Sunday, July 8, 2012

အမေရိကန် နိုင်ငံရေးသမားများအတွက် ဖျောင်းဖျပြောဆိုနိုင်သည့် သတင်းစကားပိုင်ရှင် အစ္စလာမ့် အဖွဲ့အစည်း။ သို့သော် (သူတို့အတွက်) ကမ္ဘာလုံးဆိုင်ရာ ရန်သူများလည်း ရှိ



ဇူလိုင်လ ၇ ရက် ၂၀၁၂ (စနေနေ့) အတွက်စီအင်အင် မျက်နှာဖုံးသတင်း



ဇူလိုင်လ ၇ ရက်၊ ၂၀၁၂
By Dan Merica, CNN
စီအင်အင် သတင်းဌာန
source: http://goo.gl/qJRtP



အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ခေါင်းဆောင် ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်မှ သူ၏အဖွဲ့ဝင် နောက်လိုက်များအား ဝါရှင်တန်ဒီစီ၌ တရားဟောပြောနေစဉ်

ခင်ဗျားအနေနဲ့ ကြားဖူးချင်မှ ကြားဖူးမှာပါ။ ဒါပေမယ့် ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အအဟ်မဒ်ကတော့ ကပ္ပီတဲလ်တောင်ကုန်းက ဧည့်ခွဲပွဲမှာ သူ့ရဲ့ ဂုဏ်အသရေနဲ့ အဆင့်မြင့် ထိပ်တန်းစွမ်းအားအချို့
(serious star power) ကို ဆွဲဆောင်သွားခဲ့ပါတယ်။

The U.S. House of Representatives လို့ခေါ်တဲ့ အမေရိကန်ကွန်ဂရက်မှာ လူနည်းစုပါတီများ ကိုယ်စားတက်ရောက်ရတဲ့ ကိုယ်စားလှယ်များအစုအဝေးက ဒီမိုကရက်တစ်ခေါင်းဆောင် နန်ဆီပီလို ဆီ နဲ့ ရီပတ်ဘလင်ကန်ဖြစ်တဲ့ ဆန်.ဂျွန်ကော်နင်တို့သာမက အခြားသော ဥပဒေပြု အရာရှိအများ အပြား တို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က လန်ဒန်ကနေ ကြုံတောင့်ကြုံခဲ လက်ရောက် ခဲ့တဲ့ မွတ်စလင်မ် ခေါင်းဆောင် အဟ်မဒ်ကို တွေ့ဆုံခဲ့ကြပါတယ်။

အရှေ့အလယ်ပိုင်းမှာ အစ္စလာမ်မစ်အုပ်စုတွေ အာဏာရလာပြီး ကုရ်အာန်ကို အသုံးပြုနေတဲ့ အကြမ်းဖက်သမားတွေ ကိစ္စ စတာတွေကြောင့် အမေရိကန်ပြည်ထောင်စုက အစ္စလာမ်နဲ့ ပတ်သတ် တဲ့အမြင်များကို (အကောင်းဘက်ကနေ) ခက်ခက်ခဲခဲရှုမြင်နေရတဲ့ အချိန်မှာ အဟ်မဒ်ကတော့ နှစ်ဘက်စလုံးကို ဖျောင်းဖျပြောဆိုသွားခဲ့ရာမှာ သူ့အတွက် အခက်အခဲဆိုတာမျိုး မတွေ့ရပါ။ ကပ္ပတီတဲတောင်ကုန်းမှာ သူပြောသွားခဲ့သလိုပါပဲ၊ သူ့မှာ "အားလုံးအပေါ်မေတ္တာထား၊ မည်သူ့ကိုမှ အမုန်းမပွား" ဆိုတာ ရှိနေပါတယ်။

ပန်ဆီလ်ဗေးနီးယားပြည်နယ်ရဲ့ ဒီမိုကရက်တစ်အမတ်၊ ဆန်.ရောဘတ် ကေဆီရဲ့ အဟ်မဒ်နဲ့ ပတ်သတ် ပြီး မိတ်ဆက်စကားပြောစဉ် သူ့သဘောထားကို ဖော်ပြခဲ့ရာမှာ "(ဘာသာတရား အချင်း ချင်း) သည်းခံမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုနဲ့ ငြိမ်းချမ်းရေးဖော်ထုတ်လုပ်ဆောင်မှု" တွေမှာ သူ(အဟ်မဒ်)ရဲ့ ခေါင်းဆောင်မှုကို ချီးကျူးထောမနာသွားခဲ့ပါတယ်။

