွလ္လာဟ် ၀ဘရကာတိုဟု

ဂုဏ်သရေရှိ လူကြီးမင်းများအားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ငြိမ်းချမ်းခြင်းနှင့် ကောင်းချီး မင်္ဂလာအဖြာဖြာ ကျရောက်ပါစေ။

ဒီလို ထူးကဲလှတဲ့အခွင့်အခါမှာ ကျွန်တော်အနေနဲ့ တစုံတရာမပြောကြားမီ အချိန်ပေးပြီး လာရောက်နား သောတဆင်ကြတဲ့ ပရိသတ်ကို ကျေးဇူးတင်ရှိပါကြောင်း ကနဦး ပြောကြားလိုပါတယ်။
  
ကျွန်တော့်ကို အလွန်တရာကြီးမားကျယ်ပြန့်လှတဲ့ အကြောင်းအရာနဲ့ပတ်သတ်ပြီး တင်ပြပေးဖို့ မေတ္တာရပ် ခံထားကြပါတယ်။
အဲဒီအကြောင်းအရာမှာ ရှုထောင့်များစွာရှိနေတာကြောင့် အဲဒီရှုထောင့်တွေအားလုံးကို ရရှိထားတဲ့ အချိန်တို အတွင်းမှာ တင်ပြဖို့ မဖြစ်နိုင်ပါဘူး။

ကျွန်တော့်ကို တင်ပြပေးဖို့ မေတ္တာရပ်ခံထားတဲ့ အကြောင်းအရာကတော့ ကမ္ဘာ့ငြိမ်းချမ်းရေး အခြေပြု စတင် နိုင်ဖို့ဆိုတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။

ဒီအကြောင်းအရာကတော့ ယနေ့ကမ္ဘာပေါ်မှာ အဓိကအကျဆုံးနဲ့ အာရုံစူးစိုက်မှုအခံရဆုံး ပြဿနာရပ် လည်း ဖြစ်နေပါတယ်။
အချိန်က အကန့်အသတ်ရှိနေပေမယ့်လည်း ကျွန်တော့်အနေနဲ့ နိုင်ငံအချင်းချင်း တရားမျှတစွာ၊ သာတူညီမျှစွာ ဆက်ဆံကြခြင်းအားဖြင့် ငြိမ်းချမ်းရေးကို စတင်အခြေပြုနိုင်မယ့်အကြောင်း အစ္စလာမ့် ရှုထောင့်ကနေ အတိုချုန်း တင်ပြသွားပါ့မယ်။

ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုတို့က ခွဲခြားမရစကောင်းပါဘူး။ ငြိမ်းချမ်းရေးရှိပြီး တရားမျှတမှုပျောက် နေတာမျိုးလည်း မဖြစ်နိုင်သလို တရားမျှတမှုရှိရင်းနဲ့မှ ငြိမ်းချမ်းရေးပျောက်ဆုံးနေတာမျိုးလည်း မရှိနိုင်ပါဘူး။

အမြော်အမြင်တရားနဲ့ ပြည့်စုံတဲ့ ထက်မြက်သူတွေအားလုံးက ဒီနည်းနာကို သဘောပေါက် နားလည်ကြပါတယ်။

ကမ္ဘာပေါ်မှာ မငြိမ်မသက်မှုတွေ ဖန်တီးကြဖို့ စိတ်ဇောထက်သန်နေသူတွေကို တစ်ဘက်မှာ ထားကြည့် လိုက်ပါမယ်။ နိုင်ငံတစ်နိုင်ငံချင်းစီမှာပဲဖြစ်ဖြစ်၊ ကမ္ဘာကြီးတစ်ခုလုံးမှာပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းမှာ မဆို မငြိမ်မသက်ဖြစ်ပြီး ငြိမ်းချမ်းရေးပျောက်ဆုံးနေပေမယ့် တရားမျှတမှုနဲ့ သာတူညီမျှဆက်ဆံမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်လို့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ တင်ပြပြောဆိုနိုင်မယ် မဟုတ်ပါ။

ဘယ်လိုပဲရှိနေပါစေ၊ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့နေရာတော်တော်များများမှာ မငြိမ်မသက်မှုတွေ၊ ငြိမ်းချမ်း ရေးကင်းမဲ့မှုတွေဟာ အများအပြားဖြစ်ပေါ်နေတယ်ဆိုတာကို တွေ့ရှိနေရပါတယ်။

ဒီလိုမျိုး မငြိမ်မသက်မှုတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံနဲ့ အခြားတစ်နိုင်ငံ ဆက်ဆံကြတဲ့ နိုင်ငံခြားရေးမူဝါဒတွေမှာပဲဖြစ်ဖြစ် တွေ့မြင်နေရပါတယ်။

နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင် အစိုးရတွေအားလုံးကတော့ တရားမျှတမှုအပေါ်မှာ အခြေခံပြီး နိုင်ငံတော်ရဲ့မူဝါဒတွေကို ပြုလုပ်ဆောင်ရွက်နေတာပါလို့ ဆိုနေကြပေမယ့် ဒီလိုမျိုး မငြိမ်မသက်မှုတွေ ခါးသီးမှုတွေက ရှိနေဆဲဖြစ်ပါတယ်။ ဒီလိုပါပဲ၊ ငြိမ်းချမ်းရေးအခြေပြုစတင်နိုင်ဖို့က မိမိတို့ရဲ့ အဓိက ရည်ရွယ်ချက်ပါလို့လည်း အားလုံးကဆိုနေကြပါတယ်။ 

ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ကမ္ဘာပေါ်မှာ ကြောင့်ကြမှုတွေ၊ စိုးရိမ်သောကတွေ တိုးတက်ဖြစ် ထွန်းလာတာနဲ့အမျှ မငြိမ်မသက်မှုလည်း ပျံ့နှံ့နေရတယ်ဆိုတာကိုတော့ သံသယသေးသေးကလေး ဖြစ်ဖြစ် ရှိနေကြရပါတယ်။ ဒါကြောင့် ဒီဖြစ်ရိုးဖြစ်စဉ်တစ်လျောက်ရဲ့ နေရာတစ်ခုမှာတော့ တရားမျှတမှုအခြေခံ လိုအပ်ချက်ကို ဖြည့်ဆီးဆောင်ရွက်ခြင်း ကင်းမဲ့နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းကြီး သက်သေပြု ဖော်ပြနေပါတယ်။

ဒါကြောင့် မတရားမှုတွေကို ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မျိုးမှာပဲဖြစ်ဖြစ် အဆုံးသတ်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။
ဒါကြောင့် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်တစ်ဦးအနေနဲ့ တရားမျှတမှု အပေါ်မှာ အခြေခံတဲ့ ငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင်ဆောင်ရွက်ဖို့ လိုအပ်တဲ့ အကြောင်းနဲ့ နည်းလမ်း တွေကို အနည်းငယ်စိစစ်တင်ပြသွားလိုပါတယ်။ 

