Wednesday, April 16, 2014

အစ္စလာမ့် ဒဿနကျမ်း (The Philosophy of the Teachings of Islam)



ဤစာအုပ်၏ မူရင်းကို အဟ်မဒီယာ မွတ်စလင်အဖွဲ့ကြီးအား တည်ထောင်သူ " ဟာဇရတ် မီရ်ဇာ ဂူလာမ် အဟ်မဒ် " သခင်က (၁၈၉၆) ခုနှစ်တွင် အူရဒူဘာသာဖြင့် ရေးသားပြုစုခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာအပါအဝင် အခြားဘာသာအမျိုးမျိုးဖြင့် ပြန်ဆိုထုတ်ဝေခဲ့ရာ မြန်မာဘာသာပြန်ကို မြန်မာနိုင်ငံ အဟ်မဒီယာ အဖွဲ့မှ (၁၉၃၃) ခုနှစ်တွင် ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့ပါသည်။

ဤစာအုပ်တွင် လူသား၏ ရုပ်တရား၊ ကိုယ်ကျင့်တရားနှင့် နာမ်တရား အခြေအနေများအပြင် စစ်မှန်သော ကိုယ်ကျင့်တရားများ၊ လူ့ဘဝ၏ ရည်ရွယ်ချက်နှင့် ယင်းရည်ရွယ်ချက်ကို ရရှိမည့် နည်းလမ်းများအပြင် ပြဌာန်းထားသော တရားတော်များကို လက်တွေ့လိုက်နာ ကျင့်ကြံခြင်းဖြင့် ဤဘဝနှင့် နောင်တမန်လွန်ဘဝတို့တွင် ရအပ်သော အကျိုးကျေးဇူးများကို ဖော်ပြထားသည်။

ထို့ပြင် ထာဝရဘုရားရှင် တည်ရှိကြောင်း ခိုင်လုံသော အကြောင်းပြချက် သာဓကများ၊ သေလွန်ပြီးနောက် ဝိညာဉ်၏ အခြေအနေစသည်တို့ကို ကျမ်းမြတ်ကိုရ်အာန်အား အခြေပြုကိုးကား၍ ပီပြင်ရှင်းလင်းစွာ တင်ပြထားပေရာ ပထမ အကြိမ်ထုတ် စာအုပ်နှင့် စပ်လျှဉ်း၍ ဒီးဒုတ်မဂ္ဂဇင်းထုတ်ဝေသူနှင့် အယ်ဒီတာဖြစ်သူ ဒီးဒုတ် ဦးဘချိုက ဤသို့ မှတ်ချက်ပြုထားပါသည်။ " ဘာသာရေး ဗဟုသုတ စုဆောင်းသူများနှင့် မိုဟမ္မဒ်ဘာသာဝင် မြန်မာတို့တွင် ၎င်းစာအုပ်သည် များစွာ အရေးပါ၍ အရာရောက်လိမ့်မည် ဖြစ်ပေကြောင်း ထိုစာအုပ်၌ လူများသေပြီးနောက် တည်ရှိနိုင်သည် မရှိနိုင်သည်၊ ရုပ်နှင့် နာမ်သည် မည်ကဲ့သို့ဖြစ်လာသည်၊ မည်ကဲ့သို့ ဆက်သွယ်သည် စသော ပြဿနာများကို ကိုရ်အာန်ကျမ်းအရ ဖြေကြားထားသည်ကို တွေ့ရှိရသဖြင့် မိမိတို့ဘာသာနှင့် တူညီချက် ကွဲလွဲချက်များကို နှိုင်းယှဉ်ကြည့်ရန် ကောင်းသော စာအုပ်ကလေးဖြစ်သည်။ " (ဒီးဒုတ် ဦးဘချို)

နိုင်ငံကျော် စာရေးဆရာ ဆရာကြီး ပီမိုးနင်းကလည်း ဤသို့ ထောမနာပြုထားပါသည်။ " ဤကျမ်းသည် အစ္စလာမ်ဘာသာဝင်များသာ ဖတ်ရန်မဟုတ်။ လူကောင်းလူမြတ်ဖြစ်လိုသူမှန်က အထပ်ထပ်ဖတ်အပ်သော ကျမ်းဖြစ်လေရာ ဘာသာကျမ်းစာဖြစ်ခြင်းသာမက လူဟူသမျှနှင့်ဆိုင်သော ကျမ်းစာဖြစ်ပေသည်။ " (ဆရာကြီး ပီမိုးနင်း )