အဟ်မဒ်ကတော့ အစ္စလာမ်ကို ကျွန်တော်တို့အားလုံး စုပေါင်းလက်တွဲပြီး ရှုမြင်သုံးသပ်ကြဖို့ဆိုတာ ထက် ပိုပါတယ်။ အသက် ၆၁နှစ်ရှိနေပြီဖြစ်တဲ့ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဝိညာဉ်ရေးရာခေါင်းဆောင်ကတော့ မိမိရဲ့ အနောက်နိုင်ငံများအပေါ် ထားရှိတဲ့မိတ်သင်္ဂဟဖြစ်မှု သဘောထား များနဲ့  အခြားမွတ်စလင်မ်နိုင်ငံတွေကို ဝေဖန်မှုတွေကြောင့် အမေရိကန်အစိုးရရဲ့ အမြင့်ဆုံး မဟာမိတ်အဆင့်ကို ရရှိထားခဲ့ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့အစည်းကတော့ ကမ္ဘာ့အခြား နေရာတွေမှာ အသက်အန္တရာယ်အထိ ရန်လိုခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

တခြားမွတ်စလင်မ်တွေနဲ့ မတူတာက အဟ်မဒီတွေဟာ ၁၉ ရာစုလောက်က သူတို့အဖွဲ့ကို စတင် တည်ထောင်သူနဲ့ပတ်သတ်ပြီး သူဟာ ဒုတိယမ္ပိပြန်လာဖို့ရှိတဲ့ ယေရှုခရစ်တော်ပဲဖြစ်ကြောင်း ယုံကြည်ကြတာပါပဲ။

စွန္နီနဲ့ ရှီယိုက်တွေရဲ့ ယုံကြည်ချက်အရတော့ အဟ်မဒီမွတ်စလင်မ်တွေကို မွတ်စလင်မ်အစစ်အမှန် အဖြစ် မယူဆကြပါ။ အီဂျစ်မှာတော့ အဟ်မဒီဆိုရင် သာသနာအား အလွဲသုံးစားပြုလုပ်မှုနဲ့ တရားဆွဲ ဆိုနိုင်သလို၊ ဆော်ဒီကတော့ ပြည်နှင်ဒဏ်ပေးပါတယ်။ ပါကစ္စတန်ကတော့ ဥပဒေထုတ်ပြန်ကာ အဟ်မဒီတွေ မွတ်စလင်မ်မဟုတ်ကြောင်း ပြဌာန်းကြေညာထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်မှု

ဝါရှင်တန်နဲ့ ဘော်ဒါချင်းကပ်နေတဲ့ ဆီးဗားလ်စပရင်း၊ မေရီလန့်ဒ်က ဗလီတစ်လုံးရဲ့ အတွင်းမှာ တော့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ပူပြင်းလောင်ကျွမ်းနေတဲ့ ရာသီဥတုကို အံတုကာ လူထူအုပ်စုကြီးက ငြိမ်သက်စိတ်ငြိမ်၊ သည်းခံစွာ ထိုင်လျက်စောင့်စားနေကြပါတယ်။ ပူးပြင်းသွေ့ခြောက်မှုက အရာ မထင်ဘဲ အဲဒီနေရာမှာ ရှိနေရတာကို သူတို့က ပျော်ရွှင်နေကြပုံပါ။ သူတို့ကိုယ်ပိုင်ယုံကြည်ချက် ဘာသာတရားရဲ့ ခေါင်းဆောင်ကို တွေ့ဆုံဖို့ အခွင့်အရေးကလေးတစ်ခုကို စောင့်စားနေကြတာပါ။

နိုင်ငံတကာ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီးရဲ့ ခေါင်းဆောင် ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်က တော့ အဖွဲ့ရဲ့ ပဉ္စမြောက်ခလီဖာဖြစ်ပါတယ်။ သူတို့အဖွဲ့ကတော့ အဖွဲ့ဝင်မီလီယံပေါင်း မြောက်မြား စွာ ရှိတယ်လို့ဆိုပေမယ့် တခြားကျွမ်းကျင်သူတွေကတော့ မီလီယံအနည်းငယ်သာဖြစ်တယ်လို့ ဆိုကြပါတယ်။

