Tuesday, September 4, 2018

သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနား မန္တလေးတွင်ကျင်းပ

မြန်မာနိုင်ငံအတွင်း နေထိုင်ကြပြီး ကိုးကွယ်ယုံကြည်ရာဘာသာတရားများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားစေရန် ရည်ရွယ်ကာ သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနားကို စက်တင်ဘာလ ၂ ရက်နေ့က မန္တလေးမြို့ရှိ မြန်မာနိုင်ငံဆရာဝန်များ အသင်းခန်းမတွင် ကျင်းပခဲ့သည်။

“ဘာသာတရားရဲ့ အနှစ်သာရ၊ ဘာသာတရားရဲ့ တန်ဖိုးတွေကို ဘာသာဝင်နောက်လိုက်တွေက တန်ဖိုးထား နားလည်တတ်ဖို့နဲ့ မိမိတို့ဘာသာတရားရဲ့ သွန်သင်ချက် အနှစ်သာရတွေကို သိမြင်နားလည်ဖို့၊ ဘာသာတရားအပေါ်မှာ ယုံကြည်သက်ဝင်မှု ပိုမိုပြီးတော့ တိုးပွားလာစေဖို့နဲ့ သာသနာဝင် အချင်းချင်းတွေရဲ့ကြားမှာ ချစ်ခင်ရင်းနှီးမှု၊ မေတ္တာထားတတ်မှု၊ အပြန်အလှန် စာနာနားလည်တတ်မှု တိုးပွားလာစေဖို့ ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ အဟ်မဒီယာ မွတ်စလင်အဖွဲ့ချုပ်မှ သာသနာပြုဆရာ ဦးဇေယျာမိုးက ပြောကြားသည်။

သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနားကို ၂၀၁၇ ခုနှစ်ကစ၍ ရန်ကုန်တိုင်းတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလကလည်း ရန်ကုန်တိုင်းတွင်ပင် ထပ်မံကျင်းပခဲ့ကြောင်း၊ ယခုတတိယအကြိမ်တွင် မန္တလေးမြို့တော်၌ ကျင်းပခြင်းဖြစ်ကြောင်း၊ အခမ်းအနားသို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာဘာသာအလိုက် တရားတော်များကို ဟောကြားခဲ့သည်။ “ကျွန်တော်က ဝန်ကြီးကိုယ်စား တက်ရောက်ခဲ့ပါတယ်။ ဝန်ကြီးသူရ ဦးအောင်ကိုပေးအပ်တဲ့ သဝဏ်လွှာလည်း ဖတ်ကြားခဲ့ပါတယ်။ ဒီလိုအခမ်းအနားက ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက်တဲ့ကိစ္စဖြစ်ပါတယ်”ဟု မန္တလေးတိုင်း သာသနာရေးဦးစီးမှူး ဦးခင်မောင်တင့်က ပြောကြားသည်။

သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနားကို ဘာသာအသီးသီးမှ ခေါင်းဆောင်များအပါအဝင် လူ ၄၀၀ ခန့် တက်ရောက်ခဲ့ပြီး ဘာသာတရားအသီးသီး၏ သွန်သင်ဟောပြောချက် အနှစ်သာရများကို စုစည်းထားသည့် ပြခန်းများလည်း ဖွင့်လှစ်ပြသခဲ့သည်။.

Source : http://thevoicemyanmar.com/news/25359-tdn

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-