နိုင်ငံရပ်ခြားတွင်လည်း မဂ္ဂဇင်းအစုံစုံ၊ သတင်းစာ အသီးသီးမှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသောကျမ်းကို ထောမနာပြုခဲ့ကြပေသည်။ အချို့ကို ကောက်နှုတ်တင်ပြရသော် ....

- ကိုရ်အာန်ကျမ်း၏ တင်ပြချက်များကို အထူးဖော်ပြထားသောကျမ်း ၊ အငြင်းအခုန် အတိုက်အခံကင်း၍ ကိုရ်အာန်ကျမ်းထွက် စကားများမှတပါး အခြားမပါရှိသော ကျမ်းဖြစ်၏။ ( Indian Spectator)
- အစ္စလာမ်ဘာသာ အယူသဘောတို့၏ အဆီအနှစ်ကို ချုပ်စုတင်ပြသောကျမ်းဖြစ်၏ ။ ( English Mail)
- ကျွန်ုပ်တို့တွေ့ရှိသမျှတွင် ဤကျမ်းသည် အစ္စလာမ်ဘာသာ၏ အကောင်းဆုံးသော ဖော်ပြခြင်းဖြစ်သည်။ ( Theosophy Book Review)

(Bristol Time & Mirror) ကလည်း " အနောက်တိုင်းသားတို့အား ဤကဲ့သို့ဖြေနိုင်သော( ကျမ်းပြုဆရာ) ဤ ပုဂ္ဂိုလ်သည် ဧကန်စင်စစ် သာမန်ပုဂ္ဂိုလ်မဟုတ် "  ဟု ချီးကျူးထားပေသည်။

မှန်ပေသည်။ ကိုရ်အာန်၏ အဆီအနှစ်များကို ဘက်ပေါင်းစုံအတွက် ထုတ်နှုတ်၍ သက်ဆိုင်ရာ အကြောင်းရပ်အလိုက် ရှင်းလင်းတင်ပြနိုင်ရန်မှာ သာမန်လူသားတစ်ဦးအဖို့ တတ်နိုင်ရန်မဖြစ်နိုင်ချေ။ အရှင်မြတ်၏ အထူးအစောင်အမဖြင့် အရှင်မြတ်ထံတော်မှ လာသောပုဂ္ဂိုလ်သာလျှင် ပြုလုပ်နိုင်ပေသည်။ " အစ္စလာမ့် ဒဿနကျမ်း" ကို ရေးသားသူ ကျမ်းပြုပုဂ္ဂိုလ် " ဟာဇရတ်အဟ်မဒ် " သခင်က မိမိမှာ ကမ္ဘာ့ဘာသာအသီးသီးက စောင့်မျှော်နေကြသော နှောင်းခေတ်တွင် ပွင့်ပေါ်မည့် " မဆီဟ်၊ မဟ်ဒီ " သခင်အဖြစ် အရှင်မြတ် စေလွှတ်တော်မူကြောင်း ကြေငြာ၍ အဟ်မဒီယာ မွတ်စလင်အဖွဲ့ကြီးကို တည်ထောင်ကာ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပေသည်။ ယခုအခါ ဆက်ခံသူ (၅ ) ဦးမြောက် ပဥ္စမခလီဖာ လက်ထက်သို့ ရောက်ရှိနေပြီး နိုင်ငံပေါင်း (၂၀၀ ) ကျော်တွင် အဟ်မဒီယာ အဖွဲ့များတည်ထောင်ကာ စစ်မှန်သော အစ္စလာမ်သာသာနာအတွက် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။

PDF File ဘာသာပြန် ဖတ်ရှုရန် Media Fire Download Link =>
http://www.mediafire.com/view/xpp2drcx6ts7al5/Teachings_Of_Islam_%28Myanmar-version%29.pdf

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-