Monday, January 20, 2014

အီမာန်ကပေးသော ရည်ရွယ်ဆုံးဖြတ်ချက်စွမ်းရည်


 အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ခေါင်းဆောင်ခလီဖာ၊
ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ရ ရက်နေ့တွင် မြွက်ကြားခဲ့သော သောကြာနေ့ မိန့်ခွန်း

- လက်တွေ့ပြုပြင်တည့်မတ်မှုအတွက် အမှန်တကယ် လိုအပ်သော
စွမ်းရည်(၃)ရပ်- (၁) ခိုင်မာသောရည်ရွယ်ချက်၊ (၂) မှန်ကန်ပြည့်ဝသော
ပညာဗဟုသုတ၊ (၃) လက်တွေ့လုပ်ဆောင်နိုင်စွမ်း။
- ရည်ရွယ်ဆုံးဖြတ်နိုင်သော စွမ်းရည်ဆိုတာက ဘာပါလဲ။
- ရည်ရွယ်ဆုံးဖြတ်နိုင်သော စွမ်းရည်ဆိုတာက သာသနာရေးအရ အီမာန်
(ယုံကြည်မှု)ရဲ့ အမည်ပါပဲ။
- တမန်တော်မြတ်(ဆွ)အား အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသော ဆွဟာဘာ
သာဝကကြီးများ၏ တော်လှန်ပြောင်းလဲမှု။
- အီမာန်ယုံကြည်မှုကြောင့် သူတို့အတွင်းမှာ ပေါက်ဖွားလာခဲ့တဲ့ ရည်ရွယ်
ဆုံးဖြတ်နိုင်သောစွမ်းရည်က သူတို့ရဲ့ လက်တွေ့ကျင့်သုံးမှုပိုင်း အားနည်း
ချက်တွေကို ဘယ်လို ဖယ်ရှားပစ်ခဲ့သလဲဆိုရင် အရှိန်ပြင်းစွာစီးလာတဲ့
လှိုင်းတံပိုးတစ်ခုက အမှိုက်ရိုးတံတစ်ခုကို သယ်ဆောင်သွားလိုက်သလိုပါပဲ။
- တစ်စုံတစ်ဦးထံမှာ အသိပညာစွမ်းရည်ရှိမယ်ဆိုရင် ပညာနည်းပါးမှုကြောင့်
ဖြစ်ပေါ်တတ်တဲ့ လက်တွေ့လုပ်ဆောင်မှု အားနည်းချက်တွေဟာ
လွင့်ပျောက်သွားမှာ ဖြစ်ပါတယ်။
- ဂျမာအတ်စနစ်ကြီး တစ်ခုလုံးနှင့် တာဝန်ခံ ပုဂ္ဂိုလ်တွေ၊ လက်အောက်ခံ
အစည်းအရုံးတွေက လူအများထံမှာဖြစ်ပေါ်နေတဲ့ လက်တွေ့လုပ်ဆောင်
နိုင်မှုဆိုင်ရာ အားနည်းချက်များကိုဖယ်ရှားပေးဖို့ အထောက်အကူပြုသူတွေ
ဖြစ်ကြရမယ်။  
- ဂျနာဇာ (ဈာပနဆုတောင်း)- ပါကစ္စတန်နိုင်ငံ ရာဝလ်ပင်ဒီမှ ရှဟီဒီ
Arsalan Sarwar အတွက် ဂျနာဇာဃာအီဗ်။

 တရှာဟွဒ်၊ တအာဝိုဇ်နှင့် စူရာဟ် ဖာတီဟာတို့ကို ဖတ်ရွတ်ပြီးနောက် ...
ပြီးခဲ့တဲ့ ဂျွမ္မာခွတ္တဘာမှာတုန်းက လက်တွေ့ပြုပြင်တည့်မတ်မှု လမ်းကြောင်း
တစ်လျှောက်မှာ ဟန့်တားနေတဲ့ အကာအဆီးတွေနဲ့ ကျွန်တော်တို့ကို
နောက်ဘက်သို့ တစ်ဖန် ပြန်လည်ဆွဲငင်ခေါ်ယူလျက်ရှိတဲ့ အကြောင်းခံတွေကို
ဖယ်ရှားဖို့အတွက် ဘာတွေလိုအပ်သလဲ။ အကယ်၍ လူသားထံမှာ (၁)
ရည်ရွယ်ဆုံးဖြတ်နိုင်သော စွမ်းရည်၊ (၂) မှန်ကန်ပြည့်စုံသော အသိပညာနှင့်
(၃) လက်တွေ့လုပ်ဆောင်နိုင်သော စွမ်းရည်တို့သာ ပေါ်ပေါက်လာမယ်ဆိုရင်
လက်တွေ့ပြုပြင်တည့်မတ်မှု၌ အတားအဆီးဖြစ်နေတဲ့ အားနည်းချက်တွေကို
ရင်ဆိုင်နိုင်မှာဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင်
ကျင့်ကြံတည်ဆောက်မှု အားနည်းခြင်းဟာ ရည်ရွယ်ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်မရှိ
တာကြောင့်ဖြစ်ပါတယ်။ ဒါမှမဟုတ် ကောင်းသောအကျင့်က ဘာလဲ၊
မကောင်းသော အကျင့်ကဘာလဲ ဆိုတာကို ခွဲခြားမသိတာကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် ကောင်းသောအကျင့်တွေကို ဘယ်လိုရှာဖွေရမလဲ၊ ဘယ်လို
ကျင့်သုံးတည်ဆောက်ရမလဲ၊ မကောင်းသောအကျင့်တွေကို ဖယ်ရှားဖို့အတွက်
ဘယ်လို ကြိုးစားရမလဲဆိုတာကို မသိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါမှမဟုတ် လက်တွေ့လုပ်ဆောင်နိုင်စွမ်းက မကောင်းမှုကိုတွန်းလှန်ဖို့ရာ
စွမ်းအားမရှိလောက်အောင်ကို အင်အားနည်းပါးနေတာလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ရည်ရွယ်ဆုံးဖြတ်နိုင်သော စွမ်းရည်ကို ခိုုင်မာအောင်ပြုလုပ်ရန်၊
အသိပညာပိုင်းအားနည်းမှုကို ဖယ်ရှားရန်နှင့် လက်တွေ့လုပ်ဆောင်နိုင်စွမ်းကို
မွေးဖွားပေးခြင်းတို့ဟာ အလွန် အရေးကြီးလိုအပ်လှပါတယ်။
လက်တွေ့လုပ်ဆောင်နိုင်စွမ်းကို မိမိကိုယ်တိုင်ကြိုးစားခြင်းအားဖြင့်လည်း ရရှိနိုင်
သလို၊ အလွန်အားနည်းတဲ့ လူသားအတွက်က ပြင်ပမှ အထောက်အကူတွေ
လိုအပ်လာမှာ ဖြစ်ပါတယ်။ မည်သို့ဆိုစေ ပြီးခဲ့တဲ့ ခွတ္တဘာမှာ ဒီအကြောင်း
အရာတွေကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ယနေ့ ထိုအကြောင်းအရာကိုပဲ
အချို့သော ဥပမာတွေနဲ့ ထပ်တိုးရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။

