Monday, February 11, 2013

ဘင်္ဂလားဒေ့ရ်ှ : အကြမ်းဖက် လုပ်ရပ်များရှိသော်လည်း အဟ်မဒီယာ မွတ်စလင်မ် အဖွဲ့၏ နှစ်ပတ်လည်ညီလာခံ ကျင်းပ



ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ နှစ်ပတ်လည်ညီလာခံ ကျင်းပနေပုံ

ဖေဖော်ဝါရီ ၇ ရက်၊ ကြာသပတေးနေ့မှ စတင်ပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ အဟ်မဒီယာမွတ်စလင်မ် အဖွဲ့၏ နှစ်ပတ်လည်ညီလာခံကို ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ယခုနှစ်တွင် ဘင်္ဂလား ဒေ့ရ်ှနိုင်ငံ၊ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏သက်တမ်းမှာ နှစ်ပေါင်း တစ်ရာတင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

ပထမပိုင်းက နှစ်ပတ်လည်ညီလာခံကို ဂါဇီပူးရ်ခရိုင်၊ ကာလီယာကိုင်းရ် ဥပဇီလာတွင်ကျင်းပဖို့ စီစဉ်ထားခဲ့သည်။ သို့သော် ဖေဖော်ဝါရီ ၆ ရက်နေ့က ညီလာခံကျင်းပမည့် ကွင်းပြင်ကို မွတ်စလင်မ်ဟုဆိုသော အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ညီလာခံကို အဖွဲ့၏ ဌာနချုပ်တည်ရှိရာ ဒါကာသို့ ပြောင်းရွှေ့ကျင်းပခဲ့ရကြောင်း rabwah.net က ဆိုသည်။


 အကြမ်းဖက်မီးရှို့မှုလုပ်ရပ်ကို အစွန်းရောက် မွတ်စလင်မ်ဘာသာရေးခေါင်းဆောင်များက ဦးဆောင်ခဲ့ကြောင်း၊ လူပေါင်း ၃၀၀၀ နီးပါး ပါဝင်အကြမ်းဖက်ခဲ့ကြကြောင်း၊ ၎င်းတို့မှာ ဂျမာအတ္တီ အစ္စလာမီ၊ ခါတမေနဗူဝါသ်စသော အကြမ်းဖက်သမား များမှ ကျောထောက်နောက်ခံပြု ပေးထားသည့် အဖွဲ့ဝင်များလည်း ဖြစ်ကြကြောင်း သိရသည်။


ဖေဖော်ဝါရီလ ၃ ရက်နေ့က ပါကစ္စတန်နိုင်ငံ၏ မွတ်စလင်မ်တရားဟောဆရာ ဟနီဖ် ဂျလန်ဒရီက အဟ်မဒီမွတ်စလင်မ်များနှင့်ဆန့်ကျင်ပြီး အမုန်းတရားကြီးထွားစေမည့် ဟောပြောချက်များကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ ဟောပြောမှုများအပြီး၌ပင် ဘင်္ဂါးဒေ့ရ်ှတွင် ဤသို့သော ခက်ထန်တင်းမာသည့် အခြေအနေများဖြစ်ပေါ်လာရကြောင်း အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဘင်္ဂလားဒေ့ရ်ှနိုင်ငံလုံးဆိုင်ရာ ဥက္ကဌဖြစ်သူ မူဘတ်ရှီရွလ် ရာဟ်မားန်ကဆိုသည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ ၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၏ ယခုနှစ် နှစ်ပတ်လည်အခမ်းအနားကို ပရိသတ်ပေါင်း ၇ သိန်းတက်ရောက်ပြီး ဩစတေးလျ၊ ကနေဒါ၊ ဂျာမနီ၊ အိန္ဒိယနှင့် ပါကစ္စတန်တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ကမ္ဘာလုံးဆိုင်ရာ ဝိညာဉ်ရေးရာခေါင်းဆောင် ခလီဖာ၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်၏ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့သူ မော်လာနာ မဟ်မူဒ်အဟ်မဒ်က မွတ်စလင်မ်များအားလုံးကို အစ္စလာမ်သာသနာတော်၏ သွန်သင်ချက်အစစ်အမှန်များနောက်သို့သာ လိုက်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့သည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ကမ္ဘာလုံးဆိုင်ရာ ဝိညာဉ်ရေးရာခေါင်းဆောင် ခလီဖာ၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်အနေဖြင့် မွတ်စလင်မ်ဆိုသူများ၏ ထိုသို့သော အကြမ်းဖက်လုပ် ရပ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချခဲ့သလို အစ္စလာမ်သာသနာ၏ အလံတော်ကို ကိုင်ဆောင်ထားသူများ ဟု ၎င်းတို့ကိုယ်ကိုသမုတ်ထားကြသည့် အကြမ်းဖက်သမားများအား ရည်စူးပြီး ဆုတောင်းပတ္ထအချို့ ပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကို ၁၉၁၃ တွင် စတင်တည်ထောင်ခဲ့သည်။

source: www.rabwah.net

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-