အစ္စလာမ်သာသနာရဲ့ အမှန်တကယ်အရည်အတွက်နဲ့ယှဉ်ရင်တော့ အဟ်မဒ်နဲ့ သူ့နောက်လိုက် များက အဖွဲ့ဝင်တစ်ဘီလီယံလောက်သာရှိတဲ့ အဖွဲ့ငယ်ကလေးပဲဖြစ်ပါတယ်။

ဆီးဗားလ်စပရင်းဗလီမှာ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ အဟ်မဒ်က "အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ အတွက်တော့ ဒီအချိန်ဟာ အစ္စလာမ့်ပုံရိပ်အစစ်အမှန်ကို ဖော်ထုတ်ရမယ့်အချိန်ပါ" လို့ ဖြေကြား ခဲ့ပါတယ်။ "ကျွန်တော်ကတော့ ငြိမ်းချမ်းရေးအကြောင်း အမြဲတင်ပြနေမှာပါ။ ငြိမ်းချမ်းရေးဆိုတာ ကျွန်တော့်ကိုယ်ပိုင်တင်ပြချက်မဟုတ်သလို ဖန်တီးထားတဲ့ သွန်သင်ချက်အသစ်လည်း မဟုတ်ပါဘူး၊ ကျမ်းမြတ်ကုရ်အာန်က ကျွန်တော်ရရှိစုဆောင်းထားတဲ့ အစစ်အမှန်သွန်သင်ချက်ပါ" လို့ အဟ်မဒ်က ရှင်းလင်းပြောပြခဲ့ပါတယ်။


 ဒါကို ဂရုဓမ္မပြုပြီး အမေရိကန်နိုင်ငံ၊ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ၊ အဟ်စနုလ္လာဟ် ဇဖရ် က ဂျီဟဒ်ဆိုတာ မိမိကိုယ်ပိုင် ဝိညာဉ်ရေးရာမကောင်းမှုများကို ဆန့်ကျင်ကြိုးပမ်းခြင်းသာ ဖြစ်တယ်၊ ဝိညာဉ် ရေးရာ ပုဂ္ဂလတိုးတက်ဖြစ်ထွန်းဖို့ ကြိုးပမ်းခြင်းလို့ ဆိုပါတယ်။ ဂျီဟဒ်ဆိုတဲ့စကား လုံးကိုတော့ လူးလွန့် ကြိုးပမ်းခြင်း ဒါမှမဟုတ် စစ်ပွဲလို့ မကြာခဏ ဘာသာပြန်ဆိုတတ်ကြပါတယ်။

"ကျွန်တော်တို့ ဒီအကြောင်းကို တော်တော်များများပြောဖြစ်ခဲ့ပါတယ်။ ဘုရားဝတ်ပြုခြင်းထက် သာပြီးအရေးကြီးတာက မိမိတို့ကိုယ်ကို လူသားတစ်ယောက်အနေနဲ့ ဘယ်လိုပြုမူနေထိုင်ကျင့်ကြံ သွားမလဲဆိုတာပါ။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းဆိုတာကနေ ဘာမှဖြစ်လာမှာမှမဟုတ်ဘဲ။ စေ့စပ်ဆွေးနွေးခြင်းတွေနဲ့ တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ နည်းနာတွေကသာ တခြားအဆင့်မြင့် နေရာတစ်ခုကို ဦးဆောင်ပေးသွားနိုင်တာပါ။" လို့ ဇဖရ်ကို ဆိုပါတယ်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့တစ်ခုတည်းသာလျှင် မီရ်ဇာဂူလာမ်အဟ်မဒ်အားဖြင့် (ယေရှုခရစ်) ဒုတိယမ္ပိပြန်လာခြင်းဖြစ်တယ်ဆိုတာကို ယုံကြည်ကြတာပါ။ အဖွဲ့ကို ၁၈၈၉ မှာ တည်ထောင်ခဲ့ပြီး မီရ်ဇာဂူလာမ်အဟ်မဒ်ဟာ ဘာသာရေးဆိုင်ရာ အနှောင့်အယှက်အဖျက်အဆီးတွေ အရမ်းကို များပြားနေတဲ့အချိန်မှာ အသက်ရှင်နေထိုင်ခဲ့တယ်လို့ အမေရိကန်တက္ကသိုလ်၊ အစ္စလာမ့်ရေးရာ သင်ကြားရေးဌာနရဲ့ ဌာနမှူး အက္ကဘဲရ်အဟ်မဒ်က ဆိုပါတယ်။