 လက်တွေ့ပြုပြင်တည့်မတ်မှုအတွက် စွမ်းရည်(၃)ရပ်လိုအပ်ကြောင်း ကျွန်တော်
တို့ သိခဲ့ရပြီးပါပြီ။ ထိုစွမ်းရည်(၃)ရပ်အနက် ပထမဦးဆုံးစွမ်းရည်က ရည်ရွယ်
ဆုံးဖြတ်နိုင်သော စွမ်းရည်ဖြစ်ပါတယ်။ ဒီ ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းဆိုတာက
ဘာပါလဲ။ ယခုလို မေးလိုက်တာကြောင့် အချို့ကလည်း အံ့ဩပါလိမ့်မယ်။
ရည်ရွယ်ဆုံးဖြတ်နိုင်သော စွမ်းရည်ဆိုတဲ့ စကားလုံးအားဖြင့် ဒါဟာ အလုပ်
တစ်ခုခုကို လုပ်ဆောင်ဖို့အတွက် အခိုင်အမာ ဆန္ဒပြုခြင်းနှင့် ယင်းအလုပ်ကို
ဆုံးခန်းတိုင်သည်အထိ လုပ်ဆောင်ဖို့အတွက် အင်အားစိုက်ထုတ်ခြင်းဖြစ်
ကြောင်း အများစုကဆိုကြပါလိမ့်မယ်။ အခုလို ရည်ရွယ်ဆုံးဖြတ်နိုင်သော
စွမ်းရည်က ဘာပါလဲဆိုပြီး မေးခွန်းထုတ်စရာ ဘာအကြောင်းရှိသလဲလို့
တွေးပါလိမ့်မယ်။ ဒီတော့ ဒါနဲ့ပတ်သက်လို့ ရှင်းလင်းစွာသိထားဖို့
လိုအပ်ပါတယ်။
ဟာဇရတ် မွတ်စ်လေမော်အူးဒ်(ရဒီ)က ဒီအကြောင်းအရာကို အလွန်ကောင်းမွန်
တဲ့အသွင်ဖြင့် ရှင်းလင်းမိန့်ကြားထားပါတယ်။ ရည်ရွယ်ဆုံးဖြတ်နိုင်သော
စွမ်းရည်ရဲ့ အနက်သဘောက လုပ်ဆောင်မှု အားလျော်စွာ နေရာအသီးသီးမှာ
ပြောင်းလဲလျက်ရှိပါတယ်။ ဒါကြောင့် ဒီအခြေခံအချက်ကို ကျွန်တော်တို့
သိမှတ်ထားဖို့လိုပါတယ်။ ဒီအချက်ကို မျက်မှောက်ပြုထားမယ်ဆိုတော့မှ
သာလျှင် သာသနာရေးပိုင်းအရ ရည်ရွယ်ဆုံးဖြတ်နိုင်သော စွမ်းရည်ကဘာလဲ
ဆိုတာကို စဉ်းစားတွေးတောနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မှတ်ထားရမှာက-
သာသနာရေးအရ ရည်ရွယ်ဆုံးဖြတ်နိုင်သော စွမ်းရည်ဆိုတာက အီမာန်
(ယုံကြည်မှု)ရဲ့ အမည်ပဲဖြစ်ပါတယ်။ ဒီရှုထောင့်ကနေ ကျွန်တော်တို့ ကြည့်တဲ့
အခါ အီမာန်(ယုံကြည်မှု)စွမ်းရည် တိုးမြင့်ခြင်းအားဖြင့် လက်တွေ့လုပ်ဆောင်
နိုင်သော စွမ်းရည်ကလည်း တိုးတက်လာတယ်ဆိုတာကို သိနိုင်ပါတယ်။
အကယ်၍ ခိုင်မာတည်ကြည်သော အီမာန်ရှိပြီး အအလ္လာဟ်အရှင်မြတ်နှင့်
ဆက်နွယ်မှုရှိတဲ့အခါ လူသားရဲ့ လုပ်ငန်းဆောင်တာတွေက အလျင်အမြန်ပဲ
ကျော်လွှားသွားနိုင်ပါတယ်။ အအလ္လာဟ်အရှင်မြတ်ရဲ့ထောက်ခံမှု၊ ကူညီဆောင်မ
မှုများအားဖြင့် အခက်အခဲဟူသမျှဟာ လွယ်ကူချောမွေ့သွားပါတော့တယ်။ ဒီလို
အီမာန်(ယုံကြည်မှု)ကြောင့် လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ အခက်အခဲတွေဟာ
 လေ၌လွင့်ပါးလျက် လူသားဟာ လွယ်ကူစွာဖြင့် မိမိကိုယ်ကို ထိန်းချုပ်ထားနိုင်
လာပါတော့တယ်။
ဒါဟာ ပါးစပ်ပြောသက်သက်မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်လို့ လက်တွေ့ဖြစ်ရပ်
တွေကို ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ ကျွန်တော်တို့ဟာ တမန်တော်မြတ်
ကြီး(ဆွ)ရဲ့ ခေတ်ကာလကို ကြည့်ရှုသုံးသပ်တဲ့အခါ ထိုသူတို့ရဲ့ အီမာန်မယူခင်
အခြေအနေတွေနဲ့ အီမာန်ယူပြီးနောက် အခြေအနေတွေကို ယှဉ်ကြည့်လိုက်
လျှင် အလွန်အံ့ဩဖွယ်ကောင်းလောက်တဲ့ စံနမူနာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ 
တမန်တော်မြတ်ကြီး(ဆွ)ကို သက်ဝင်ယုံကြည်ခဲ့သူတွေဟာ ဘယ်လိုလူတွေပါလဲ။
သူတို့ရဲ့ ကျင့်ကြံတည်ဆောက်မှုအခြေအနေက ဘယ်လိုရှိခဲ့ပါသလဲ။
ဒါနဲ့ပတ်သက်လို့ သမိုင်းက ကျွန်တော်တို့ကို ဘယ်လို ပြောထားပါသလဲ။
ယခုလို ယုံကြည်လာသူတွေထဲမှာ သူခိုးသူဝှက်လည်းပါတယ်။ ဓားပြလည်း
ပါတယ်။ ပြဿနာဖန်တီးလျက် ပုန်ကန်ခြားနားတတ်သူလည်းပါတယ်။
သူတို့ထဲမှာ မိခင်တွေကို ပြန်လည်သိမ်းပိုက်သူတွေလည်း ရှိတယ်။ မိခင်တွေကို
အမွေပစ္စည်းလို ခွဲဝေယူခဲ့ကြသူတွေလည်းရှိတယ်။ မိမိတို့ရဲ့ သမီးငယ်တွေကို
သတ်ဖြတ်ခဲ့သူတွေလည်းရှိတယ်။ သူတို့အတွင်းမှာ အချိန်ပြည့် လောင်းကစား
လုပ်နေတဲ့ လောင်းကစားသမားတွေလည်းပါတယ်။ အရက်ကို အလွန်အကျွံ
သောက်စားသူတွေလည်း ပါတယ်။ သူတို့ဟာ အရက်သောက်မှသာ ဂုဏ်သိက္ခာ
ရှိတယ်လို့ ယူဆခဲ့ကြသူတွေ ဖြစ်ပါတယ်။ အရက်ကို ပိုမိုသောက်နိုင်ကြောင်းဖြင့်
ဂုဏ်ယူပြောဆိုကြသူတွေဖြစ်ပါတယ်။

ကဗျာဆရာတစ်ဦးက မိမိဟာ ညဉ့်နက်သန်းခေါင်မှာပင် နိုးထလျက်
အရက်သောက်ခဲ့ကြောင်း၊ ရေကို လက်ဖျားနှင့်ပင်မထိခဲ့ကြောင်းဖြင့် ကဗျာ
ရေးစပ်လျက် ဂုဏ်ယူဝင့်ကြွားခဲ့ပါတယ်။ လောင်းကစားသူကလည်း မိမိရဲ့
ပစ္စည်းဥစ္စာအလုံးစုံကို လောင်းကစားဝိုင်းထဲမှာ ထည့်လိုက်ကြောင်း၊ နောက်ထပ်
ရှာဖွေလာတဲ့ ပစ္စည်းဥစ္စာတွေကိုလည်း လောင်းကစားမှုထဲမှာပဲ ထည့်သွင်း
ကစားခဲ့ကြောင်း ရေးစပ်လျက် ဂုဏ်ယူပြောဆိုခဲ့ပါတယ်။ ယနေ့ အကြီးစား
 လောင်းကစားသမားတွေပင်လျှင် ဒီလို ကြေညာပြီး ကစားကြမယ်လို့ မထင်ပါ
ဘူး။ မည်သို့ဆိုစေ ဒါက ထိုခေတ်ထိုအခါက သူတို့ရဲ့ အခြေအနေ ဖြစ်ပါတယ်။
အဲဒီနောက် တမန်တော်မြတ်ကြီး(ဆွ)ကို အီမာန်သက်ဝင်ယုံကြည်ပြီးနောက်မှာ
သူတို့ရဲ့အခြေအနေဟာ ဘယ်လိုပြောင်းလဲသွားခဲ့ပါသလဲ။ ဒီ သက်ဝင်ယုံကြည်
မှုကပဲ သူတို့ထံမှာ အဘယ်သို့သော ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းတွေကို မွေးဖွား
ပေးခဲ့ပါသလဲ။ ဒါနဲ့ပတ်သက်လို့ အဖြစ်အပျက်တွေကိုလည်း သမိုင်းစာမျက်နှာ
တွေက ဖော်ပြလျက်ရှိပါတယ်။ အလွန်အံ့ဩစရာကောင်းပါတယ်။ အခုလို
ကြီးကျယ်တဲ့ တော်လှန်ပြောင်းလဲမှုဟာ သူတို့ထံမှာ ဘယ်လို ဖြစ်ပေါ်လာခဲ့ပါ
သလဲ။ အီမာန်သက်ဝင်ယုံကြည်ခြင်းနှင့်အတူ သူတို့ဟာ ယခု သာသနာ့
သွန်သင်ချက်များအတိုင်း လိုက်နာကျင့်သုံးဖို့အတွက် မိမိတို့ရဲ့နှလုံးသားကို
ခိုင်မာမြဲမြံအောင် ပြုလုပ်ကြရတော့မှာဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။
မိမိတို့ဟာ အအလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်တွေကို ဆန့်ကျင်လျက် ခြေလှမ်းမှု
မပြုတော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါတင်မက တမန်တော်မြတ်ကြီး(ဆွ)ရဲ့
အမိန့်စကားဟူသမျှဟာ မိမိတို့အတွက် ယတိပြတ် အမိန့်ပေးစကားပဲ ဖြစ်ရမယ်
လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ရဲ့ ယခုလို ဆုံးဖြတ်ချက်က ဘယ်လောက်ထိ
ခိုင်မာတည်ကြည်ပြီး ဘယ်လောက်ထိ အင်အားပြင်းထန်လိုက်သလဲဆိုရင်
သူတို့ရဲ့ ကျင့်သုံးတည်ဆောက်မှုပိုင်းဆိုင်ရာ အားနည်းချက်တွေဟာ သူတို့ရဲ့
ဆုံးဖြတ်ချက်တွေရှေ့မှာ တစ်စက္ကန့်ကလေးတောင် မရပ်နိုင်ခဲ့ပါဘူူး။ သူတို့ရဲ့
အခြေအနေတွေဟာ ဘယ်လောက်တောင် ပြောင်းလဲသွားခဲ့သလဲဆိုရင်
အဆိုးရွားဆုံး အန္တရာယ်ရှိတဲ့ ဘေးဒုက္ခကိုပင် ခံယူဖို့အတွက် အသင့်ဖြစ်သွား
ခဲ့ပါတယ်။ အသင့်ဖြစ်ရုံတင်မကပါဘူး။ သူတို့အတွင်းမှာ ပေါက်ဖွားစေခဲ့တဲ့
ရည်ရွယ်ဆုံးဖြတ်နိုင်သောစွမ်းရည်က သူတို့ရဲ့ လက်တွေ့ကျင့်သုံးမှုပိုင်း
အားနည်းချက်တွေကို ဘယ်လိုဖယ်ရှားပစ်လိုက်သလဲဆိုရင် အရှိန်ပြင်းစွာ
စီးလာတဲ့ လှိုင်းတံပိုးတစ်ချက်က အမှိုက်ရိုးတံတစ်ခုကို သယ်ဆောင်သွားလိုက်သလိုပါပဲ။ 
သူတို့ဟာ အရက်သေစာကို ဘယ်လို သောက်စားခဲ့ကြသလဲဆိုတာ အထက်မှာ
ဥပမာ တင်ပြခဲ့ပါတယ်။ ဒီလိုသောက်စားနိုင်တာကိုပဲ သူတို့က ဘယ်လောက်
 ဂုဏ်ယူခဲ့ကြပါသလဲ။ အရက်ရှိန်တက်နေသူတစ်ယောက်ဟာ ဘယ်လို
အခြေအနေမှာရှိသလဲဆိုတာကို သိကြမှာပါ။ ကျွန်တော်တို့ရဲ့ ဖဇလ်ဗလီ
နားကနေ အရက်သမားတစ်ယောက် ဖြတ်သွားလေ့ရှိပါတယ်။ သူ့ထံမှာ
အရက်ပုလင်းကလွဲလို့ တစ်ခြားဘာမှမရှိပါဘူး။ အဝတ်တွေက ညစ်ပတ်ပေရေ
နေပေမဲ့ အရက်ကိုတော့ ဝယ်သောက်ပါတယ်။ အဲဒီလူဟာ ပညာတတ်
တစ်ယောက်၊ တစ်ချိန်က အင်ဂျင်နီယာတစ်ယောက်ဆိုတာလည်း သိရပါတယ်။
ယခုတော့ ဘာအလုပ်မှ မလုပ်တော့ပါဘူး။ အသက်ကလည်း ၈ဝ လောက်ရှိနေ
ပါပြီ။ အစိုးရထံကပေးတဲ့ ထောက်ပံ့ကြေးရသမျှကိုလည်း အရက်ဝယ်သောက်ပြီး
လမ်းပေါ်မှာပဲ နေထိုင်ပါတယ်။ မူးယစ်မှုဒဏ်ကြောင့် သူ့ရဲ့ ဦးနှောက်ကလည်း
ပုံမှန်မဟုတ်တော့ပါဘူး။ အရက်သောက်ထားတဲ့အချိန်မှာ သူ့ပုံစံက
ကြောက်စရာကောင်းပါတယ်။ ကျွန်တော်လည်း အကြိမ်ကြိမ် တွေ့ဖူးပါတယ်။
သူဟာ လမ်းသွားလမ်းလာ အမျိုးသမီးတွေကို ရှေ့ကနေပိတ်ပြီး ခြောက်လှန့်
တတ်ပါတယ်။ ဒီပတ်ဝန်းကျင်မှာနေထိုင်တဲ့ အင်္ဂလိပ်အမျိုးသမီးတွေဟာ သူ့ရဲ့
မျက်နှာကိုမြင်တဲ့အခါ အလွန်ကြောက်ကြပါတယ်။ မည်သို့ဆိုစေ သောက်စား
မူးယစ်မှုက သူ့ကို ဒီလိုအခြေအနေ ဖြစ်သွားစေခဲ့ပါတယ်။
 
