Tuesday, August 14, 2012

ရာမ်ဇာန်လမြတ်၏ ရက်များကို မည်သို့ဖြတ်သန်းကုန်လွန်စေမည်နည်း



ရာမ်ဇာန်လမြတ် (မွတ်စလင်မ်များ ဥပုသ်သီလ စောင့်ထိန်းရသော လမြတ်) ၏ ရက်များကို မည်သို့ ဖြတ်သန်းကုန်လွန်စေမည်နည်း (ရေး - ဇာနည်မင်းနိုင်)


ဥပုသ်သီလတည်ဆောက်ခြင်းသမိုင်း (အပိုင်း ၄)



ဂျူး (ယဟူဒီ) ဘာသာ

တမန်တော်မူစာ (မောရှေ)သည် ပညတ်တော် ၁၀ ချက် လက်ခံမရရှိမီ ဥပုသ်တည်ဆောက်ခဲ့သည်။ (ထွက်မြောက်ရာကျမ်း ၃၄:၂၈ ၊ တရားဟောရာကျမ်း ၉:၉)

ဂျူးများဥပုသ်ဆောက်တည်ခြင်း၌ ရေအပါအဝင် အစားအသောက်စားသုံးခြင်းမှ လုံး၀ရှောင်ကျဉ် ရပေသည်။ ယောင်မ်ကီပူးရ်နှင့် တီရှာဘာအက်ဗ်စသော ဥပုသ်နေ့ကြီးများတွင်မူ သွားတိုက်ခြင်းကို တားမြစ်ထားပြီး အခြားသာမညဥပုသ်နေ့များ၌မူ တားမြစ်ခြင်းမရှိပေ။ ဆေးဝါးသုံးစွဲခြင်းကိုမူ ယေဘုယျအားဖြင့် တားမြစ်ထားခြင်းမရှိပေ။ ဆရာဝန်ညွှန်ကြားချက်အရမူ ဆေးဝါးသုံးစွဲပိုင်ခွင့်ရှိ သည်။ တာဝန်သိဂျူးဘာသာဝင်တစ်ဦးသည် တစ်နှစ်တွင် အများဆုံး ၆ ရက်ဥပုသ်ဆောက် တည် သည်။ ရှဘားတ်တွင်မူ ယောမ်ကိပူးရ်နေ့မှအပ ဥပုသ်ဆောက်တည်ခြင်းကို တားမြစ်သည်။ ရှဘားတ်သည် ဘိုင်ဘလ်ကျမ်းစာအရ ထိန်းသိမ်းလိုက်နာရသော လမ်းညွှန်ချက်ဖြစ်ပြီး ရဗ္ဗီများပြ ဌာန်းခဲ့သည့် ဥပုသ် နေ့များကို ပယ်ဖျက်ပေးလိုက်ခြင်းလည်းဖြစ်သည်။ ယောမ်ကိပူးရ်မှာမူ တိုရာကျမ်းစာအရ ပြဌာန်းထား သည့် တစ်ရက်တည်းသော ဥပုသ်နေ့ဖြစ်သည်။