"အိန္ဒိယမှာ မီရ်ဇာဂူလာမ်အဟ်မဒ်က သူ့ဆီမှာ အစ္စလာမ်နဲ့ပတ်သတ်ပြီး (မူရင်းအစစ်အမှန်အတိုင်း) ပြန်လည်ဆန်းသစ်ဖို့ သတင်းစကားရှိတယ်လို့ ဟောပြောခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အရှိန်ရလာခဲ့ ပြီး ဒါဟာ ဝိညာဉ်ရေးဆိုင်ရာ သစ်လွင်သောအစ္စလာမ့်သာသနာလည်း ဖြစ်ပါတယ်။" လို့ အက္ကဘဲရ်အဟ်မဒ်က ဆိုပါတယ်။

ဒါ့ပြင် အဟ်မဒီများဟာ ပါကစ္စတန်မှာတော့ ပညာရှင်ကြီးတွေနဲ့ အထူးထင်ရှားကျော်စောသူတွေဖြစ် တယ်လို့လည်း အက္ကဘဲရ်အဟ်မဒ်က သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

ဒါပေမယ့် ၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ ပါကစ္စတန်က နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ဂျမာအသ္သီ အစ္စလာမ်မီက ပါကစ္စတန်နိုင်ငံမှာ အစ္စလာမ့်နဲ့ပတ်သတ်ပြီး မိရိုးဖလာအမြင်ဘက် စတင်တွန်းပို့ ခဲ့တာကြောင့် အဟ်မဒီတွေကိုလည်း (သူတို့ကိုယ်ပိုင် အစ္စလာမ့်အဝန်းအဝိုင်း အပြင်ဘက်) လွှင့်ပစ်ခဲ့ကြပါတယ်။

ဂျမာအသ္သီအစ္စလာမ်မီက အဟ်မဒီတွေဟာ တမန်တော်မုဟမ္မဒ်ရဲ့ နောက်ဆုံးတမန်တော်ဖြစ်ခြင်းဆို တဲ့ အစ္စလာမ့်သော့ချက်ဓမ္မကို အယုံအကြည်မရှိသူများဖြစ်တယ်လို့ ဆိုပါတယ်။

"ဒါက​တော့ အဟ်မဒီတွေအတွက် ထင်ရှားတဲ့အမှန်တရားတစ်ခုကို အငြင်းခံလိုက်ရတာမျိုးပါ။ အဟ်မဒီတွေက တမန်တော်အမျိုးအစား နှစ်မျိုးရှိတယ်လို့ ဆိုပါတယ်။ တမျိုးက ဥပဒေပြုကျမ်းစာရ တမန်တော်ပါ။ နောက်တစ်မျိုးကတော့ သတင်းစကားကို သယ်ဆောင်လာပေမယ့် ဥပဒေအသစ် တင်ပြတဲ့ ကျမ်းစာကို ဆောင်ယူမလာတဲ့ တမန်တော်ပါ။" ဟု အမေရိကန်တက္ကသိုလ်ရဲ့ အက္ကဘဲရ် အဟ်မဒ်က ရှင်းပြခဲ့ပါတယ်။

ပါကစ္စတန်မှာ အခြေအနေတွေဆိုးဝါးလာခဲ့တော့ အဟ်မဒီတော်တော်များများဟာ နိုင်ငံကို စွန့်ခွာခဲ့ကြရပါတယ်။ တချို့ကတော့ သာသနာရေးဆိုင်ရာ ဒုက္ခသည်တွေအနေနဲ့ပါ။ အခုအချိန်မှာ တော့ ဂျာမနီ၊ အင်္ဂလန်၊ ဂါနာ၊ ကနေဒါနဲ့ အမေရိကန်တို့မှာ အဟ်မဒီအများအပြား နေထိုင်ကြပြီး အဟ်မဒီဦးရေပေါင်း မီလီယံပေါင်းမြောက်မြားစွာရှိတယ်လို့လည်း ဆိုကြပါတယ်။

