Wednesday, January 1, 2014

အဟ်မဒီယာမွတ်စလင်များ၏ ခရစ်နှစ် ၂၀၁၄ အား ကြိုဆိုကြပုံများ



ဂျာမနီနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့တွင် ၂၀၁၄ ခုနှစ်အား အဟ်မဒီမွတ်စလင်များကြိုဆိုကြပုံကို အဟ်မဒီသတင်းဌာနအချို့က တင်ပြထားပါသည်။

ဂျာမနီနိုင်ငံမှ အဟ်မဒီလုပ်အားပေးများ သန့်ရှင်းရေးလုပ်ခြင်းဖြင့် ၂၀၁၄ အား ကြိုဆိုနေပုံ


ဂျာမနီနိုင်ငံတွင် အဟ်မဒီလူကြီးလူငယ်၊ အမျိုးသမီးများပါမကျန် ဒီဇင်ဘာ ၃၁ ည၊ သဟ်ဂျွတ်နှင့် ဖဂျရ်ဆလားသ်တို့ကို ဝတ်ပြုအပြီး ဂျာမနီ နိုင်ငံတဝှမ်းရှိ မြို့အနှံ့အပြား၌ သန့်ရှင်းရေးလုပ်ခဲ့ကြကြောင်း သိရသည်။ အဟ်မဒီများ၏ နှစ်သစ်ကြိုဆိုပုံကို ဂျာမနီမီဒီယာကြီးများမှလည်း ဖော်ပြခဲ့ပါသည်။

ဂျာမနီနိုင်ငံ ဘန်ရှိမ်းတွင် ခွဒ္ဒါမ်လူငယ်ပေါင်း ၆၆ ယောက်အဓိကပါဝင်ပြီး အန်ဆာလူကြီးများနှင့် အသ်ဖာလ်ကလေးများပါမကျန် သန့်ရှင်းလုပ်အား ပေးတွင် ပါဝင်ခဲ့ကြကြောင်း၊ ထိုသည်ကို မနက်စောစောနိုးထလာသည့် ဂျာမန်များက အံ့အားသင့်လျက် ကြည့်ရှုနေခဲ့ကြသလို အချို့ဂျာမန်များကမူ ထိုသည့်အချိန်မှ အိပ်ယာဝင်ဖို့ ပြန်လာနေကြကြောင်း themuslimtimes.org က ဖော်ပြပါသည်။

ထို့အတူ နယ်သာလန်နိုင်ငံတွင်လည်း အဟ်မဒီမွတ်စလင်များက မြို့အနှံ့ လမ်းများပေါ်တွင် သန့်ရှင်းရေးလုပ်အားပေးခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်ဟု ahmadiyyatimes က ဖော်ပြပါသည်။ အခြားသူများက နှစ်သစ်ကူးအကြိုညတွင် အရက်နှင့်မူးယစ်ဆေးဝါးများသုံးစွဲကာ ညကို ဖြတ်သန်းခဲ့ပြီး နောက်တစ်နေ့နံနက်၌ အိပ်မောကျလျက်ရှိနေချိန်တွင် အဟ်မဒီမွတ်စလင်များက ၎င်းတို့၏ အမှိုက်သရိုက်များကို သန့်ရှင်းပေးလျက် ရှိကြောင်း သတင်းက ဖော်ပြထားပါသည်။

နယ်သာလန်နိုင်ငံ အဟ်မဒီများ၏ ၂၀၁၄ နှစ်သစ်သန့်ရှင်းရေးတွင် ပါဝင်လုပ်အားပေးဖို့ နှိုးဆော်ထားသည့် လက်ကမ်းစာစောင်



နယ်သာလန် သန့်ရှင်းရေးတွင် ပါဝင်ခဲ့သည့် အဟ်မဒီမွတ်စလင်များကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့က သန့်ရှင်းရေးသည် သက်ဝင်ယုံကြည်မှု၏ အစိတ်အပိုင်းပင်ဖြစ်သည်ဟု တမန်တော်မုဟမ္မဒ် (အလ္လာဟ်အရှင်မြတ်ထံမှ ငြိမ်းချမ်းခြင်း သက်ဆင်းပါစေ) က သွန်သင်ခဲ့ကြောင်းဖြင့် မှတ်ချက် ပေးခဲ့ပါသည်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-