ယောမ်ကိပူးရ်မှာ ဂျူးပြက္ခဒိန်၏ ရာသီနှစ်များတွင် အရေးအကြီးဆုံးသော နေ့ဖြစ်ပြီး အပြစ်များမှ ပြေလွတ်စေခြင်းအလို့ငှာ ဥပုသ်တည်ဆောက်ရသည်။ ဘားမိဇ်ဗားဟ်ဟုခေါ်သော အသက် ၁၃နှစ် အရွယ် ယောက်ျားကလေးမှစတင်၍ အမျိုးသားတိုင်း ဥပုသ်ဆောက်တည်ရပြီး ဘတ်မိဇ် ဗားဟ် ဟုခေါ်သော အသက် ၁၂ နှစ်အရွယ် မိန်းကလေးမှ စတင်၍ အမျိုးသမီးတိုင်းလည်း ဥပုသ်ဆောက် တည်ရပေသည်။ ထိုနေ့တွင် ဥပုသ်ဆောက်တည်ရန် အရေးကြီး၏။ သို့သော် ဥပုသ်ဆောက်တည် ရာတွင် အန္တရာယ်တစ်ခုခုတွေ့နိုင်သည့်အခြေအနေ၊ ဥပမာ ဖျားနာနေပါက၊ အသက်အရွယ်ကြီး သူများ၊ ကိုယ်ဝန်သည်များသို့မဟုတ် နို့တိုက်မိခင်များကိုမူ ချွင်းချက်ထားရှိသည်။ တစ်စုံတစ် ယောက်၏ ဘ၀ အသက်တာကို အန္တရာယ်ဖြစ်စေခြင်းမှာ ဂျူးသာသနာ၏ အခြေခံနည်းနာကို ဆန့်ကျင်ရာရောက်သည်။ သို့သော် ထိုနေ့တွင် အစာစားသုံးသူများမှာ တကြိမ်တွင် အနည်းငယ်မျှ သာစားသုံးရန် တိုက်တွန်းပြီး အပြည့်အ၀စားသုံးခြင်းမှ ရှောင်ကျဉ်သင့်သည်။ အချို့ဂျူးများကမူ ယောမ်ကိပူးရ်နေ့တွင် ဥပုသ် ဆောက်တည်ခြင်းအား ယင်းနေ့၌ဘုရားဝတ်တက်ခြင်းထက် ပို၍အရေးကြီးကြောင်း မှတ်ယူသည်။ အကယ်၍ အိမ်သားတစ်ဦးက ဥပုသ်ဆောက်တည်နေစဉ် အခြားအိမ်သားတစ်ဦးမှာ နာမကျန်း၍ အိပ်ယာထဲ လဲနေပါကလည်း ထိုနာမကျန်းဖြစ်နေသော အိမ်သားသည် သာသနာရေးဆိုင်ရာ ဝတ္တရား ကို ဖြည့်ဆီးနေသည်ဟုပင် မှတ်ယူသည်။ ယောမ်ကိပူးရ်နေ့သည် ဥပုသ်ဆောက်တည်ခြင်း နေ့ရက်များထဲမှ အချုပ်ဗဟိုနေ့လည်းဖြစ်၍ ထိုနေ့၌ ဘုရားဝတ်တက်ခြင်းနှင့် ဥပုသ်ဆောက်တည်ခြင်းတို့အပြင် အခြားသော ပညတ်ချက်များကို လည်း လိုက်နာရန်လိုအပ်သည်။ ထို တားမြစ်ထားသော ပညတ်ချက်များတွင် မီးဖြင့်တစုံတခုပြု လုပ်ခြင်း၊ အိမ်ပြင်ပတွင် ၀တ္ထုပစ္စည်းများ ထမ်းပိုးသယ်ဆောင်ခြင်း၊ ကိရိယာတန်ဆာပလာများ ကိုင်တွယ်အသုံးပြုခြင်း စသည်များပါဝင်သည်။ ထို့ပြင် ယောမ်ကိပူးရ်နေ့၌ အစဉ်အလာအရ သားရေဖိနပ်ဝတ်ဆင်ခြင်း မပြုကြပေ။

သတို့သားနှင့် သတို့သမီးတို့သည် လက်ထပ်ပွဲမကျင်းပမီတစ်ရက်အလိုတွင် ဥပုသ်ဆောက်တည် ရပေ သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ကို သတို့သားနှင့်သတို့သမီးတို့၏ ပုဂ္ဂလိကဆိုင်ရာ ယောမ်ကိပူးရ်နေ့အဖြစ် သတ်မှတ်သောကြောင့်ဖြစ်သည်။ အချို့သော အစုအဖွဲ့များတွင် လက်ထပ် ပွဲ မကျင်းပမီတစ်ရက်အလို၌ ဆောက်တည်သည့် ရောမ်ကိပူးရ်နေ့ဥပုသ်ဆောက်တည်ခြင်းတွင် နောက်တတရား ရရှိခြင်းအလို့ငှာ ဘုရားဝတ်တက်ခြင်းများကိုလည်း ပြုလုပ်ကြသည်။

အခြားအရေးကြီးသော ဥပုသ်နေ့မှာ တိရှဗအာဘ်ဥပုသ်နေ့ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ အလျင်က ထိုနေ့တွင် ရောမစစ်သားများက ဂျေရုစလင်ရှိ ဂျူးဘုရားကျောင်းကို ဖျက်ဆီးပြစ်ခဲ့ကာ ဂျူးများကိုလည်း သူတို့၏ မွေးရပ်မြေမှ မောင်းထုတ်ပြစ်ခဲ့ကြသည်။ တိရှဗအာဘ်တွင် အောက်မေ့ ခြင်း ရက်သတ္တပတ် ၃ ပတ်ပါဝင်သည်။ ဂျူးပြက္ခဒိန်အရ တမ္မူဇ်လ၊ ၁၇ ရက်နေ့တွင် ဥပုသ်ဆောက် တည်ခြင်းဖြင့် ထိုရက်သတ္တ ၃ ပတ်ကို စတင်သည်။ ယောမ်ကိပူးရ်ဥပုသ်နေ့ကဲ့သို့ ကန့်သတ်ချက် စည်းကမ်းများမရှိပေ။ သို့သော် ထိုဥပုသ်နေ့၏ မနက်ပိုင်းနေ့တဝက်တွင်မူ ဥပုသ်ဆောက် တည်သူမှာ ပုံမှန်လုပ်ကိုင်ဆောင်ရွက်နေသည်များကို လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရပေ။ ထို့ပြင် ခုံပုကလေးများ သို့မဟုတ် ကြမ်းပြင်ပေါ်တွင်ထိုင်နေလျက် အချိန်ကုန်ဆုံးစေရပြီး သားရေဖိနပ်ကို ဝတ်ဆင်ခြင်းမှလည်း ရှောင်ကျဉ်ရသည်။ ထိုနေ့သည် ဂျူးများအဖို့ ဒုတိယကမ္ဘာစစ်အတွင်းမှ မျိုးတုန်းသတ်ဖြတ်မှုများအပါအဝင် အန္တရာယ်အဖြစ်ဆိုးများကို ပြန်လည် အောက်မေ့ကြရသည်။ ထိုနေ့ကိုဂျူးများက အထူးတလည်သဘောထားကြကာ ဝမ်းနည်းပူ ဆွေးမှုကိုလည်း နက်ရှိုင်းစွာ ခံစားကြသည်။