ဒါပေမယ့် အဟ်မဒီတွေအတွက် ညှဉ်းပမ်းနှိပ်စက်မှုကတော့ ဆက်လက်ရှိနေဆဲပါ။

၂၀၁၀တုန်းက ပါကစ္စတန်နိုင်ငံ လာဟိုရ်မြို့က အဟ်မဒီဗလီနှစ်လုံးမှာ လူဦးရေ ၁၀၀ လောက်ဟာ အေကေ ၄၇ နဲ့ လက်ပစ်ဗုံးတွေကိုင်ထားတဲ့ တိုက်ခိုက်သူတွေကြောင့် သေပွဲဝင်ခဲ့ရပါသေးတယ်။

၂၀၁၂ ခုနှစ်က၊ အမေရိကန်အစိုးရထုတ်ပြန်တဲ့ သာသနာရေးလွတ်လပ်ခွင့်အစီရင်ခံစာမှာတော့ အဟ်မဒီများအတွက် စိုးရိမ်ပူပန်မှုဟာ ရှေ့တန်းအချက်အချာက ပါဝင်ခဲ့ပါတယ်။

"ပါကစ္စတန်မှ ဘာသာရေးအဖွဲ့ငယ်များ၌ အဟ်မဒီများသည် တရားဝင်ဥပဒေအရ အပြင်းထန်ဆုံး ကန့်သတ်ထိန်းချုပ်မှုခံနေရသည့်အဖွဲ့ဖြစ်ပြီး တရားဝင် ပိတ်ဆို့ခွဲခြားခြင်းလည်း ခံထားရသည်။" ဟု အစီရင်ခံစာက တင်ပြပါတယ်။ အဲဒီအစီရင်ခံစာကပဲ အင်ဒိုနီးရှားက အဟ်မဒီမွတ်စလင်မ်များကို ညှဉ်းပမ်းနှိပ်စက်မှုများအကြောင်းလည်းတင်ပြထားပြီး အဟ်မဒီဗလီပေါင်း အနည်းဆုံး ၅၀ ဟာ ဖျက်ဆီးခြင်းခံရကြောင်း ဆိုပါတယ်။

အစ္စလာမ့်နဲ့ပတ်သတ်တဲ့ ထင်ရှားသောအမြင်

ကမ္ဘာ့အနှံ့က အဟ်မဒီများကို ခက်ထန်တဲ့ဆက်ဆံမှုတွေကြောင့် အမေရိကန်နေ အဟ်မဒီများဟာ မိမိတို့ဘ၀အတွက် နက်ရှိုင်းတဲ့ (အမေရိကန်၏ ဘာသာရေးလွတ်လပ်ခွင့်ကို) တန်ဖိုးထားမှုမျိုး ရှိနေပါတယ်။



"အမေရိကမှာတော့ ဒီလိုသေးငယ်တဲ့ ဘာသာရေးအဖွဲ့ကလေးတွေ ပျံ့နှံ့နေပါတယ်။ သူတို့က အမေရိကမှာ ရှိနေရတာကို ချစ်ခင်မြတ်နိုးကြပါတယ်။ သူတို့ကတော့ ရာနှိုင်းပြည့်မွတ်စလင်မ်များ ဖြစ်သလို ရာနှုန်းပြည့် အမေရိကန်နိုင်ငံသားများလည်း ဖြစ်ပါတယ်။" လို့ အက္ကဘဲရ် အဟ်မဒ်က ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က ဟဲရစ္စဘတ်၊ ပန်ဆီလ်ဗေးနီးယားမှာ အဟ်မဒီများရဲ့ လက်ရှိခေါင်းဆောင် အဟ်မဒ် ဦးဆောင်ကျင်းပတဲ့ အမေရိကန်အဟ်မဒီမွတ်စလင်မ်အဖွဲ့ရဲ့ နှစ်ပတ်လည်ညီလာခံမှာ တက်ရောက် သူပေါင်း ၁ သောင်းရှိခဲ့ပါတယ်။

"ကျွန်တော် ဘယ်နေရာပဲသွားသွား၊ ကျွန်တော့်မှာ ကျွန်တော့်အဖွင့်ဝင်များနဲ့ တွေ့ဆုံဖို့ဆိုတဲ့ ရည်ရွယ် ချက်တစ်ခုတည်းပဲရှိပါတယ်။" လို့ အဟ်မဒ်က ပြောပြခဲ့ပါတယ်။