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကတော့ သာသနာရေးဆိုင်ရာ သီးသန့်အဖွဲ့ပဲဖြစ်ပါတယ်။

အစ္စလာမ့်သွန်သင်ချက်အစစ်အမှန်အရ ကမ္ဘာလောကကြီးကို အလင်းရောင်ပေးမယ့် ယနေ့ခေတ် အခါသမယအတွက် ကြွရောက်လာဖို့ ရှိနေတဲ့ မဆိဟ်နဲ့ ပြုပြင်ပြောင်းလဲရေး ပုဂ္ဂိုလ်ဟာ ကြွရောက်လာပြီး ဖြစ်တယ်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ခိုင်ကျည်တဲ့ သက်ဝင်ယုံကြည်ချက်ပဲ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ရဲ့ အသင်းအဖွဲ့ကြီးကို စတင်အခြေပြုတည်ထောင်သူ ကာဒီယံမြို့သား ဟာဇရသ်မီရ်ဇာ ဂူလာမ် အဟ်မဒ်ကတော့ ကတိတော်အရပွင့်ပေါ်လာတဲ့ မဆီဟ်နဲ့ ပြုပြင်ပြောင်းလဲရေး ပုဂ္ဂိုလ်မွန် ပဲ ဖြစ်တာကြောင့် ကျွန်တော်တို့က သခင်ကြီးကို လက်ခံနောက်လိုက်ကြပါတယ်။

သခင့်ရဲ့ သွန်သင်ချက်တွေအပေါ်မှာ ကျွန်တော်တို့အားလုံးက ပြုမူနေထိုင်ကျင့်ကြံကြသလို အဲဒီ သွန်သင်ချက် ကြောင့်ပဲ ကျမ်းတော်မြတ် ကုရ်အာန်အပေါ်မှာ အခြေတည်တဲ့ အစ္စလာမ်သာသနာ တော်ရဲ့ စစ်မှန်တိကျတဲ့ လမ်းညွှန်ချက်တွေကို ဖြန့်ချိပါတယ်။

ဒါကြောင့် ကျွန်တော်တင်ပြမယ့် ငြိမ်းချမ်းရေး အခြေတည်အစပြုနိုင်မယ့်အကြောင်းတွေနဲ့၊ တရားမျှတမှုရှိတဲ့ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ အကြောင်းအရာတွေအားလုံးကတော့ ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင်ချက် တွေအပေါ်မှာသာ အခြေခံလိမ့်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ခင်ဗျားတို့အားလုံးဟာ ခင်ဗျားတို့ရဲ့ အမြင်တွေကို မကြာခဏဖော်ပြကြ သလို ကြီးမားတဲ့ အင်အားစိုက်ထုတ်မှုတွေလည်း ပြုလုပ်ကြပါတယ်။

ခင်ဗျားတို့ရဲ့ ဖန်တီးမှုအားကောင်းပြီး အမြော်အမြင်နဲ့ပြည့်စုံတဲ့ စိတ်ကူးစိတ်သန်းတွေက အထူးကောင်းမွန်တဲ့ အကြံပေးမှုတွေ၊ အစီအစဉ်တွေသာမက ငြိမ်းချမ်းရေးအမြင်တွေကိုပါ မွေးထုတ်ပေးစမြဲပါ။

ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး လောကီရေး ဒါမှမဟုတ် နိုင်ငံရေး ရှုထောင့်ကနေ တင်ပြပြောဆိုဖို့ မလိုအပ်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ အာရုံစူးစိုက်မှု အားလုံးကို သာသနာရေးရာရှုထောင့်ကနေ ငြိမ်းချမ်းအရေးအခြေပြုစတင်နိုင်ဖို့ ဆိုတဲ့အပေါ်မှာသာ အခြေခံသွားပါ့မယ်။

ဒါ့အပြင် သာသနာရေးရှုထောင့်ကနေ တင်ပြသွားမှာ ဖြစ်တဲ့အတွက် ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင် ချက်တွေအပေါ်မှာအခြေခံပြီး အရေးပါလှတဲ့ လမ်းညွှန်ချက်တွေကို ထုတ်နုတ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

လူသားတွေရဲ့ ဗဟုသုတနဲ့ ဉာဏ်စဉ်တွေဟာ လုံး၀ဥဿုံပြီးပြည့်စုံမှုမရှိဘူးဆိုတာ အမြဲမှတ်သားထားရမှာ ဖြစ်သလို အဲဒီလူသားဗဟုသုတနဲ့ ဉာဏ်စဉ်တွေမှာ အကန့်အသတ်တွေ ရှိနေပါတယ်။

ဒါကြောင့် ဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ အတွေးအခေါ်ပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ် အချို့သော အကြောင်းချင်းရာတွေဟာ လူသားတွေရဲ့ စိတ်ထဲကို မကြာခဏဝင်ရောက်လာ တာကြောင့် တစ်စုံတစ်ခုနဲ့ ပတ်သတ်ပြီး အဆုံးအဖြတ်ပြုလုပ်ကြတဲ့အခါ လူသားတွေရဲ့ (စိတ်ဝိညာဉ်ကို) တိမ်သလာဖုန်းလွှမ်း သွားစေနိုင်သလို၊ မိမိရဲ့ ပုဂ္ဂလအကျိုးအတွက် ရည်စူးဆောင်ရွက်တဲ့ လုပ်ဆောင်မှုတွေလည်း ဖြစ်ပေါ်သွားစေ နိုင်ပါတယ်။

အဆုံးမှာတော့ ဒီလိုဆောင်ရွက်မှုတွေကနေ တရားမျှတမှုကင်းတဲ့ ရလဒ်တွေ၊ အဆုံးအဖြတ်တွေသာ ထွက်ပေါ် လာနိုင်ပါတယ်။

ဒါပေမယ့် ဘုရားရှင်ရဲ့ ဥပဒေသကတော့ လုံး၀ဥဿုံ ပြီးပြည့်စုံသလို တသီးပုဂ္ဂလအကျိုးဖြစ်ထွန်း ရေး အတွက် သာ အခြေခံထားတာ မဟုတ်ဘဲ တရားမျှတမှုကင်းတဲ့ကိစ္စရပ်တွေအတွက် အထောက်အပံ့လည်း ရှိမနေပါဘူး။

ဘာကြောင့်လဲဆိုရင်တော့ ဘုရားရှင်ဟာ သူ့ရဲ့ဖန်ဆင်းမှုတွေကို ကောင်းမွန်မှုနဲ့ တိုးတက်ဖြစ်ထွန်း ခြင်းတွေ အပေါ်မှာသာ ဆန္ဒရှိတော်မူတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လဲ သူ့ရဲ့ ဥပဒေသက တရားမျှတမှု အပေါ်မှာသာ လုံး၀အခြေခံထားခြင်း ဖြစ်ပါတယ်။