ဖော်ပြပါ ဥပုသ်နေ့များမှာ ဂျူးသာသနာတွင် အဓိကကျသော ဥပုသ်နေ့များဖြစ်သည်။ ထိုနေ့များ တွင် နေ့တစ်နေ့၏ နေဝင်ချိန်မှစတင်၍ နောက်တစ်နေ့ နေဝင်ချိန်ထိ ဥပုသ်ဆောက် တည်ကြရ သည်။ အခြားသော ဥပုသ်လေးရက်ကိုမူ အဓိကဥပုသ်နေ့များအဖြစ် သတ်မှတ်မထားပေ။ ထိုအဓိက မကျသော ဥပုသ်နေ့များတွင်မူ နေထွက်သည့်အချိန်မှ နေဝင်ချိန်အထိသာ ဥပုသ်ဆောက်တည် ကြသည်။ ထိုဥပုသ်နေ့များတွင်မူ ယောက်ျားရောမိန်းမပါ ဥပုသ်ဆောက်တည် သင့်သော်လည်း ရဗ္ဗီများ၏ ခွင့်ပြုချက်အရ အကယ်၍ အခက်အခဲရှိပါက ဥပုသ်ဆောက်တည်ခြင်းမှ ကင်းလွတ်ခွင့် ရယူနိုင်သည်။

အဓိက ဥပုသ်နေ့ကြီး ၂ ရက်တွင် ကာမဆက်ဆံခြင်းမှလည်း ရှောင်ကြဉ်ရသည်။

ထိုဥပုသ်နေ့များအပြင် ဂျူးများသည် အပြစ်များမှနောင်တရခြင်းအထိမ်းအမှတ်အနေဖြင့် လည်းကောင်း၊ ပူးဆွေးသောက ရောက်ရသည့်အချိန်များတွင်လည်းကောင်း၊ ပုဂ္ဂလိက ဆိုင်ရာ တကိုယ်ရည်တကာယဥပုသ်ဆောက်တည်ခြင်းများကိုလည်း ပြုလုပ်ကြသည်။ ဥပမာ - တိုရာဟ်ကျမ်း စာ လွတ်ကျပါက ဥပုသ်ဆောက်တည်ခြင်း။ ထိုနေ့များတွင် ဥပုသ်ဆောက်တည်ခြင်း အချိန်ပမာဏ မှာလည်း ကွဲပြားမှုရှိသည်။ အချို့သော ဂျူးများက ဇီဒကာဟုခေါ်သော အလှူအတန်းများ ပြုလုပ်ကြ ခြင်းဖြင့် ဥပုသ်ဆောက်တည်ခြင်းအချိန်ပမာဏကို လျော့ပေါ့သွားစေသည်။

ဓမ္မဟောင်းကျမ်းစာတွင် ဥပုသ်ဆောက်တည်ခြင်းနှင့်ပတ်သတ်၍ ဖော်ပြချက်များအပြားရှိသည်။ ဥပမာ - ဟေရှာယအနာဂတ္ထိ ၅၈:၁-၁၃ ၊ ယေလအနာဂတ္ထိ ၂:၁၂-၁၈၊ ဝတ်ပြုရာကျမ်း ၂၃:၂၇ - ၂၉ - ၃၂ ၊ တောလည်ရာကျမ်း ၂၉:၇ ၊ ဝတ်ပြုရာကျမ်း ၂၆:၁၄ - ၄၁ ၊ ဧသတာဝတ္ထု ၄:၃ - ၁၆ ၊ ယောန၀တ္ထု ၃:၇ ၊ ဟေရှာယအနာဂတ္ထိ ၆၆:၁၀

ဒေါက်တာ ဇီယာ၊ အိပ်ခ်ျ ရှား၏ Religious History of fasting ကို မြန်မာပြန်ပါသည်။ 

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-