ဒါပေမယ့် သူ(အဟ်မဒ်)က အမေရိကကို နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေနဲ့လည်း တွေ့ဆုံဖို့ ရောက်ရှိလာခဲ့တာပါ။  စက်တင်ဘာ ၁၁ ပြီးကတည်းက အမေရိကန် မွတ်စလင်မ်များရဲ့ စိစစ်ရေးနဲ့ ပတ်သတ်ပြီး ယုံကြည်ချက်ရေးရာ၊ အမေးအဖြေတွေဆွေးနွေးဖို့ အဟ်မဒီတွေအတွက်ကတော့ အခွင့်အရေးတစ်ခုအဖြစ် ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က နယူးရောက်မြို့ ကွန်ဂရက်ရဲ့ ရီပတ်ဘလီကန်ကိုယ်စားလှယ် ပီတာကင်းဦးဆောင်တဲ့ အမေရိကန်နိုင်ငံတွင်း မွတ်စလင်မ်များရဲ့ အခြေခံအချက်အလက်များအပေါ် ကွန်ဂရက်ဆိုင်ရာ ကြားနာခြင်းကို ဖိအားပေးသွားဖို့အတွက် အဟ်မဒီမွတ်စလင်မ်အများအပြားဟာ ထောက်ခံခဲ့ကြပါ တယ်။ တခြားမွတ်စလင်မ်အုပ်စုတွေကတော့ ဒီလုပ်ရပ်ကို အန္တီမွတ်စလင်မ်လုပ်ရပ်လို့ ရှုမြင်ခဲ့ ကြတာပါ။

"ဒီကွန်ဂရက်ကြားနာမှုက နိုင်ငံတွင်းလုံခြုံရေးကို တိုးတက်ဖြစ်ထွန်းနိုင်မယ်၊ အစ္စလာမ်သာသနာကို အကျိုးဖြစ်ထွန်းစေမယ်လို့ အစိုးရကသုံးသပ်ရင် ကျွန်တော်ဘက်က ပူးပေါင်းဆောင်ရွက်သွားဖို့ အာမခံပါတယ်။ ကျွန်တော်ကတော့ ပိုပြီးလုံခြုံတဲ့ အမေရိကကို ရည်ရွယ်ပါတယ်။" လို့ နယူးယောက်တိုင်းမ်စ်၊ အယ်ဒီတာထံပေးစာကဏ္ဍမှာ အဟ်မဒီလူငယ်များအစီအစဉ်၊ အမေရိကန်ရဲ့ ဒါရိုက်တာဖြစ်သူ (ဒေါက်တာ) ကာဆိဖ် အင်.ချောင်ဒရီက ရေးသားခဲ့ပါတယ်။

ချောင်ဒရီကတော့ အဟ်မဒီမွတ်စလင်မ်တွေထဲက (ဒီအကြောင်းကို) ထုတ်ဖော်ပြသခဲ့တဲ့ တစ်ဦး တည်းသော (အဟ်မဒီမွတ်စလင်မ်) ပါ။

"ခင်ဗျားအနေနဲ့ အခြားလူထုနဲ့အတူ ရှိနေရပါလိမ့်မယ်။ ခင်ဗျားရဲ့ အထင်အမြင်တွေကို ဒီလို စကားပြောခန်းတွေ၊ ဆွေးနွေးခန်းတွေမှာ ချပြရပါလိမ့်မယ်။ ဒါမှလည်း သစ်လွင်တဲ့အချင်းအရာ တွေ ဖြစ်ထွန်းလာမှာပါ။ ဒါက မျိုးစေ့ကြဲပြီး ရေလောင်းတဲ့သဘောပါ။ တိုးတက်ဖြစ်ထွန်းချင်ရင် တော့ ခင်ဗျားမှာရေနဲ့မျိုးစေ့ လိုအပ်မှာပေါ့။ " ဟု အမေရိကန်အဟ်မဒီမွတ်စလင်မ်အဖွဲ့ရဲ့ ဥက္ကဌ ဇဖရ်က ဆိုပါတယ်။

"အမေရိကန်ပြည်ထောင်စုနေ ပြည်သူများနဲ့အတူ လျှောက်လှမ်းဖို့ရာ လိုအပ်ပါတယ်။ ဒါကို ကျွန်တော်တို့လုပ်ဆောင်ရမှာပါ။ ဒီလိုလုပ်ဆောင်မှုကနေ ဘယ်လိုဖူးပွင့်လာမလဲဆိုတာ ကြည့်ရှု ရမှာပါ" လို့ သူက ဖြည့်စွက်ပြောကြားပါတယ်။