ဒီလို အဓိကကျတဲ့ အရေးကြီးဆုံမှတ်ကိုသာ လူတွေနားလည်သဘောပေါက်သွားကြမယ်ဆိုရင်တော့ အဲဒီနေ့ မှာပဲ စစ်မှန်ပြီး ထာ၀ရတည်မြဲမယ့် ငြိမ်းချမ်းရေးအုတ်မြစ်ကို အခြေချသွားနိုင်မှာ ဖြစ်ပါတယ်။

ဒါမှမဟုတ်ရင်တော့ ကမ္ဘာ့ငြိမ်းချမ်းရေး အခြေပြုစတင်ဖို့ရာအတွက် အင်အားစိုက်မှုတွေ အဆုံးမရှိပြုလုပ် နေကြပေမယ့်လည်း၊ အဲဒီလိုကျိုးပမ်းနေကြသူတွေအနေနဲ့ ထိုက်တန်တဲ့ ရလဒ်တွေ ရရှိအောင် မစွမ်းဆောင် နိုင်ကြဘူးဆိုတာကို ကျွန်တော်တို့တတွေ ဆက်လက်တွေ့ရှိနေကြရပါလိမ့်မယ်။ 


ပထမကမ္ဘာစစ်အပြီးမှာတော့ အချို့သောတိုင်းပြည်ခေါင်းဆောင်ကြီးတွေဟာ အနာဂတ်မှာ ကမ္ဘာ့နိုင်ငံများ အားလုံးအကြား ကောင်းမွန်ပြီး ငြိမ်းချမ်းတဲ့ အဆက်အဆံကိုသာ ဆန္ဒရှိခဲ့ကြပါတယ်။ 

ဒါကြောင့်လည်း ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိဖို့ "နိုင်ငံပေါင်းချုပ်အသင်းကြီး" ကို ဖွဲ့စည်း တည်ထောင်ခဲ့ကြပါတယ်။

အသင်းကြီးရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းပြီး အနာဂတ်မှာ ဖြစ်လာမယ့် စစ်ပွဲတွေ ကို ကာကွယ်သွားဖို့ ဖြစ်ပါတယ်။

ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ အသင်းကြီးရဲ့ အခြေခံဥပဒေတွေနဲ့ ပြဿနာရပ်တွေအပေါ် အဖြေထုတ် ပေးမှုတွေမှာ မှားယွင်းမှုတွေ၊ အားနည်းချက်တွေ ပါဝင်နေတာကြောင့် အသင်းကြီးက လူတွေအားလုံးရဲ့ အခွင့်အရေးတွေ၊ နိုင်ငံအားလုံးရဲ့ အခွင့်အရေးတွေကို တန်းတူညီမျှ အကာအကွယ် မပေးနိုင်ခဲ့ပါဘူး။

ဒါကြောင့်လည်း နိုင်ငံတစ်နိုင်ငံပြီးတစ်နိုင်ငံ အသင်းကြီးကနေ နုတ်ထွက်သွားခဲ့ကြပါတယ်။

တရားမျှတမှုမရှိခဲ့ခြင်းကြောင့်ပဲ တာရှည်ခံတဲ့ ငြိမ်းချမ်းရေးကို ထုတ်ဖော်ဆောင်ရွက်ခြင်း မရှိနိုင်ခဲ့ ပါဘူး။

နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ အင်အားစိုက်ထုတ်ကျိုးပမ်းမှုတွေ ကျဆုံးခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကို တိုက်ရိုက်ဦး တည်သွားခဲ့ပါတော့တယ်။

ဥပမာပေးဖို့တောင်မဖြစ်နိုင်တဲ့ အပျက်အစီးတွေ၊ ဆုံးရှုံးမှုတွေဟာ အပြစ်မဲ့ပြည်သူလူထုအများစုကြီး ထံ တိုက်ရိုက်သက်ရောက်စေခဲ့တယ်၊ ကမ္ဘာအနှံအပြားက ၇၅ မီလီယံရှိတဲ့ လူထုကြီး သေပွဲဝင်ခဲ့ရတယ်ဆိုတာ ကျွန်တော်တို့အားလုံး ကောင်းကောင်း သိရှိထားကြပါတယ်။

ဒီလို ကမ္ဘာစစ်ကြီးမျိုးမှာ လောကကြီးရဲ့ စက္ခုအာရုံကို ဖွင့်လှစ်ပေးနိုင်ဖို့ရာ လုံလောက်တာ ထက်တောင် ပိုမိုတဲ့ အစွမ်းရှိသင့်နေပါတယ်။ 

အဲဒီအစွမ်းကနေ လူ့အဖွဲ့အစည်းအားလုံးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့၊ အမြော်အမြင်နဲ့ပြည့်စုံတဲ့ ပေါ်လစီတွေ ဖြစ်ထွန်းလာစေနိုင်ရမယ်၊ ကမ္ဘာ့ ငြိမ်းချမ်းရေးကို အခြေပြုစတင်နိုင်ဖို့ ရာအတွက် အဲဒီပေါ်လစီတွေဟာလည်း တရားမျှတမှုအပေါ်မှာသာ အခြေခံထားရမယ်။

အဲဒီအချိန်မှာ ရှိခဲ့ကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကတော့ ငြိမ်းချမ်းရေးစတင်နိုင်ဖို့ အခြေအနေတစ်ရပ် အထိ အင်အားစိုက်ထုတ်ကျိုးပမ်းခဲ့ကြတာကြောင့် ကမ္ဘာ့ကုလသမ္မဂ္ဂဆိုပြီး ဖြစ်တည်လာခဲ့ပါတယ်။

ဒါပေမယ့် မကြာမြင့်မီ ကာလအတွင်းမှာပဲ ကမ္ဘာ့ကုလသမ္မဂ္ဂကို အထောက်အပံ့ပေးမယ့် ဘက်ပေါင်းစုံပြီး ပြည့်စုံတဲ့ ရည်ရွယ်ချက်တွေကို ဖြည့်ဆီးဆောင်ရွက်မှု မရှိနိုင်ခဲ့ဘူးဆိုတာကို ပေါ်ပေါ်လွင်လွင်ပဲ တွေ့ရှိလာ ရပါတယ်။

ယနေ့မှာတော့ အချို့သောအစိုးရအဖွဲ့တွေဟာ ကမ္ဘာ့ကုလသမ္မဂ္ဂရဲ့ အားနည်းချက်တွေကို သက်သေပြနိုင်တဲ့ ကြေငြာစာတမ်းတွေ ထုတ်ပြန်လာကြပါတော့တယ်။

ငြိမ်းချမ်းရေးအခြေပြုစတင်နိုင်မယ့် တရားမျှတမှုအပေါ်အခြေခံတဲ့ နိုင်ငံတကာဆက်ဆံရေးနည်းနာ နဲ့ပတ်သတ်ပြီး အစ္စလာမ်က ဘယ်လိုတင်ပြထားပါသလဲ ?