ဒါ့အပြင် တစ်ချို့ အရက်မူးလာတဲ့အခါ မိခင်ဖခင်တွေကိုပါ ဆဲဆိုတတ်တဲ့
အရက်သမားတွေလည်း ရှိပါတယ်။ မထင်မှတ်တဲ့ လုပ်ရပ်တွေကို လုပ်တတ်ကြ
ပါတယ်။ ကျွန်တော် ဂါနာနိုင်ငံမှာ နေခဲ့စဉ်က အဖြစ်အပျက်တစ်ခု အမှတ်ရမိ
ပါတယ်။ ဂါနာရဲ့Dambai ဆိုတဲ့ မြို့တစ်ခုမှာ ဂျမာအတ်က စိုက်ပျိုးရေး
စီမံကိန်းတစ်ခုပြုလုပ်စဉ်က ဖြစ်ပါတယ်။ ထိုနေရာမှာ ကျွန်တော်နေတဲ့ အိမ်က
ခြံတွေဝင်းတွေ မရှိပါဘူး။ ဘေးပတ်လည်မှာ အုတ်တံတိုင်းမခတ်ထားပါဘူး။
အိမ်တိုင်း ဒီလိုပါပဲ။ အိမ်ရှေ့မှာ နေရာလွတ် သေးသေးလေးရှိပြီး အဲဒီမှာ
ကားရပ်နိုင်ပါတယ်။ ထိုစဉ်က ဂါနာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကလည်း
မကောင်းပါဘူး။ အိမ်ရဲ့ပြင်ပမှာ တစ်ခုခုထားတယ်ဆိုရင် အခိုးခံရတတ်
ပါတယ်။ ယခုတော့ ဒီ(အင်္ဂလန်)နိုင်ငံမှာတောင် ခိုးဝှက်မှုတွေ ဖြစ်လာနေပါပြီ။
ဒီနိုင်ငံမှာကတော့ အိမ်တံခါးတွေကိုတောင်ချိုးဖျက်ပြီး ခိုးယူကြခြင်းဖြစ်ပါတယ်။
မည်သို့ဆိုစေ ထိုစဉ်က ဂါနာနိုင်ငံ တည်ငြိမ်အေးချမ်းမှုမရှိတာကြောင့်
 စီးပွားရေးအခြေအနေကလည်း မကောင်းပါဘူး။ ကျွန်တော်က အိမ်မှာ
ညစောင့်တစ်ဦး ထားပါတယ်။ သူက ညဘက်လာပြီး မနက်ဆိုရင် ပြန်ပါတယ်။
ကျွန်တော်က သူ့ကို အိမ်ပြင်မှာ ရပ်ထားတဲ့ ကားကို သေချာစောင့်ကြည့်ဖို့၊
အထူးသဖြင့် ကားဘီးတွေ အဖြုတ်ခံရတာကြောင့် အဲဒါကို ဂရုစိုက်ဖို့ သူ့ကို
မှာထားပါတယ်။ များသောအားဖြင့် သူဟာ အရက်မူးပြီး ရောက်လာတတ်
ပါတယ်။ ရောက်တဲ့အခါ စပယ်ယာဘီးကို အိမ်ထဲယူသိမ်းဖို့ ဖြုတ်တဲ့အခါ
ကားဘီးက လဲမကျခင် သူက အရင် လဲလဲကျတတ်ပါတယ်။ တစ်ရက်မှာ
ကျွန်တော် သူ့ကိုတွေ့တော့ တော်တော်ကို မူးနေပုံရပါတယ်။ ဒါနဲ့ ရဲက သူ့ကို
ဖမ်းထားလိုက်ပါတယ်။ မူးနေတဲ့အချိန် တစ်ခုခုပြောလိုက်ရင် ဆူညံအော်ဟစ်မှာ
ကြောင့် အခြေအနေအရ သူ့ကို ဘာမှမပြောဘဲ ထားလိုက်ပါတယ်။
နောက်တစ်နေ့ အမူးပြေသွားတဲ့အခါ သူ့ကို အလုပ်ကနေ ရပ်နားလိုက်ကြောင်း
ပြောလိုက်ပါတယ်။ ဒါပေမဲ့ သူက တောင်းပန်စကားပြောပြီး နောက်နောင်ကို
ဆင်ခြင်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အတန်ကြာတဲ့အခါမှာ နဂိုအခြေအနေ
လိုပဲ ပြန်ဖြစ်လာပြန်ပါတယ်။

ဒါကို ပြောပြရခြင်းအကြောင်းက မူးယစ်နေတဲ့အချိန်မှာ လူဟာ မိမိ
ဘာလုပ်နေသလဲ၊ ဘာတွေပြောနေသလဲဆိုတာကို မသိပါဘူး။ နောက်တစ်နေ့
အမူးပြေတဲ့အခါ မနေ့က ခင်ဗျား မူးနေတုန်း အခုလိုတွေ ပြောသွားတယ်လို့
ပြောပြတဲ့အခါ သူက ဒါမျိုးတော့ မပြောနိုင်ပါဘူးဗျာ၊ ကျွန်တော်
အေးအေးဆေးဆေး နေတတ်တဲ့လူပါ၊ ကျွန်တော် ဒါမျိုးတွေ မပြောတတ်ပါဘူးလို့ ငြင်းပါလိမ့်မယ်။
ဟာဇရတ် မွတ်စ်လေမော်အူးဒ်(ရဒီ)ကလည်း ပုဂ္ဂိုလ်တစ်ဦးရဲ့ အဖြစ်အပျက်ကို
ပြောပြပါတယ်။ သခင်ကြီးဟာ ရထားခရီးတစ်ခုမှာ လူတစ်ယောက်နဲ့ တွေ့ခဲ့ရ
ပါတယ်။ သူဟာ ဂုဏ်သရေရှိ မိသားစုတစ်ခုထဲက ဖြစ်ပါတယ်။ ဒါ့အပြင်
ဝန်ကြီးတစ်ယောက်ရဲ့ သားလည်း ဖြစ်ပါတယ်။ ဒီခရီးတစ်လျှောက်မှာ သူဟာ
မူးနေတာကြောင့် သတိ၊ အသိရှိနေတဲ့အချိန်မှာ လူတစ်ယောက် မပြောဝံ့တဲ့
စကားတွေကို ပြောနေပါတော့တယ်။ 