အဟ်မဒီများနဲ့ အခြားမွတ်စလင်မ်အဖွဲ့တွေ ဘယ်လိုကွဲပြားသလဲဆိုတာက အဟ်မဒီခေါင်းဆောင် အနေနဲ့ အစွန်းရောက်များနဲ့ပတ်သတ်ပြီး ဘယ်လိုထင်ထင်ရှားရှား (မှတ်ချက်ပြု) တယ်ဆိုတာ ပေါ်မှာလည်း တည်မှီနေပါတယ်။

"ယနေ့ကာလမှာတော့ အစ္စလာမ်က ပြစ်မှတ်ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလို အစ္စလာမ့် အစစ်အမှန်သွန်သင်ချက်ကို လိုက်နာနေတာမဟုတ်တဲ့ မိမိတို့ကိုယ်ကို မွတ်စလင်မ်တွေပါလို့ ကြွေးကြော်နေတဲ့ (အမည်ခံ) အုပ်စုများကြောင့်ပါပဲ။ ဒီလိုလူများက (တင်ပြပြောဆိုနေတဲ့) မွတ်စလင့်ပင်မအရင်းအမြစ်ဆိုတာမျိုးကသာ အစ္စလာမ်လို့ ဆိုရင်တော့၊ အစ္စလာမ်ကို ဖြန့်ချိဖို့ အခွင့်အလမ်းတောင်ရှိမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ " လို့ ဇဖရ်က သူထင်မြင်တဲ့ အခြေခံဝါဒီမွတ်စလင်မ်များအကြောင်းကို ပြောပြခဲ့ပါတယ်။

ဒီလိုမှတ်ချက်ပေးခဲ့တဲ့အထဲမှာ စည်းအပြင်က လူတွေကို အမည်ခံမွတ်စလင်မ်လို့ သုံးစွဲလိုက်တာ ကြောင့် အဟ်မဒီများအား တခြားမွတ်စလင်မ်တွေက ခင်မင်နှစ်လိုကြတော့မှာ မဟုတ်ပါ။ စွန္နီနဲ့ ရှီးယိုက်မွတ်စလင်ခေါင်းဆောင်အုပ်စုတွေကတော့ အဟ်မဒီတွေနဲ့ပတ်သတ်ပြီး စကားလေးတောင် ဟဖို့ ဆန္ဒရှိမနေကြပါဘူး။

စီအင်အင်သတင်းဌာနက အမေရိကန်ပြည်ထောင်စုရဲ့ အဓိကအစ္စလာမ်အဖွဲ့ကြီးများဖြစ်တဲ့ အမေရိကန်-အစ္စလာမစ် အဆက်အဆံကောင်စီနဲ့ မြောက်အမေရိက အစ္စလာမ်မစ် အဖွဲ့အစည်း တို့ကို (အဟ်မဒီများနဲ့ပတ်သတ်လို့) ဆက်သွယ်မေးမြန်းတဲ့အခါ နှစ်ဖွဲ့စလုံးက မှတ်ချက်ကလေး ပေးဖို့ တောင်းဆိုတာတောင် တုန့်ပြန်ခဲ့ခြင်းမရှိခဲ့ကြပါ။

အမေရိကအတွင်းက အနာဂတ်

အမေရိကန်ရဲ့ အဟ်မဒီမွတ်စလင်မ်ခေါင်းဆောင်ဇဖရ်ကတော့ သူ့အုပ်စုဟာ တိုးတက်လာဖို့ မြင်တယ်လို့ ဆိုပါတယ်။

အဟ်မဒီအုပ်စုမှာ မီဒီယာအဖွဲ့ရှိပြီး မွတ်စလင်မ် တယ်လီဗွီးရှင်း အဟ်မဒီယာလို့ အမည်ပေးထားတဲ့ ၂၄နာရီ ဂြိုဟ်တုရုပ်မြင်သံကြားအစီအစဉ်ထုတ်လွှင့်တဲ့ ချယ်နယ်လ်လည်းရှိပါတယ်။