ကျမ်းမြတ်ကုရ်အာန် ကဏ္ဍတော် ၄၉၊ မုက္ခပါတ်နံပါတ်စဉ် ၁၄ မှာ အနန္တတန်ခိုးတော်ရှင် ဘုရားသခင်က နိုင်ငံအသီးအသီး၊ လူမျိုးစုအသွယ်သွယ်ကွဲပြားနေကြရတာဟာ တစ်ဦးနဲ့ တစ်ဦး ကွဲကွဲပြားပြားမှတ်မိသိရှိနေဖို့၊ (identity ရှိနေဖို့) အတွက်သာဖြစ်ပြီး အဲဒီလိုကွဲပြားနေမှုကြောင့် လူအုပ်စုတစ်ခုဟာ အခြားအုပ်စုထက် သာလွန်နေတာမျိုး၊ အင်အားကြီးထွားနေတာမျိုး စတဲ့ပုံစံတွေ လုံး၀မတည်ရှိကြောင်း ရှင်းရှင်းလင်းလင်း မိန့်ကြားလမ်းညွှန်တော်မူထားပါတယ်။ 

လူသားအားလုံးဟာ တန်းတူညီမျှ မွေးဖွားခံခဲ့ရကြောင်းကို ကျမ်းမြတ်ကုရ်အာန်က ရှင်းရှင်းလင်း ဖော်ပြပါ တယ်။ 

ဒါ့အပြင် တမန်တော်မြတ်မုဟမ္မဒ် (သခင့်အပေါ် ငြိမ်းချမ်းခြင်း သန္တိသုခအဖြာဖြာ သက်ရောက်ပါစေ) သခင်ရဲ့ နောက်ဆုံးသော ဟောပြောတင်ပြချက်မှာလည်း သခင်က အာရပ်တစ်ဦးဟာ အာရပ်မဟုတ်သူတစ်ဦးထက် သာလွန်ခြင်းမရှိသလို အာရပ်မဟုတ်သူတစ်ဦးကလည်း အာရပ်တစ်ဦး ထက်သာလွန်မနေဘူးဆိုတဲ့အကြောင်း အမြဲအမှတ်ရနေဖို့ရာ မွတ်စလင်မ်တွေကို လမ်းညွှန်မှာ ကြားတော်မူခဲ့ပါတယ်။

သခင်ကြီးက အသားဖြူတစ်ယောက်ဟာ အသားမဲတစ်ယောက်ထက် ဘယ်လိုမှ သာလွန်မြင့်မြတ်ခြင်း မရှိသလို အသားမဲတစ်ယောက်ကလည်း အသားဖြူတစ်ယောက်ထက် သာလွန်မြင့်မြတ်ခြင်းမရှိဘူးဆိုပြီးတော့လည်း သွန်သင်တော်မူခဲ့ပါတယ်။

ဒါ့ကြောင့် နိုင်ငံအသီးသီးက လူမျိုးစုအသွယ်သွယ်ဟာ တစ်စုနဲ့တစ်စု သာတူညီမျှသာဖြစ်တယ်ဆို တာကို ဒီသွန်သင်ချက်တွေက ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။

ဒါတွင်မကသေးဘဲ လူသားအားလုံးဟာ ခွဲခြားဆက်ဆံခံရမှု၊ တရားမမျှတတဲ့အဆုံးအဖြတ်စတာတွေ လုံး၀ဥဿုံ ကင်းစင်တဲ့ သာတူညီမျှအခွင့်အရေးကို ခံစားရရှိစေရမယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း လမ်းညွှန်ထား ပါတယ်။

ဒီလမ်းညွှန်ချက်တွေကတော့ ကွဲပြားတဲ့အုပ်စုတွေ၊ နိုင်ငံတွေအတွက် တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းတဲ့ စိတ်ဓာတ်အခြေခံအုတ်မြစ် အတွက် သော့ချက်တွေ၊ ရွှေရောင်လွှမ်းတဲ့ နည်းနာတွေပဲဖြစ်သလို ဒီနည်းနာတွေ ဟာ ငြိမ်းချမ်းရေးအခြေပြုစတင်နိုင်တဲ့ အခြေခံအုတ်မြစ်တွေလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ယနေ့ကာလများမှာတော့ အင်အားကြီးနဲ့ အင်အားနည်းနိုင်ငံများအကြား ကွဲပြားခြားနားချက်တွေ ၊ အတားအဆီးအကာအရံတွေ ရှိနေတာကို ကျွန်တော်တို့ တွေ့ရှိနေရပါတယ်။

ဥပမာ - ကမ္ဘာ့ကုလသမ္မဂ္ဂမှာ အချို့သောနိုင်ငံများအတွက် ကွဲပြားတဲ့ ဂုဏ်ထူးဝိသေသတွေ ရှိနေတာကို ကျွန်တော်တို့ တွေ့ရှိနေရပါတယ်။

ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေနဲ့ ယာယီအဖွဲ့ဝင်နိုင်ငံများဆိုပြီးတော့ ရှိပါတယ်။ 

ဒီလိုမျိုး ခွဲခြားထားမှုကတော့ စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်ပျက်အားလျော့မှုအကျဉ်းအကျပ်တွေ အတွက် အတွင်းပိုင်းဆိုင်ရာ အရင်းအမြစ်အင်အားတွေဖြစ်ကြောင်း သက်သေပြနေပါတယ်။ ဒါကြောင့်လည်း အချို့သောနိုင်ငံများက ဒီလိုမမျှမတဖြစ်နေမှုအပေါ် ဆန့်ကျင်တဲ့အကြောင်း ဖော်ပြချက်တွေကို ကျွန်တော်တို့ မကြာခဏကြားသိနေကြရပါတယ်။

အစ္စလာမ်သာသနာတော်ကတော့ အကြောင်းကိစ္စအားလုံးမှာ လုံး၀ဥဿုံတရားမျှတဖို့နဲ့ သာတူညီမျှဖြစ်ဖို့ကို သွန်သင်ထားပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ အခြားသော အရေးကြီးတဲ့သွန်သင်ချက်တစ်ခုကို ကျမ်းမြတ်ကုရ်အာန် ကဏ္ဍတော် ၅၊ မုက္ခပါတ်တော် နံပါတ်စဉ် ၃ မှာ တွေ့ရှိလေ့လာနိုင်ပါတယ်။