 မွတ်စ်လေမော်အူးဒ်(ရဒီ)သခင်ကြီး မိန့်ကြားတော်မူတာက- အရက်သေစာရဲ့
မူးယစ်မှုက လူသားရဲ့ ဦးနှောက်အသိဉာဏ်ကို ဖုံးအုပ်သွားစေလျက် လုံးဝ
အရူးတစ်ယောက်လို ဖြစ်သွားစေတယ်။
ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ ကျွန်တော်တို့ဟာ ရည်ရွယ်ဆုံးဖြတ်နိုင်သော
စွမ်းရည်ရဲ့ အခုလို တော်လှန်ပြောင်းလဲမှုကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကို
မွတ်စလင်မ် မဟုတ်သူတွေကပင် မလွဲမရှောင်သာ လက်ခံခဲ့ကြရပါတယ်။
ဒီတော့ ယခုလို ရည်ရွယ်ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်က အီမာန်(ယုံကြည်မှု)က
ပေးလိုက်တဲ့ စွမ်းရည်၊ တမန်တော်မြတ်ကြီး(ဆွ)က မိမိအား လက်ခံယုံကြည်
သူတွေအတွင်းမှာ မွေးဖွားပေးလိုက်တဲ့ စွမ်းရည် ဖြစ်ပါတယ်။
ဒါရဲ့မြင်ကွင်းကို ယခု ဆင့်ပြန်ချက်အားဖြင့် ကျွန်တော်တို့ တွေ့နိုင်ပါတယ်။
ဆဟာဘာ(သာဝက)အချို့ဟာ အိမ်တစ်ခုအတွင်းမှာ ဝိုင်းဖွဲ့ထိုင်နေကြတယ်။
တံခါးမကို ပိတ်ထားလျက် သူတို့အားလုံးဟာ အရက်သောက်နေကြတယ်။
ထိုအချိန်ထိ အရက်သေစာကို ပိတ်ပင်တားဆီးတဲ့ ဥပဒေက မကျရောက်သေး
ပါဘူး။ ပြီးတော့ သူတို့ထံမှာက အချိန်အဆနဲ့ အရက်ကိုသောက်ကြတာ
မဟုတ်ပါဘူး။ ဒီလိုနဲ့ အရက်အိုးတစ်လုံးကို ဝိုင်းထဲက လူတွေက အပြောင်ရှင်း
ပစ်လိုက်တယ်။ အရက်အိုးတစ်လုံးမှာ ဂါလံ အတော်များများ ပါပါတယ်။
နောက်တစ်အိုး စသောက်နေကြပါပြီ။ ဒီအချိန်မှာပဲ လမ်းပေါ်က အသံတစ်ခု
ကြားလိုက်ရတာက- တမန်တော်မြတ်ကြီး(ဆွ)က မိန့်တော်မူတယ်။ အလ္လာဟ်
အရှင်မြတ်ထံတော်မှ ကျွန်ုပ်ထံ အမိန့်တော်ကျရောက်တယ်။ ယနေ့မှစ၍
မွတ်စလင်မ်တွေအတွက် အရက်ကို တားမြစ်ပြီ။ ဒီအသံကို သူတို့ ကြားရတယ်
ဆိုရင်ပဲ သူတို့အတွင်းက အရသာခံမူးယစ်နေသူတစ်ဦးက အခြားတစ်ဦးကို
ထပါဦး၊ တံခါးဖွင့်ပြီး ဒီကြေညာချက်အကြောင်းကို စုံစမ်းပါဦးလို့ ပြောတယ်။
ဒီအခါမှာ ဝိုင်းထဲမှ ပုဂ္ဂိုလ်တစ်ဦးက ထရပ်လျက် အမိန့်နဲ့ပတ်သက်လို့စုံစမ်းဖို့ရာ
အပြင်ထွက်ဖို့ လုပ်နေတုန်းမှာပဲ မူးယစ်မှုအရှိန်တက်နေတဲ့ နောက်တစ်ဦးက
လက်ကိုင်တုတ်တစ်ခုကို ကောက်ယူလျက် အရက်အိုးကို ရိုက်ခွဲပစ်လိုက်
ပါတယ်။ ဒါနဲ့ ပထမပုဂ္ဂိုလ်က ဘာလုပ်တာလဲ၊ အရင်ဆုံး မေးလိုက်ဦးမှပေါ့၊
အမိန့်ကဘာအဓိပ္ပာယ်လဲ၊ ဘယ်သူတွေအတွက်လဲဆိုတာ အရင် စုံစမ်းဦးမှပေါ့
 လို့ ပြောတယ်။ ဒီအခါ ထိုပုဂ္ဂိုလ်က- မဟုတ်ဘူး၊ အရင်ဆုံး အရက်အိုးကို
ခွဲပစ်ရမယ်၊ ပြီးမှ ဒီအမိန့်နဲ့ပတ်သက်လို့ စုံစမ်းတာပေါ့လို့ ပြန်ပြောတယ်။
သူဆက်ပြောတာက တမန်တော်မြတ်ကြီး(ဆွ) ထုတ်ပြန်လိုက်တဲ့ အမိန့်သံကို
ကြားတဲ့အခါ အမိန့်နာခံမှုက အရင်ဖြစ်ရမယ်။ အဲဒီနောက်မှ ထိုအမိန့်ရဲ့
အတိုင်းအတာက ဘယ်အထိရှိသလဲ၊ ဘယ်အခြေအနေတွေမှာ တားမြစ်တာလဲ
ဆိုတာတွေကို စုံစမ်းမယ်။