ချယ်နယ်လ်ရဲ့ ကနဦးရည်ရွယ်ချက်က ခလီဖာရဲ့မိန့်ခွန်းတွေကို ထုတ်လွှင့်ဖို့ပါ။ ဒါပေမယ့် အခြား အစီအစဉ်တွေကိုလည်း ဘာသာစကားအမျိုးမျိုးနဲ့ ထုတ်လွှင့်နေပါတယ်။ ဆီလ်ဗားစပရင်းဗလီ ဘေးမှာတော့ ဂြိုဟ်တုစလောင်းအကြီးကြီးတွေဝန်းရံနေပြီး အဲဒီကနေတဆင့် ကမ္ဘာတဝန်းလုံးကို ရုပ်မြင်သံကြားလှိုင်းတွေ ဖြန့်ဝေနေတာပါ။

ဒီ အမ်တီအေရုပ်မြင်သံကြားအစီအစဉ်အပြင် အဟ်မဒီတွေဟာ အစ္စလာမ်နိုင်ငံတကာပုံနှိပ် ထုတ်ဝေရေး (Islam International Publications) ကိုလည်း ပုံနှိပ်ထုတ်ဝေ​ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ အကောင်အထည်ဖော်ထားခဲ့ပါသေးတယ်။

အဟ်မဒီအများစုကတော့ မီဒီယာမှာ ဖော်ပြနေတဲ့ အစ္စလာမ်ရဲ့ ပုံပျက်ပန်းပျက်အသွင်အပြင်နဲ့ ပတ်သတ်ပြီး စိတ်သောကထားရှိကြပါတယ်။ သူတို့က အဲဒီမီဒီယာတွေကို အခြေခံဝါဒီမွတ်စလင်မ် တွေကိုသာ အထူးအာရုံထားပြီး ငြိမ်းချမ်းရေးဖော်ထုတ်လုပ်ဆောင်တဲ့ မွတ်စလင်မ်တွေကို လုံလောက်တဲ့ အာရုံထားမှုမလုပ်ကြဘူးလို့ ဆိုပါတယ်။

"အခု အစ္စလာမ့်ပုံရိပ်တစ်ခုရှိနေပါတယ်။ မွတ်စလင်မ်တွေအတွက် အမေရိကမှာ အဓိကစိန်ခေါ်မှုက ပုံနှိပ်လုပ်ငန်းများ(သတင်းစာများ)မှာ အရမ်းကို ပေါ်ပြူလာဖြစ်နေတဲ့ အစွန်းရောက်အပြုအမူ ပုံရိပ်တွေကနေ လွတ်မြောက်ဖို့ပါပဲ။" ဟု ဇဖရ်ကို ဆိုပါတယ်။

အမေရိကန်တက္ကသိုလ်က အက္ကဘဲရ်အဟ်မဒ်ကတော့ အဟ်မဒီတွေရဲ့အနာဂတ်ဟာ အနောက်နိုင်ငံ များနဲ့ အစ္စလာမ်အကြား ပေါင်းကူးတံတားလို့ မြင်ပါတယ်။

" အမေရိကဘက်မှာ အဟ်မဒီများက အစ္စလာမ်အတွက် အပေါင်းလက္ခဏာဆောင်တဲ့ တံတားသဖွယ် ပြုမူနေကြပြီး ဒါကလည်း အမေရိကအတွက် လတ်တလောလိုအပ်နေတဲ့အချက်ပါ။ မွတ်စလင်မ်တွေ အတွက်ကတော့ ဒီ(အဟ်မဒီမဟုတ်တဲ့)မွတ်စလင်မ်အုပ်စုကြီးနဲ့ ပတ်သတ်ဆက်နွယ်နေမယ်ဆိုရင်၊ ကမ္ဘာကြီးကို အစ္စလာမ်နဲ့ ဆက်သွယ်ပေးဖို့ (အတွက်ဆိုပေမယ့်) ကမ္ဘာကြီးကနေ သီးသီးသန့်သန့်နဲ့ အထီးကျန်ဖြစ်သွားနိုင်တဲ့ အငြင်းပွားဖွယ် အလုပ်တွေသာ ဆက်လက်ပြီး လုပ်ဆောင်နိုင်ဖို့ အခွင့်ပဲ ရှိမှာပါ။ " လို့ အက္ကဘဲရ်အဟ်မဒ်က ဆိုပါတယ်။

အခုအချိန်မှာတော့ အဟ်မဒီမွတ်စလင်မ်များဟာ ကမ္ဘာနှစ်ခုကြားက ပိတ်မိနေတဲ့အုပ်စုပါ။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-