အဲဒီမုက္ခပါတ်တော်မှာ ဖော်ပြထားတာက တရားမျှတမှုလိုအပ်ချက်အရ မလိုမုန်းထား ရန်လိုမှုတွေမှာ အကန့်အသတ်မဲ့ကျူးလွန်နေကြသူတွေကိုတောင် သာတူညီမျှစွာ၊ တရားမျှတစွာ ဆက်ဆံကြရမယ့် အကြောင်း ဖော်ပြထားပါတယ်။

ဒါ့ပြင် ဘယ်သူတစ်ဦးတစ်ယောက်က မဆို၊ ဘယ်နေရာ၊ ဘယ်နေအထားမှာပဲဖြစ်ဖြစ် ကောင်းမှုကုသိုလ် ဘက်ကို ဆွဲဆောင်တင်ပြလာရင် လက်ခံသင့်တဲ့အကြောင်း သွန်သင်ထားသလို၊ ဘယ်သူတစ်ဦးတစ်ယောက်က မဆို၊ ဘယ်နေရာ၊ ဘယ်နေအထားမှာပဲဖြစ်ဖြစ် မတရားမှုနဲ့ အကုသိုလ်အမှုတွေကို ဆွဲဆောင်တင်ပြလာရင် တော့ ငြင်းဆန်ပယ်ချသင့်ကြောင်း သွန်သင်ထားပါတယ်။

အစ္စလာမ်က သွန်သင်ပြဌာန်းတဲ့ တရားမျှတမှုရဲ့ စံပုံစံက ဘယ်လိုရှိသလဲဆိုတာကတော့ သဘာ၀အတိုင်း မေးလာနိုင်တဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန် ကဏ္ဍတော် ၄ ၊ မုက္ခပါတ်နံပါတ်စဉ် ၁၃၆ မှာတော့ မည်သူတစ်ဦးတစ်ယောက်မဆို မိမိဆန္ဒနဲ့ဆန့်ကျင်၍ဖြစ်စေ၊ မိမိမိဘများနဲ့ ဆန့်ကျင့်၍ဖြစ်စေ၊ မိမိရဲ့ အချစ်ခင်အနှစ်သက်ဆုံးသော သူများနဲ့ ဆန့်ကျင်၍ဖြစ်စေ အမှန်တရားအတွက် သက်သေခံရမယ်ဆိုရင် သက်သေခံများအဖြစ် ရပ်တည်ရမယ့် အကြောင်း၊ အဲဒီလိုသက်သေခံခြင်းဖြင့် တရားမျှတမှုနဲ့ အမှန်တရားတို့ကို လက်ဆုပ်လက်ကိုင်ပြုခြင်း မည် ကြောင်း ဖော်ပြလမ်းညွှန်ထားပါတယ်။

အင်အားကြီးပြီး ချမ်းသာတဲ့နိုင်ငံတွေဟာ အင်အားနည်းပြီး ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အခွင့်အရေးရပိုင်ခွင့်တွေကို မိမိတို့ကိုယ်ပိုင် အခွင့်အရေးတွေ တာရှည်ခံဖို့ ရည်ရွယ်ပြီး တားဆီးပိတ်ပင်ဖို့ မသင့်သလို မိမိတို့ထက် ပိုပြီးဆင်းရဲတဲ့ နိုင်ငံတွေအပေါ်မှာ တရားမျှတမှုကင်းစွာ အဆက်အဆံပြုလုပ်ကြဖို့လည်း မသင့်လျော်ပါဘူး။

ဒီလိုပါပဲ၊ အင်အားနည်းပြီး ဆင်းရဲတဲ့နိုင်ငံတွေကလည်း အင်အားကြီးပြီး ချမ်းသာတဲ့နိုင်ငံများကို ထိခိုက်စေမယ့် အချင်းကိစ္စရပ်တွေကို အခွင့်အရေးရတိုင်း ရှာဖွေဆောင်ရွက်နေကြဖို့လည်း မသင့်လျော်ပါဘူး။

ဒီလိုပြုလုပ်နေကြမယ့်အစား အင်အားကြီးရော အင်အားနည်းနိုင်ငံများကပါ တရားမျှတမှုအခြေခံ နည်းနာတွေအတိုင်း လိုက်နာကျင့်သုံးနိုင်ဖို့ လုံလစိုက်ကျိုးပမ်းနေသင့်ပါတယ်။ ဒါကပဲ နိုင်ငံများအကြား အဆက်အဆံမှာ ငြိမ်းချမ်းရေးတာရှည်ခံဖို့ အလွန်ရေးကြီးလှတဲ့ အကြောင်းကိစ္စတစ်ရပ်ပဲ ဖြစ်ပါတယ်။

နိုင်ငံများအကြား ငြိမ်းချမ်းစွာ အဆက်အဆံပြုလုပ်နိုင်ကြဖို့ရာ အခြားသော လိုအပ်ချက်တစ်ခုကို ကျမ်းမြတ် ကုရ်အာန် ကဏ္ဍတော် ၁၅၊ မုက္ခပါတ်တော် နံပါတ်စဉ် ၈၉ မှာ ဖော်ပြထားပြန်ပါတယ်။ အဲဒီမုက္ခပါတ်တော်မှာပဲ မည်သည့်အုပ်စုကမှ အခြားအုပ်စုတစ်ခုခုရဲ့ ချမ်းသာကြွယ်၀မှုတွေနဲ့ အခြေခံအရင်းအမြစ်တွေအပေါ်မှာ မနာလိုဝန်တိုစိတ်၊ ရလိုဇောရမက်တွေနဲ့ မကြည့်ရှုကြဖို့ လမ်းညွှန်ထားပါတယ်။ 

ဒီလိုပါပဲ၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ အခြားနိုင်ငံတစ်နိုင်ငံကို အပြင်ပန်းမှာ အကူအညီပေးသလို သဘောမျိုးသက် ရောက်နေပေမယ့် တရားမျှတမှုကင်းနေပြီး၊ ဆိုးရွားတဲ့ရည်ရွယ်ချက်တွေနဲ့ အကူအညီအထောက်အပံ့ပေးပြီး အဲဒီနိုင်ငံက အရင်းအမြစ်သယံဇာတတွေကို ရယူဖို့အတွက်လည်း ရှာဖွေကျိုးပမ်းမနေသင့်ပါဘူး။

ဒါကြောင့် အစိုးရအဖွဲ့အစည်းတွေအနေနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမှုတွေကို အခြေခံပြီး အခြားနိုင်ငံတစ်နိုင်ငံအပေါ်မှာ တရားမမျှတတဲ့ ကုန်သွယ်ရေးသဘောတူညီမှုတွေ၊ စာချုပ်စာတမ်းတွေနဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်ဖို့ မပြုလုပ်သင့်ပါဘူး။