ဒါဟာ တမန်တော်မြတ်ကြီး(ဆွ)ရဲ့ ဆွဟာဘာများနှင့် အခြားသူတွေကြားမှာ
ကျွန်တော်တို့တွေ့ရတဲ့ အလွန်ကြီးမားတဲ့ ကွာခြားချက်ဖြစ်ပါတယ်။ အရက်မူး
နေသူတွေရဲ့ အခြေအနေဟာ ဘယ်လိုရှိသလဲဆိုတာ အထက်မှာလည်း
တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အရက်သောက်နေသူထံက အရက်ခွက်ကို ယူလိုက်
မယ်ဆိုရင် ထိုးကြိတ်ရိုက်ပုတ်ဖို့အထိ ဒေါသဖြစ်တတ်ပါတယ်။ ကလပ်တွေ
ဘားတွေမှာ ဒါမျိုး အဖြစ်အပျက်တွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့
ရက်ပိုင်းကပဲ သတင်းတစ်ခုအရ ကလပ်တစ်ခုမှာ မူးယစ်ရမ်းကားမှုကြောင့်
လူသတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။ ဒါတင်မက မူးယစ်နေသူတစ်ဦးဟာ မိမိနဲ့ဆန့်ကျင်တဲ့ စကားတစ်ခုကို
ကြားတာနဲ့တင် ဒေါသဖြစ်တတ်ပါတယ်။ ဒီတော့ အခုလို ယစ်မူးမှုမှာ
ရှိနေသူတွေဟာ ဦးနှောက်တည်ငြိမ်မှုလည်းမရှိသလို၊ အသိတရားလည်း
ပုံမှန်မရှိတော့ပါဘူး။ နှုတ်ပါးစပ်ကိုလည်း ထိန်းချုပ်မထားနိုင်သလို မိခင်ဖခင်
တွေကိုလည်း အရေးမစိုက်တတ်ကြပါဘူး။ သူတို့ရဲ့ လက်တွေ၊ ခြေထောက်တွေ
ကလည်း မရည်ရွယ်ဘဲနှင့် လှုပ်ရှားနေတတ်ပါတယ်။ မူးယစ်နေချိန်မှာ
သူတို့ဟာ ဥပဒေကိုလည်း ဂရုမစိုက်တော့သလို ပြစ်ဒဏ်ကိုလည်း မကြောက်ရွံ့တော့ပါဘူး။
ဒါပေမဲ့ ဆဟာဘာတွေရဲ့ ရည်ရွယ်ဆုံးဖြတ်နိုင်မှု စွမ်းရည်က သူတို့ရဲ့ ယစ်မူးမှု
တွေကို လွှမ်းမိုးသွားနိုင်ခဲ့ပါတယ်။ သူတို့ဟာ အရက်ကြောင့် ယစ်မူးနေပေမဲ့
လည်း၊ အရက်အိုးတစ်လုံးကုန်ပြီးလို့ နောက်တစ်အိုး သောက်ဖို့ လုပ်နေချိန်မှာပဲ
သူတို့ဟာ အသံတစ်ခုကို ကြားလိုက်ရတယ်။ တမန်တော်မြတ် မူဟမ္မဒ်(ဆွ)က
 မိန့်ကြားတော်မူလိုက်တယ်။ အအလ္လာဟ်အရှင်မြတ်ထံတော်မှ အမိန့်တော်
ကျရောက်ပြီ။ အရက်ကို ဟရာမ်အဖြစ် တားမြစ်လေပြီ။ ဒီအသံကို
ကြားတာနဲ့ပဲ သူတို့ရဲ့ ယစ်မူးမှုတွေဟာ အဆုံးသတ်သွားပါတော့တယ်။
သူတို့ဟာ ဦးစွာ အရက်အိုးကို ခွဲလိုက်တယ်၊ ပြီးမှ ကြေညာချက်နဲ့ပတ်သက်လို့
မေးမြန်းစုံစမ်းတယ်။ ဒါဟာ အိမ်တစ်ခုအတွင်းမှာသာ ဖြစ်ပျက်ခဲ့တာ
မဟုတ်ပါဘူး။ လူအနည်းငယ်မျှသာ ဒီလို ပြုလုပ်ခဲ့တာမဟုတ်ပါဘူး။
ဆင့်ပြန်ချက်တွေအရ မဒီနာမြို့မှာ အရက်ပွဲတော် တည်ထားကြတဲ့ အိမ်တွေ
အများအပြားရှိပါတယ်။ ဒီအမိန့်ထုတ်ပြန်လိုက်တာနဲ့တစ်ပြိုင်တည်းမှာပဲ
အရက်အိုးတွေကို အလျင်အမြန် ရိုက်ခွဲပစ်ခဲ့တာကြောင့် မဒီနာမြို့ရဲ့
လမ်းတွေပေါ်မှာ အရက်တွေဟာ ရေလို စီးဆင်းခဲ့ပါတယ်။ ဒါဟာ
ဘယ်လောက်တောင် အံ့ချီးဘွယ်ကောင်းတဲ့ ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းပါလိမ့်။ 
ဟာဇရတ် မွတ်စ်လေမော်အူးဒ်(ရဒီ)က မိန့်ကြားတော်မူပါတယ်။ ဒီ ရည်ရွယ်
ဆုံးဖြတ်နိုင်စွမ်းဟာ ဘယ်လိုရှိသလဲဆိုရင် ထိုစွမ်းရည်ပေါက်ဖွားလာပြီးတဲ့
နောက်မှာ ဘယ်လိုအတားအဆီးမျိုးမှ ရှေ့မှာ ရပ်မနေနိုင်တော့ပါဘူး။ ဒီ
ရည်ရွယ်ဆုံးဖြတ်နိုင်သောစွမ်းရည်က အရာရာတိုင်းကို သိမ်းပိုက်သွားပါတော့
တယ်။ တစ်နည်းအားဖြင့် ရည်ရွယ်ဆုံးဖြတ်နိုင်သော စွမ်းရည်ရဲ့ အစိတ်အပိုင်း
အများအပြားကို ပိုင်ဆိုင်ထားတဲ့ လူသားဟာ ဝိညာဏလောကရဲ့
ဘုရင်တစ်ပါးလို့ ဆိုနိုင်ပါတယ်။ ရဲရင့်တဲ့ သူရဲကောင်းတစ်ဦးပမာ ဖြစ်ပါတယ်။
သူဟာ တစ်နေရာသို့ ခြေလှမ်းဖို့ ရည်ရွယ်လိုက်တဲ့အခါ၊ သွားရောက်ဖို့
ဆုံးဖြတ်လိုက်တဲ့အခါ ရှိုင်တန်ဟာ သူ့ရှေ့မှာ လက်နက်ချရပါတော့တယ်။
သူတို့ရှေ့မှာ အခက်အခဲတွေက တောင်တန်းတစ်ခုပမာ ကာဆီးလာမယ်ဆိုရင်
လည်းပဲ အဲဒါတွေဟာ ဒိန်ခဲတစ်ခုလို အပိုင်းပိုင်း ပြတ်တောက်သွားစေမှာသာဖြစ်ပါတယ်။

ဒါကြောင့် အခုလိုမျိုး ရည်ရွယ်ဆုံးဖြတ်နိုင်သော စွမ်းရည် ပေါက်ဖွားခဲ့ပြီဆိုရင်၊
ပြီးတော့ ဒီအတိုင်းအတာထိ အီမာန်ယုံကြည်မှု မွေးဖွားခဲ့ပြီဆိုရင်တော့
လူသားတို့ရဲ့ လက်တွေ့ကျင့်သုံးတည်ဆောက်မှုများကို ပြုပြင်တည့်မတ်မှုအတွက်
 အခြားသော နည်းလမ်းတွေကို ကျင့်သုံးဖို့ရာ ဘာတစ်ခုမှ လိုအပ်တော့မှာမဟုတ်ပါဘူး။

နှစ်ပေါင်း ၁၄၀ဝ အရင်က အီမာန်ရဲ့စွမ်းအားနဲ့ ကျင့်သုံးတည်ဆောက်မှု
တွေမှာ ပေါ်ပေါက်စေခဲ့တဲ့ အလွန်ကျယ်ပြန့်တဲ့ တော်လှန်ပြောင်းလဲမှုကို
ကမ္ဘာလောကရဲ့ အခြား မည်သည့်နေရာမှာမှ မတွေ့ရနိုင်ပါဘူး။ အဘယ်မျှ
အံ့ချီးဘွယ် တော်လှန်ပြောင်းလဲမှု ဖြစ်ခဲ့ပါသလဲ။ တမန်တော်မြတ်ကြီး(ဆွ)ရဲ့
ကျေးကျွန်အစေတော်ကို လက်ခံယုံကြည်ခဲ့ကြသူတွေအတွင်းမှာလည်း ဒါနဲ့
ဆင်တူတဲ့ ဥပမာတွေကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။
ဆေးရွက်ကြီး စားတာက ဟရာမ်မဟုတ်သော်လည်း မဆီဟ်မော်အူးဒ်(အ)
သခင်ကြီးက အဲဒါကို မနှစ်မြို့ဖွယ်ရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ တစ်နေရာမှာ
သခင်ကြီးက အကယ်၍ ဆေးရွက်ကြီး သုံးစွဲမှုဟာ တမန်တော်မြတ်ကြီး(ဆွ)
လက်ထက်တော်မှာသာ ရှိခဲ့မယ်ဆိုရင် ကိုယ်တော်ဟာ ဒါကိုလည်း ပိတ်ပင်ခဲ့
မှာပဲလို့ မိန့်ကြားတော်မူခဲ့ပါတယ်။ မည်သို့ဆိုစေ ဒါက မကောင်းမှုတစ်ခု
ဖြစ်သလို၊ ဒါကို သုံးစွဲခြင်းအားဖြင့် ယစ်မူးမှုလည်း ဖြစ်စေပါတယ်။
ဟာဇရတ် မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ ခရီးတစ်ခုမှာ သခင်ကြီးက
ဟွတ်ကာ(ဆေးတံရှည်) သောက်သုံးခြင်းကို မနှစ်မြို့ကြောင်း ပြသတဲ့အခါ
ဟွတ်ကာသောက်တဲ့ အကျင့်ဖြစ်နေတဲ့ သာဝကတွေက သူတို့ရဲ့ ဟွတ်ကာ
အိုးတွေကို ရိုက်ခွဲပစ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာလည်း သူတို့ဟာ
ဆေးရွက်ကြီးသုံးစွဲမှု အနီးအပါးတောင် မကပ်ကြတော့ပါဘူး။
ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ဟာ နည်းနည်းမှ အာရုံမပြုကြဘူးဖြစ်နေပါတယ်။
မဆီဟ်မော်အူးဒ်(အ)သခင်ကြီး၏ ဆွဟာဘာများရဲ့ စံနမူနာတွေကိုလည်း
တွေ့ကြရတယ်။ သူတို့ဟာ အဟ်မဒီယတ်ကို လက်ခံပြီးနောက်မှာ မကောင်းမှု
အားလုံးကို စွန့်လွှတ်ခဲ့ကြတယ်။ ဘယ်လောက်တောင်လဲဆိုရင် အချို့
အရက်သေစာ သောက်စားမှုထဲမှာပိတ်မိနေကြသူတွေပင်လျှင် အဟ်မဒီယတ်ကို
လက်ခံပြီးနောက်မှာ အဲဒါကို စွန့်လွှတ်နိုင်ခဲ့ကြပါတယ်။ 
 ဒါဟာ ကျွန်တော်တို့ဘက်က တည်ဆောက်ကြရမယ့် စံနမူနာတွေ ဖြစ်ပါတယ်။
ဥပဒေတစ်ခုခုကို ကြောက်ရွံ့တာကြောင့် ဒါမှမဟုတ် ပတ်ဝန်းကျင်ကို
ကြောက်ရွံ့တာကြောင့်ပဲ မကောင်းမှုတွေကို စွန့်လွှတ်တာမျိုး မဖြစ်စေရပါဘူး။
ဒါမှမဟုတ် ထိုမကောင်းမှုကို စွန့်လွှတ်ရတာက မိဘတွေကိုကြောက်ရွံ့တာ
ကြောင့် သို့မဟုတ် ပတ်ဝန်းကျင်ကို ကြောက်ရွံ့တာကြောင့်ပဲ မဖြစ်စေရပါဘူး။
အမှန်တော့ မိမိတို့ဟာ မကောင်းမှုတွေကို စွန့်လွှတ်ရခြင်း အကြောင်းရင်းက
အအလ္လာဟ်အရှင်မြတ်နှင့် အရှင့်တမန်တော်(ဆွ)က တားမြစ်ထားတာကြောင့်
သို့တည်းမဟုတ် ဒီခေတ်ကာလမှာ မဆီဟ်မော်အူးဒ်(အ) သခင်ကြီးက
တားမြစ်ထားတာကြောင့် မိမိတို့ဟာ ဒီကိစ္စတွေကနေ ရှောင်ကြဉ်တာမျိုး
ဖြစ်ရပါမယ်။ မွတ်စလင်မ်နိုင်ငံတွေမှာ အရက်ကို ထင်ထင်ရှားရှား မရနိုင်ပါဘူး။
ဥပဒေကလည်း ခွင့်မပြုထားပါဘူး။ ဒါပေမဲ့ တိတ်တဆိတ် အရက်ချက်ကြပြီး
ထိုအရက်တွေရဲ့ ယစ်မူးမှုကလည်း အလွန်ပြင်းပါတယ်။ ချမ်းသာကြွယ်ဝသူတွေ
ကလည်း အကြောင်းပြချက်အမျိုးမျိုးနဲ့ အရက်အကောင်းစားတွေကို ပြင်ဆင်
ထားတတ်ကြပါတယ်။ တစ်ချို့ တက္ကသိုလ်ကျောင်းသားတွေ ချောင်းဆိုးပျောက်
ဆေးရည်တွေနဲ့ အခြားဆေးဝါးတွေကို မူးယစ်ဆေးဝါးအဖြစ် သုံးစွဲကြတာလည်းတွေ့ဖူးပါတယ်။

ဒါကြောင့် ယခုလို ပတ်ဝန်းကျင်မှာ အဟ်မဒီတွေအနေနဲ့ ဒီကိစ္စတွေကနေ
အလွန် သတိဝီရိယဖြင့် ရှောင်ကြဉ်ကြရမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ရည်ရွယ်
ဆုံးဖြတ်နိုင်သော စွမ်းရည်အားဖြင့် ထိုမကောင်းမှုများမှ ရှောင်ကြဉ်ကြရမှာ
ဖြစ်ပါတယ်။ ယနေ့ ဥရောပနိုင်ငံတွေမှာလည်း အလွန် အန္တရာယ်များတဲ့
မူးယစ်ဆေးဝါးတွေအပြင် စားသောက်ဆိုင်တွေမှာ၊ အထူးသဖြင့် မွတ်စလင်မ်
စားသောက်ဆိုင်တွေမှာ ရှီရှာဆိုတဲ့ မူးယစ်စေတဲ့အရာတစ်မျိုးက တွင်ကျယ်စွာ
သုံးလာနေပါတယ်။ ထိုနည်းတူစွာပဲ အမေရိကန်မှာက ဟွတ်ကာနဲ့ဆင်တူတဲ့
မူးယစ်ဆေးကို သုံးစွဲကြပါတယ်။ ဒီနိုင်ငံမှာလည်း ကျွန်တော်တို့ထဲက
အချို့သော ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေဟာ ရှီရှာသုံးကြတယ်လို့
သိရပါတယ်။ ပြီးတော့ ဒါကို သုံးစွဲလို့ မူးယစ်မှုမရှိပါဘူး၊ ဒါမှမဟုတ်
တစ်ခါတစ်ရံ သုံးစွဲမှုကြောင့် ဘာမှမဖြစ်နိုင်ပါဘူးလို့ ဆိုကြပါတယ်။
 မှတ်သားထားကြပါ။ တစ်ခါတစ်ရံ သုံးစွဲခြင်းကပဲ တစ်ချိန်မှာ တကယ့်
မူးယစ်ဆေးသမားတစ်ယောက် ဖြစ်သွားစေပါလိမ့်မယ်။ ထိုအချိန်ကိုရောက်တဲ့
အခါ နောက်ဆုတ်ဖို့ အလွန်ခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် ယခုကတည်းက
မိမိတို့ရဲ့ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းကို အသုံးချလျက် လုပ်ဆောင်ရမှာ
ဖြစ်ပါတယ်။ ဒီမကောင်းမှုကနေ လွတ်မြောက်မှုရရှိအောင် ပြုလုပ်ရမှာ
ဖြစ်ပါတယ်။ ဒီအတွက် မိမိတို့ရဲ့ အီမာန် ယုံကြည်မှုအခြေအနေကို ပြန်လည်
ကြည့်ရှုသုံးသပ်ပါ။ အီမာန်ပိုင်းဆိုင်ရာ ပူလောင်ပြင်းပြမှုကသာလျှင် ရည်ရွယ်
ဆုံးဖြတ်နိုင်စွမ်းကို မွေးဖွားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအီမာန်ကပဲ အလွန်ကြီးမား
တဲ့ ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန် ချမှတ်အောင် ပြုလုပ်နိုင်ပါတယ်။
ပမာအားဖြင့် ဆဟာဘာများရဲ့ဖြစ်ရပ်တွေမှာ ကျွန်တော်တို့ မြင်တွေ့ရသလိုပါပဲ။

ဒီလိုမှမဟုတ်ရင်တော့ ဥပဒေကလည်း ဒါကို တားမြစ်နိုင်မှာ မဟုတ်ပါဘူး။
ကျွန်တော်အထက်မှာ ပြောခဲ့သလိုပါပဲ။ ပါကစ္စတန်မှာ ဥပဒေလည်း
ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့လည်း အရက်ဝယ်လို့ ရတာပါပဲ။ လူတွေကလည်း
သောက်သုံးကြပါတယ်။ ဒီအတွက် နည်းလမ်းအမျိုးမျိုး ပြုလုပ်ထားပါတယ်။
တစ်ချိန်က အမေရိကန်မှာ အရက်ကို တားမြစ်ကြောင်း အတိအလင်း
ကြေညာခဲ့ပါတယ်။ လူတွေကလည်း အခြားနည်းလမ်းတစ်ခုကို ထွင်လိုက်ပြီး
အရက်ပြန်တွေကို သောက်လာကြပါတယ်။ အရက်ပြန်ရဲ့ ဆိုးကျိုးကြောင့်
လူတွေသေဆုံးခဲ့ကြရပါတယ်။ 

ဟာဇရတ် မွတ်စ်လေမော်အူးဒ်(ရဒီ)သခင်က မိန့်ကြားတော်မူပါတယ်။
အီမာန်မရှိတာကြောင့် လောကီဥပဒေရဲ့ ကြိုးစားမှုကလည်း မအောင်မြင်
နိုင်ခဲ့ပါဘူး။ မူးယစ်မှုအရသာကိုရဖို့အတွက် အရက်ပြန်တွေကိုပါသောက်လျက်
ဆိုးကျိုးတွေ ဖြစ်လာခဲ့ကြပါတယ်။ အစိုးရကလည်း ဥပဒေကို ပြင်ဆင်ရပြန်
ပါတယ်။ အကယ်၍ ဆရာဝန်က ခွင့်ပြုမယ်ဆိုရင် အရက်ဝယ်ယူခွင့်ရှိကြောင်း
ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီတော့ ရလဒ်က ဘယ်လိုဖြစ်သွားသလဲဆိုရင်
မြောက်မြားစွာသော ဆရာဝန်တွေက မိမိတို့ဝင်ငွေကောင်းဖို့အတွက် ထောက်ခံ
စာတွေ အများအပြား ပြုလုပ်ပေးခဲ့ပါတယ်။ တစ်ခါ လက်တွေ့မဆင်းရသေးတဲ့
 ဆရာဝန်တွေကပင်လျှင် အခုလို ထောက်ခံစာတွေ ရေးပေးလိုက်ခြင်းအားဖြင့်
ဝင်ငွေတစ်ခုရလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဥပဒေကိုပါ ပြင်ဆင်ရတဲ့အထိ
ဖြစ်သွားပြီး အသက်အရွယ် ကန့်သတ်ချက်နဲ့ အရက်ဝယ်နိုင်တဲ့ အခြေအနေ
ဖြစ်လာခဲ့ပါတယ်။ တစ်နေရာမှာက အသက် ၂၁ နှစ်ဆိုရင် ဝယ်လို့ရပြီ။
နောက်တစ်နေရာမှာက ၁၈ နှစ်ဆိုရင် ဝယ်လို့ရပြီ။ နောက်တစ်နေရာမှာက
အကယ်၍ လူကြီးတစ်ယောက်ပါမယ်ဆိုရင် အသက် ၁၅၊ ၁၆ နှစ်အရွယ်
ကလေးတွေအတွက်လည်း သီးသန့်စီစဉ်ထားတဲ့ အရက်တွေကို သောက်နိုင်ပါတယ်။

တကယ်တော့ ဒါတွေက မိမိတု့ိဥပဒေရဲ့ မစွမ်းနိုင်မှုကို ဖုံးကာဖို့ရာ စီစဉ်ထားတဲ့
အကြောင်းပြချက်တွေသာ ဖြစ်ပါတယ်။ တိုင်းပြည်က တိုးတက်လာတာနဲ့အမျှ
မကောင်းမှုတွေအတွက်လည်း ဥပဒေကနေ ခွင့်ပြုချက် ပေးလာနေရပါတယ်။
မကောင်းမှုတွေကို မဟန့်တားနိုင်တဲ့အခါ ဥပဒေကို လိုသလို ပြုပြင်လို့ရအောင်
လုပ်ထားကြရပါတယ်။ 

ဒါပေမဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တွေမှာ သတ်မှတ်ထားတဲ့ မကောင်းမှုတွေ
ကတော့ အမြဲတမ်းအတွက် မကောင်းမှုတွေပဲဖြစ်ပါတယ်။ အအလ္လာဟ်အရှင်မြတ်
က ကျွန်တော်တို့ရဲ့ အလိုဆန္ဒတွေကို လိုက်လျောစရာ အကြောင်းမရှိပါဘူး။
ကျွန်တော်တို့ကသာလျှင် မိမိတို့ရဲ့ ပြုကျင့်မှုတွေကို တည့်မတ်ဖို့ အတွက်
အအလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်များကို လိုက်နာကြရမှာ ဖြစ်ပါတယ်။
ပြီးတော့ ကျွန်တော်တို့ရဲ့အီမာန်ပိုင်းဆိုင်ရာ အခြေအနေကလည်း
မြင့်မားတဲ့အဆင့်သို့ ရောက်တော့မှသာလျှင် အခုလို လိုက်နာကျင့်သုံးမှုကလည်း
ပေါက်ဖွားလာမှာ ဖြစ်ပါတယ်။ ယနေ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေက
တစ်ချိန်က အသိတရားမဲ့သူတွေ၊ စာပေမတတ်သူတွေအဖြစ် သဘောထားခဲ့
ကြတဲ့ ထိုလူမျိုးစုဟာ မိမိတို့ရဲ့ အီမာန်ပိုင်းဆိုင်ရာ ပူပြင်းလောင်မြိုက်မှုကို
မိမိတို့ရဲ့ ယစ်မူးမှုများပေါ်မှာ လွှမ်းမိုးသွားစေခဲ့ပါတယ်။ မိမိတို့ရဲ့
ကျင့်ကြံမှုများကို ပြုပြင်တည့်မတ်ခဲ့ပြီး တစ်ဖန် မိမိတို့ရဲ့ အကောင်းမွန်ဆုံး
ပြုကျင့်မှုများရဲ့ အလံကိုလွှင့်ထူလျက် ကမ္ဘာလောကတစ်ခုလုံးကို
မိမိတို့နောက်သို့ လိုက်စေခဲ့ပါတယ်။

 ဒါကြောင့် ကောင်းစွာသိထားရမှာက သာသနာရေးကိစ္စမှာ ရည်ရွယ်ဆုံးဖြတ်
နိုင်တဲ့ စွမ်းရည်ဟာ မိမိတို့အီမာန်ရဲ့ ခိုင်မြဲမှုကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။
ယင်းက ကောင်းမှုကုသိုလ်များကို ပြုကျင့်ခြင်းအားဖြင့် တည်တံ့နေနိုင်မှာဖြစ်ပြီး
မကောင်းမှုများမှ လွတ်မြောက်စေမှာ ဖြစ်ပါတယ်။
ဒါနဲ့တစ်ပြိုင်တည်း တည်ရှိနေတာက အသိပညာစွမ်းရည်ဖြစ်ပါတယ်။
အကယ်၍ တစ်စုံတစ်ယောက်ထံမှာ အသိပညာစွမ်းရည်ရှိမယ်ဆိုရင်
ပညာနည်းပါးမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ လက်တွေ့လုပ်ဆောင်မှု အားနည်းချက်
တွေဟာ လွင့်ပျောက်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက် ယေဘုယျ ရုပ်ပိုင်းဆိုင်ရာ
ကိစ္စတစ်ခုက ငယ်ရွယ်စဉ်ကလေးငယ်တွေမှာ အချို့သော အကျင့်တွေရှိတတ်ပြီး
ဥပမာ တစ်ချို့က မြေကြီးစားတတ်တယ်။ အဲဒါရဲ့ ဆိုးကျိုးကိုခံရတဲ့အခါ
ကြိုးစားပြီး ဒီအကျင့်ကို ဖျောက်ဖျက်ပစ်တယ်။ ဒါနဲ့အလားတူ များစွာသော
အကျင့်တွေရှိပါသေးတယ်။ ဥပမာ ညအိပ်တဲ့အခါ ဆံပင်တွေကို နုတ်တတ်တဲ့
အကျင့်ရှိတဲ့ မိန်းကလေးငယ်တွေလည်း ရှိကြတယ်။ ဒီလိုကြောင့် အနာတရ
လည်း ဖြစ်တတ်တယ်။ တဖြည်းဖြည်း အသက်ကြီးလာတဲ့အခါ သူတို့ဟာ ဒါကို
ခံစားမိလာပါတယ်။ ကြိုးစားလျက် ဒီအကျင့်ကို ပျောက်အောင် ပြုလုပ်ကြရ
ပါတယ်။ ဒီတော့ အခုလို အသိပညာရှိခြင်းအားဖြင့် အလေ့အကျင့်တွေဟာ
အဆုံးသတ်သွားတတ်ပါတယ်။

ဒါကြောင့် အကြင်သူဟာ အအလ္လာဟ်အရှင်မြတ်ကို အနည်းငယ်မျှမဆို
ကြောက်ရွံ့မှုရှိမယ်ဆိုရင်၊ ဒါမှမဟုတ် သူ့ကို လုပ်ရပ်တစ်ခုရဲ့ အပြစ်ဒဏ်နဲ့
အအလ္လာဟ်အရှင်မြတ်ရဲ့ အမျက်တော်ရှခြင်းနဲ့ပတ်သက်လို့ မှန်မှန်ကန်ကန်
သိစေခဲ့မယ်ဆိုရင်၊ ပြီးတော့ အပြစ်ဒုစရိုက်တွေကို အအလ္လာဟ်အရှင်မြတ်ဟာ
အဘယ်မျှ စိတ်ဆိုးအမျက်ရှတော်မူကြောင်း သူ့ကို သိစေခဲ့မယ်ဆိုရင် သူဟာ
ထိုမကောင်းမှုကနေ ရှောင်ကြဉ်မှာ ဖြစ်ပါတယ်။
တစ်ဖန် လက်တွေ့ပြုပြင်တည့်မတ်မှုမှာ အားနည်းစေတဲ့ တတိယအချက်က
လက်တွေ့လုပ်ဆောင်နိုင်စွမ်းနည်းပါးခြင်း ဖြစ်ပါတယ်။ အချို့ကလည်း
ဒီအကြောင်းအရာတွေကို တစ်ကြော့ပြန်ပြီး ပြောနေတယ်လို့ ထင်ကောင်းထင်ပါ
 လိမ့်မယ်။ တစ်နည်းအားဖြင့် အကြောင်းအရာတွေကို တစ်ဖန်
ပြန်လည်ပြောဆိုနေသည် မှန်သော်လည်းပဲ မတူညီတဲ့ ရှုထောင့်အမျိုးမျိုးကနေ
တင်ပြနေခြင်းသာဖြစ်ပြီး ဒီလိုအားဖြင့် နားလည်သဘောပေါက်နိုင်စေဖို့ ဖြစ်ပါတယ်။