ဒီလိုပါပဲ၊ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ကျွမ်းကျင်မှုအကူအညီတွေပေးပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ ထွက်တဲ့ သဘာ၀အရင်းအမြစ်တွေ၊ အဖိုးတန်ပစ္စည်းတွေကို ထိန်းချုပ်ခြယ်လှယ်နိုင်ဖို့ကိုလည်း ကျိုးပမ်းဆောင်ရွက်ဖို့ မသင့်လျော်ပါဘူး။
အဲဒီဖွံ့ဖြိုးဆဲနိုင်ငံတွေက ပညာမဲ့လူထုတွေ၊ အစိုးရအဖွဲ့တွေကို သူတို့ကိုယ်ပိုင် သဘာ၀အရင်းအမြစ် တွေနဲ့ပတ်သတ်ပြီး ဘယ်လိုဘယ်ပုံ နည်းစနစ်တကျ ထုတ်ယူသုံးစွဲနိုင်မလဲဆိုတဲ့ အကြောင်း သင်ကြားပြသ ပေးသင့်ပါတယ်။

နိုင်ငံတွေ၊ အစိုးရအဖွဲ့အစည်းတွေက အဲဒီလို ကံမကောင်း၊ အကြောင်းမလှဖြစ်နေတဲ့ သူတွေကို ကူညီဆောင်ရွက်ပေးကြဖို့ အမြဲတမ်း ရှာဖွေကြံဆနေသင့်ပါတယ်။

ဒါပေမယ့် အဲဒီလို ကူညီဆောင်ရွက်ပေးမှုများက မိမိနိုင်ငံရဲ့ နိုင်ငံရေးသို့မဟုတ် အမျိုးသားအကျိုးစီးပွား အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးနေတယ်ဆိုတာမျိုး မဖြစ်စေဖို့နဲ့ မိမိတို့ ကိုယ်ပိုင် ပုဂ္ဂလိကအကျိုးကျေးဇူး အတွက် ဆောင်ရွက်နေတာမျိုး မဖြစ်စေဖို့ လိုအပ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၆ ခု၊ ၇ ခုလောက်အတွင်းမှာပဲ ကမ္ဘာ့ကုလသမ္မဂ္ဂကဆင်းရဲတဲ့ တိုင်းပြည်နိုင်ငံတွေ တိုးတက် ဖြစ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး အစီအစဉ်ပေါင်းမြောက်မြား စွာကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ တယ်ဆိုတာ ကျွန်တော်တို့ လေ့လာတွေ့ရှိနိုင်ပါတယ်။

ဒီလိုအကောင်အထည်ဖော်ဆောင်ရွက်ဖို့ရာအတွက် ကုလသမ္မဂ္ဂအဖွဲ့အစည်းတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ သဘာ၀သယံဇာတတွေကို ရှာဖွေလေ့လာသုံးသပ်ခဲ့ကြပါတယ်။

ဒီလိုမျိုး အင်အားစိုက်ကျိုးပမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း ဆင်းရဲတဲ့ ဘယ်တိုင်းပြည်နိုင်ငံ တစ်နိုင်ငံကမှ ဖွံ့ဖြိုးပြီး တိုင်းပြည်တစ်ပြည်ရဲ့ အဆင့်အတန်းမျိုး ရောက်ရှိမလာခဲ့ပါဘူး။

ဒီလိုဖြစ်ရခြင်းရဲ့ အခြေခံအချက်တစ်ခုကတော့ အဲဒီဆင်းရဲမွဲတေနေတဲ့ နိုင်ငံတွေရဲ့ အစိုးရအဖွဲ့အစည်း အများ စုကြီးမှာ ကျယ်ပြောလှတဲ့ အကျင့်ပျက်ခြစားမှုတွေ မုချတည်ရှိနေလို့ပါပဲ။

ဒီလိုမျိုးဖြစ်နေတာတောင်မှ ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ အဲဒီလိုမျိုးအစိုးရအဖွဲ့အစည်းတွေနဲ့ပဲ သူတို့ကိုယ်ပိုင် အကျိုးစီးပွားအတွက်သာ ရှေးရှုပြီး ဆက်လက်လက်တွဲဆောင်ရွက်နေတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ မလွဲမရှောင်သာ ထုတ်ဖော်ပြောဆိုရပါလိမ့်မယ်။ ကုန်သွယ်ရေးလုပ်ငန်းတွေ၊ နိုင်ငံတကာအထောက်အပံ့တွေနဲ့ စီးပွားရေးဆိုင်ရာ စာချွန်လွှာတွေကို ဆက်လက်ပြီး ဆောင်ရွက်လုပ်ကိုင်နေကြပါတော့တယ်။

ရလဒ်အနေနဲ့ အဖွဲ့အစည်းထဲက ဆင်းရဲမွဲတေနေတဲ့ အစိတ်အပိုင်းကတော့ စိုးရိမ်ကြောင့်ြကမှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ မြင့်မားစွာဖြစ်ထွန်းလာရသလို အဲဒီလိုဖြစ်ထွန်းမှုတွေကနေ နိုင်ငံတွင်း သူပုန်ထမှုတွေ၊ မငြိမ်မသက်မှုတွေ ဆက်လက်ဖြစ်ပေါ်လာပါတော့တယ်။

ဖွံ့ဖြိုးဆဲနိုင်ငံများက ဆင်းရဲမွဲတေနေတဲ့ လူအုပ်စုကတော့ စိုးရိမ်ကြောင့်ကြမှုအရှိန်ကြောင့်ပဲ သူတို့နိုင်ငံရဲ့ ခေါင်းဆောင်တွေကိုသာမက အင်အားကြီးအနောက်နိုင်ငံများကိုပါ ဆန့်ကျင်လာကြပါတော့တယ်။

အစွန်းရောက်အုပ်စုတွေက ဒီအချက်ကိုပဲ သူတို့လက်ထဲထည့်ပြီး လိုသလိုအသုံးချသွားကြတာပါ။ အစွန်းရောက် အုပ်စုတွေက အဲဒီစိုးရိမ်ကြောင့်ကြမှုတွေကို အမြတ်ထုတ်ကြသလို စိုးရိမ်ကြောင့်ကြနေကြရသူတွေကို စည်းရုံး ပြီး သူတို့အထဲမှာ အဖွဲ့ဝင်အဖြစ်ပါဝင်လာစေ ပါတော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့ အမုန်းတရားတွေ ကြီးထွားနေတဲ့ အမြော်အမြင်ကို အထောက်အပံ့ ဖြစ်လာစေပါတယ်။

ဒီလိုအဖြစ်အပျက်များရဲ့ နောက်ဆုံးရလဒ်ကတော့ ကမ္ဘာပေါ်က ငြိမ်းချမ်းရေးဟာ လုံး၀ဖျက်ဆီး ခံလိုက်ရ ခြင်းပါပဲ။
အစ္စလာမ်သာသနာတော်ဟာ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ရဲ့ စူးစိုက်မှုအာရုံကို ဆွဲဆောင်ထားပါတယ်။

အဲဒီမှာတော့  

- လုံး၀ဥဿုံ တရားမျှတမှု လိုအပ်ပါတယ်။
- မှန်ကန်တဲ့ သက်သေခံမှုကို အမြဲတစေထွက်ဆိုဖို့ လိုအပ်ပါတယ်။
- ကျွန်တော်တို့ရဲ့ စက္ခုအာရုံတွေဟာ အခြားသူများရဲ့ ချမ်းသာကြွယ်၀မှုအပေါ်မှာ မနာလိုဝန်တိုစိတ်နဲ့ မကြည့်မိကြဖို့ လိုအပ်ပါတယ်။
- ဒါ့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ မိမိတို့ရဲ့ ပုဂ္ဂလဆန္ဒများကို တဖက်မှာချန်ထားရစ်ပြီး တကိုယ်ကောင်းမဆန်တဲ့ သဘောထားစိတ်ဓာတ်တွေနဲ့ ဖွံ့ဖြိုးမှုနှေးကွေးတဲ့တိုင်းပြည်တွေ၊ ဆင်းရဲတဲ့တိုင်းပြည်တွေကို အကူအညီပေးဖို့ လိုအပ်ပါတယ်။

ဒီနည်းလမ်းများအားလုံးကို စိစစ်ဆောင်ရွက်မယ်ဆိုရင်တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အခြေပြု စတင်နိုင်မှာပဲဖြစ်ပါတယ်။
မတရားမှုရှိနေသမျှကာလပတ်လုံး ငြိမ်းချမ်းရေးဆိုတာ ဖြစ်ပေါ်လာနိုင်မှာမဟုတ်ဘူးဆိုတာကို မှတ်သား ထားကြရပါမယ်။ 

ဒါ့ပြင် တိုင်းပြည်နိုင်ငံတစ်နိုင်ငံက စည်းမျဉ်းစည်းကမ်းအားလုံးကို ဖျောက်ဖျက်ကျူးလွန်ပြီး အခြားနိုင်ငံ တစ်နိုင်ငံကို တိုက်ခိုက်မယ်၊ အဲဒီနိုင်ငံရဲ့ အရင်းအမြစ်သယံဇာတတွေကို မတရားသဖြင့် ခြယ်လှယ်ဖို့ကြိုးစား မယ်ဆိုရင် အခြားတိုင်းပြည်နိုင်ငံတွေအနေနဲ့ အဲဒီလို ရက်စက်ကြမ်းကြုတ်မှုကို တားဆီးဖို့ရန် ကြိုးပမ်းဆောင် ရွက်ရပါမယ်။ 

ဒါပေမယ့် အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ အခြားတိုင်းပြည်နိုင်ငံများက တရားမျှတမှုကို အမြဲတစေ ကျင့်သုံးကြ ဖို့တော့ လိုအပ်ပါတယ်။

နိုင်ငံတစ်နိုင်ငံနဲ့ ဆန့်ကျင်ပြီး အရေးယူဆောင်ရွက်ဖို့ရာအတွက် အစ္စလာမ့်သွန်သင်ချက် အသေးစိတ်ကို ကျမ်းမြတ်ကုရ်အာန်ရဲ့ ကဏ္ဍတော် ၄၉၊ မုက္ခပါတ်တော် အမှတ်စဉ် ၁၀ မှာ ဖော်ပြပါရှိပါတယ်။

အကယ်၍ နိုင်ငံနှစ်နိုင်ငံဟာ အချင်းများပြီး အဲဒီကနေတဆင့် စစ်ပွဲဆီကို ဦးတည်မယ်ဆိုရင် အခြားတိုင်း ပြည်နိုင်ငံတွေဟာ အဲဒီနိုင်ငံနှစ်နိုင်ငံပါဝင်စေပြီး  စေ့စပ်ဆွေးနွေးခြင်းနဲ့ အပြုသဘောဆောင်တဲ့ နည်းနာ တွေအပေါ်အခြေခံတဲ့ အတွေးအမြင်ဖလှယ်ရေးကို အထူးအင်အားစိုက်ထုတ် ပြုလုပ်ဆောင်ရွက်သင့် ကြပါ တယ်။ ဒီလိုဆောင်ရွက်ကြရင်းနဲ့မှ စေ့စပ်ဆွေးနွေးရေး အခြေခံနည်းနာကနေ ထုတ်ပေးလိုက်တဲ့ သဘော တူညီမှုတွေ၊ ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ ရလဒ်တွေကို ရရှိနိုင်ပါလိမ့်မယ်။

သို့သော် တဖက်ဖက်က ဒီလိုသဘောတူညီမှုကို လက်သင့်မခံဘဲ စစ်ပွဲဆင်နွဲခဲ့မယ်ဆိုရင်တော့ အခြားတိုင်း ပြည်နိုင်ငံများက ပူးပေါင်းပြီး ဖျောက်ဖျက်ကျူးလွန်သူကို တားဆီးဖို့ရာ တိုက်ပွဲဝင်ကြရပါမယ်။

ဖျောက်ဖျက်ကျူးလွန်တဲ့ နိုင်ငံဟာ ချေမှုန်းခံရပြီးတဲ့နောက်မှာ နှစ်ဦးနှစ်ဖက် စေ့စပ်ညှိုနှိုင်းဖို့ သဘောတူ လာခဲ့မယ်ဆိုရင် အခြားအဖွဲ့အစည်းနိုင်ငံအားလုံးဟာ တာရှည်ခံမယ့် ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး တွေအတွက် သဘောတူညီချက်တစ်ခု ရလာဖို့ရာ ဆောင်ရွက်လုပ်ကိုင်သင့်ပါတယ်။

တိုင်းပြည်နိုင်ငံတစ်ခုကို ကျဉ်းထဲကြပ်ထဲရောက်သွားမယ့် ပြင်းထန်ပြီး တရားမျှတမှုမရှိတဲ့ အခြေအနေမျိုး ကိုတော့ ဖိအားပေးဖန်တီးဖို့ မပြုလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုရင် ရေရှည်မှာ အဲဒီအကျဉ်းအကြပ်ကနေ စိုးရိမ်ကြောင့်ကြမှုတွေဖြစ်လာပြီး ပေါက်ကွဲပျံ့နှံ့လာနိုင်လို့ပါပဲ။

အဲဒီစိုးရိမ်ကြောင့်ကြမှုကပဲ အနာဂတ်မှာ မငြိမ်မသက်မှုတွေကို ဖြစ်ပေါ်လာစေတာပါ။

အုပ်စုနှစ်ခုအကြားမှာ ကြားဝင်ပြီး ရင်ကြားစေ့ရေးဆောင်ရွက်မယ့် တတိယအစိုးရအဖွဲ့အစည်းများ အနေနဲ့ မိမိတို့ဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ရိုးရိုးသားသားနဲ့ ဘက်လိုက်မှုကင်းစွာ ဆောင်ရွက်ကြရပါ့မယ်။

အကယ်၍ တဘက်ဘက်က မိမိတို့ဆောင်ရွက်နေတဲ့ တရားမျှတမှုရှိပြီး ဘက်မလိုက်တဲ့ ကိစ္စရပ်တွေအပေါ်မှာ ဆန့်ကျင်တဲ့စကားမျိုး ဆိုလာခဲ့သည့်တိုင် အဲဒီဘက်မလိုက်တဲ့ ဆောင်ရွက်မှုမျိုးကို တည်တံ့နေစေရပါမယ်။ ကြားဝင် ဆောင်ရွက်နေတဲ့နိုင်ငံအနေနဲ့ အဲဒီလိုအခြေအနေမျိုးတွေအတွက် အမျက်ဒေါသကို မဖော်ပြသင့် သလို ကလဲ့စားချေဖို့ဘဲဖြစ်ဖြစ်၊ မတရားမှုတစ်ခုခုကိုပဲကျူးလွန်လိုက်တာမျိုးနဲ့ပဲဖြစ်ဖြစ် မတုန့်ပြန်သင့်ပါဘူး။ 

ဘယ်အဖွဲ့အစည်းကိုမဆို သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပေးသင့်ပါတယ်။ 

ဒါကြောင့် တရားမျှတမှုကို အကောင်အထည်ဖော်ကြရာမှာ တိကျတဲ့အဖြေတစ်ခုရဖို့ စေ့စပ်ညှိုနှိုင်း ပေးနေတဲ့ ကြားခံတိုင်းပြည်နိုင်ငံများအနေနဲ့ မိမိတို့ရဲ့ ပုဂ္ဂလိက အကျိုးကျေးဇူးတွေအတွက် ရည်စူးဆောင်ရွက်နေဖို့ မသင့်လျော်သလို ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းပြည်နိုင်ငံနှစ်ခုလုံးဆီကနေ တရားဝင်စံနှုန်းများနဲ့ ညိစွန်းနေတဲ့ အကျိုးကျေးဇူးတွေ ရယူနေတာမျိုး၊ ရယူဖို့ကြိုးစားတာမျိုးတွေလည်း မလုပ်သင့်ပါဘူး။ 
ကြားဝင်စေ့စပ်သူများက ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းပြည်နိုင်ငံနှစ်ခုလုံးကို မတရားသဖြင့် ဝင်ရောက်စွက် ဖက်တာမျိုး၊ မတရားသဖြင့် ဖိအားပေးတာမျိုးတွေ မပြုလုပ်သင့်ပါဘူး။

ဘယ်တိုင်းပြည်နိုင်ငံရဲ့ သဘာ၀သယံဇာတကိုမှ အမြတ်ထုတ်ဖို့ ကြိုးစားတာမျိုးတွေလည်း မပြုလုပ်သင့်ပါဘူး။

အဲဒီလိုနိုင်ငံတွေကို မလိုလားအပ်တဲ့ မတရားသဖြင့် ကန့်သတ်ချုပ်ခြယ်ကြတာမျိုးကိုလည်း ရှောင်ရှားကြ ရပါမယ်။

ဘာကြောင့်လဲဆိုရင် အဲဒီလိုပြုမူခြင်းက တရားမျှတမှုမရှိသလို တိုင်းပြည်နိုင်ငံများအကြား အဆက်အဆံကို တိုးတက်ဖြစ်ထွန်းစေနိုင်တဲ့ ဗဟိုချက်မဖြစ်ပါတယ်ဆိုပြီးတော့လည်း သက်သေပြနိုင်လိမ့်မှာမဟုတ်ပါဘူး။

အတိုချုပ်ကတော့ ကျွန်တော်တို့အနေနဲ့ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးကို အခြေပြုတည်ဆောက်လို ကြတယ်ဆိုရင် သာလွန်ထူးကဲမှုတွေအတွက် ကျွန်တော်တို့ရဲ့ ပုဂ္ဂလဆန္ဒတွေ၊ အာသာရမက်တွေကို ချန်ထားရစ်ခဲ့ပြီး တရားမျှတမှုအပေါ်မှာသာ လုံး၀အခြေခံတဲ့ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးမျိုးကို စတင်အကောင်အထည် ဖော်ကြရပါမယ်။

ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပါပဲ၊ မဟာမိတ်နိုင်ငံတွေသာမက ယာယီမိတ်ဖွဲ့ နိုင်ငံအစုတွေလည်း အများအပြားရှိနေတာကြောင့် ကမ္ဘာပေါ်မှာ မငြိမ်သက်မှုတွေ တိုးပွားလာမယ်၊ အဲဒီကနေတဆင့် ကြီးမားတဲ့ အပျက်အစီးတွေ အဆုံးသတ်မှာ ဖြစ်ပေါ်လာပါလိမ့်မယ်။

ဒီလိုဖြစ်ပျက်လာမယ့် စစ်မက်တွေနဲ့ အပျက်အစီးတွေဟာ မျိုးဆက်ပေါင်းများစွာကြာမြင့်တဲ့အထိ အကျိုးသက် နေစေမယ်ဆိုတာကလည်း မြေကြီးလက်ခတ်မလွဲဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့အင်အားအကြီးဆုံးအဖွဲ့အစည်းကြီးဖြစ်တဲ့ ကုလသမ္မဂ္ဂအ​နေနဲ့ မှန်ကန်တဲ့တရားမျှတမှုကို ကျင့်သုံးပြီး မိမိရဲ့ အခန်းကဏ္ဍကို အကောင်အထည်ဖော်ဆောင်ရွက်သင့်သလို ကျွန်တော် တင်ပြခဲ့တဲ့အတိုင်း၊ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေကိုလည်း ထားရှိကြဖို့လည်း လိုအပ်ပါတယ်။

ဒီလိုသာပြုမူဆောင်ရွက်ခဲ့ကြမယ်ဆိုရင်တော့ ကမ္ဘာလောကကြီးက ခင်ဗျားတို့ရဲ့ မဟာအင်အားစိုက် ထုတ်မှုကြီး ကို အမြဲတစေ သတိတရဖြစ်နေကြ၊ အထင်ကြီးလေးစားနေကြမှာပဲဖြစ်ပါတယ်။

ဒီမြော်လင့်ချက်ဟာ အမှန်တကယ်ဖြစ်ပေါ်လာပါစေလို့ ကျွန်တော်ဆုတောင်းပတ္ထနာပြုပါတယ်။

ကျေးဇူးတင်ပါတယ်။

မြန်မာပြန် - www.ahmadipostmyanmar.org

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-