မည်သို့ဆိုစေ သိထားရမှာက- လက်တွေ့လုပ်ဆောင်နိုင်စွမ်းနည်းပါးခြင်း၊
သို့တည်းမဟုတ် လုံးဝမရှိခြင်းတို့ရဲ့ အချို့သော အကြောင်းအချက်တွေ
ရှိနေပါတယ်။ အကြောင်းခံတစ်ခုက အလေ့အကျင့် ဖြစ်ပါတယ်။
လူတစ်ယောက်ထံမှာ ရည်ရွယ်ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်လည်း ရှိမယ်၊
အသိပညာလည်းရှိမယ်၊ ဒါပေမဲ့ စွဲနေတဲ့အလေ့အထတွေကြောင့် သူ့ရဲ့
လက်တွေ့လုပ်ဆောင်မှုအပိုင်းမှာ အားနည်းချက်တွေကို မြင်တွေ့နေရခြင်းလည်း
ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် လူတစ်ယောက်က အအလ္လာဟ်အရှင်မြတ်နဲ့
နီးစပ်မှုကို ရနိုင်တယ်ဆိုတာကို သိပါလိမ့်မယ်။ ဒါပေမဲ့ ရုပ်ဝတ္ထုတွေကို
တွယ်တာမြတ်နိုးမှု သို့မဟုတ် ရုပ်ဝတ္ထုပစ္စည်းတွေ ဆုံးရှုံးမှာကို စိုးရိမ်တာကြောင့်
ယခုလို ကြောက်ရွံ့စိုးရိမ်မှု စိတ်အားတွေက လွှမ်းမိုးလာပြီး ဒီလိုနဲ့ သူဟာ
အအလ္လာဟ်အရှင်မြတ်နဲ့ နီးစပ်မှုရခြင်းကနေ ဆုံးရှုံးသွားရတတ်ပါတယ်။
ဒီလိုလူတွေအတွက် အတွင်းပိုင်းကုသမှုမဟုတ်ဘဲ ပြင်ပကုသမှုပြုလုပ်ဖို့
လိုအပ်နေပါတယ်။ အကြောင်းကတော့ ဒီလိုလုပ်ခြင်းအားဖြင့်
လက်တွေ့လုပ်ဆောင်နိုင်မှုစွမ်းအင်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီအတွက် မှန်ကန်တဲ့ အမှီအတွယ်ကို လိုအပ်ပါတယ်။ အကယ်၍ မှန်ကန်တဲ့
အမှီအတွယ်ကို ရရှိသွားပြီဆိုရင် အခြေအနေ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြုပြင်တည့်မတ်မှုအတွက် ထိုသည့် မှန်ကန်တဲ့ မှီတွယ်ရာကို ရှာဖွေဖို့
လိုအပ်ပါတယ်။ အအလ္လာဟ်အရှင်မြတ်ရဲ့ အမျက်တော်ဟာ အလွန်ပြင်းပြတယ်
ဆိုတာကို သိထားတဲ့ လူတစ်ယောက်ကို အရှင်မြတ်အား ကြောက်ရွံ့ဖို့ပြောပြီး
မကောင်းမှုကနေ ဟန့်တားလို့ကတော့ ဘာမှ အကျိုးမရှိနိုင်ပါဘူး။ အရှင်မြတ်ရဲ့
ချစ်ခြင်းမေတ္တာကို မွေးဖွားပေးခြင်းအားဖြင့်လည်း မဖြစ်နိုင်ပါဘူး။ သူဟာ
နဂိုကပင် ဒီအကြောင်းတွေကို သိထားပြီး ဖြစ်ပါတယ်။ သူ့ထံမှာ
ရည်ရွယ်ဆုံးဖြတ်နိုင်သော စွမ်းရည်လည်း ရှိပြီးဖြစ်ပေမဲ့ မပြည့်စုံလို့သာ
 ဒါမျိုးဖြစ်နေရခြင်း ဖြစ်ပါတယ်။ အသိပညာအရလည်း သူ့ကို
ကျွန်တော်တို့ဘက်က ပေးခဲ့ပြီးပြီ၊ သူ့ထံမှာ နဂိုကလည်း အသိပညာရှိထားတယ်၊
ဒါပေမဲ့ သူ့ရဲ့နှလုံးသား သံချေးတက်မှုကြောင့် အအလ္လာဟ် အရှင်မြတ်အား
ချစ်မြတ်နိုးခြင်းနှင့် အရှင့်အမျက်တော်ကို စိုးကြောက်ခြင်းတို့က သူ့ရဲ့
နှလုံးသားကို မသက်ရောက်နိုင်ခြင်း ဖြစ်ပါတယ်။ ဒီအခါမှာ သူ့အတွက်
အခြားနည်းလမ်းတွေ လိုအပ်လာပါပြီ။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ အီမာန်က
မပြည့်စုံတာကြောင့် အအလ္လာဟ်အရှင်မြတ်ကလည်း သူ့ရဲ့ အမြင်ကနေ
ကွယ်ပျောက်သွားပြီ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ပဲ သူဟာ အရှင်မြတ်ကို
ကြောက်ရွံ့မှုမရှိခြင်း ဖြစ်ပါတယ်။ ဒီလိုလူတွေအတွက် သူတို့ကြောက်တဲ့
အချို့သော လူပုဂိ္ဂုလ်တွေရှိပါတယ်။ ဒီတော့ သူတို့ရဲ့ စိတ်ထဲမှာ
သူတို့ကြောက်တဲ့ လူမှတစ်ဆင့်၊ ဒါမှမဟုတ် ရုပ်ပိုင်းအင်အားသုံးပြီး သူ့ကို
တည့်မတ်ပေးဖို့ ကြိုးစားမယ်ဆိုရင် သူဟာလည်း ပြုပြင်တည့်မတ် သွားနိုင်မှာ
ဖြစ်ပါတယ်။ ကန့်သတ်ချက်ကတော့ ဒီကိစ္စအတွက် အင်အားသုံးစွဲတဲ့အခါမှာ
လည်း လောကီဥပဒေလိုမျိုး ပြုပြင်ပြောင်းလဲမှုပြုရမှာကိုကြောက်ပြီး နိုင်ငံရေး
ပရိယာယ်အရ နောက်ဆုတ်ပေးတာမျိုးတော့ မဖြစ်စေရပါဘူး။
မည်သို့ဆိုစေ ကမ္ဘာလောကမှာ အခုလို လူပုဂ္ဂိုလ်(၃)မျိုး ရှိပါတယ်။
အချို့လူတွေရဲ့ လုပ်ဆောင်မှုအားနည်းရခြင်းက အီမာန်ပိုင်းဆိုင်ရာမှာ
မပြည့်ဝခြင်းကြောင့် ဖြစ်ပါတယ်။ အချို့ထံမှာ လက်တွေ့လုပ်ဆောင်မှု
အားနည်းရခြင်းက သူတို့ရဲ့ အသိပညာပိုင်းမှာ မပြည့်ဝခြင်းကြောင့်
ဖြစ်ပါတယ်။ အချို့ထံမှာက အီမာန်လည်းရှိတယ်၊ အသိပညာလည်းရှိတယ်။
ဒါပေမဲ့ အခြားသော အကြောင်းခံတွေကြောင့် သူတို့ရဲ့ နှလုံးသားမှာ
ဖြစ်ပေါ်နေတဲ့ သံချေးတွေကြောင့် ဒီကုစားမှုနှစ်မျိုးတည်းနဲ့ သူတို့အတွက်
မအောင်မြင်နိုင်ပါဘူး။ ပြင်ပမှအကူအညီနဲ့ ကုသမှုလိုအပ်လာမှာ ဖြစ်ပါတယ်။
သူတို့အတွက် အမှီအတွယ်တစ်ခုခု လိုအပ်ပါလိမ့်မယ်။ ဥပမာ-
တစ်စုံတစ်ယောက်ရဲ့ အရိုးကျိုးသွားတဲ့အခါ ပတ်တီးစည်းပြီး သူ့အတွက်
ချိုင်းထောက်တစ်ခု လုပ်ပေးရပါတယ်။ ဒါမှမဟုတ် အချို့ကို ခွဲစိတ်ကုသပြီး
အတွင်းထဲမှာ စတီးချောင်းထည့်လျက် ပိုမိုခိုင်မာလာအောင် ပြုလုပ်ရပါတယ်။
 ဒီလိုအားဖြင့် တဖြည်းဖြည်းနဲ့ အရိုးတွေက ဆက်သွားတဲ့အခါ အထောက်အကူ
ပြုထားတဲ့ ပစ္စည်းတွေကို ဖယ်လိုက်ရပါတယ်။ ထိုနည်းတူစွာပဲ အချို့လူတွေ
အတွက် အချိန်ကာလအနည်းငယ်အထိ အထောက်အကူ လိုအပ်ပါတယ်။
တဖြည်းဖြည်းနဲ့ ဒီအထောက်အကူက သူ့အတွင်းမှာ သူကိုယ်တိုင် လုပ်ဆောင်
နိုင်စွမ်းရှိလာအောင် အင်အားတွေ မွေးဖွားပေးလိုက်နိုင်ပါတယ်။ ဒီလိုအားဖြင့်
သူ့ထံက လုပ်ဆောင်မှုဆိုင်ရာ အားနည်းချက်တွေဟာ ပျောက်လွင့်သွားပါ
တော့တယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ခွတ္တဘာမှာလည်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း
ကျွန်တော်တို့ရဲ့ ဂျမာအတ်စနစ်ကြီး တစ်ခုလုံး၊ ကျွန်တော်တို့အတွင်းမှ တာဝန်ခံ
ပုဂ္ဂိုလ်တွေ၊ လက်အောက်ခံအစည်းအရုံးတွေက လူတွေထံမှာ ဖြစ်ပေါ်နေတဲ့
လက်တွေ့လုပ်ဆောင်နိုင်မှု အားနည်းချက်တွေကို ဖယ်ရှားဖို့ရာ အထောက်အကူ
ဖြစ်စေတဲ့ အကြောင်းခံတွေဖြစ်လာအောင် ပြုလုပ်ကြပါ။ အကယ်၍
သူတို့ကိုယ်တိုင်ကပါ ရည်ရွယ်ဆုံးဖြတ်နိုင်စွမ်းမှာ အားနည်းမှုရှိနေမယ်၊
ဒါမှမဟုတ် အသိပညာပိုင်းမှာ အားနည်းမှုရှိနေမယ်၊ ပြီးတော့ လက်တွေ့
လုပ်ဆောင်နိုင်မှုအပိုင်းမှာ အားနည်းမှုရှိနေမယ်ဆိုရင် အခြားသူတွေရဲ့
မှီတွယ်ရာ ဘယ်လိုလုပ် ဖြစ်နိုင်ပါတော့မလဲ။ ဒါကြောင့် ဂျမာအတ်တစ်ခုလုံး
အောင်မြင်တိုးတက်ဖို့အတွက် ဂျမာအတ်စနစ်တစ်ခုလုံးရဲ့ အစိတ်အပိုင်း
ဟူသမျှက၊ ဒါတင်မက အဟ်မဒီတိုုင်းက မိမိတို့ကိုယ်ကို ဆန်းစစ်ကြလျက်
ကိုယ်တိုင်လည်း ပြုပြင်တည့်မတ်ကြရမှာဖြစ်သလို၊ အားနည်းမှုထဲမှာ
နစ်မွန်းလျက်ရှိကြတဲ့ မိမိတို့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ နီးစပ်သူတွေ
အတွက်လည်း မှီတွယ်အားကိုးပြုရာတွေ ဖြစ်လာအောင်ပြုလုပ်ဖို့ လိုအပ်ပါ
တယ်။ ဒီလိုအားဖြင့် ဂျမာအတ်အတွင်းက လူတစ်ဦးချင်းစီဟာ လက်တွေ့
ပြုပြင်တည့်မတ်မှုအပိုင်းမှာ မြင့်မားတဲ့အဆင့်အတန်းကို ရောက်ရှိနေကြသူတွေ
ဖြစ်လာကြပါလိမ့်မယ်။ တစ်ဖန် ဒီလိုအားဖြင့် အအလ္လာဟ်အရှင်မြတ်နဲ့
နီးစပ်သူတွေ ဖြစ်လာနိုင်ကြပါလိမ့်မယ်။ အအလ္လာဟ်အရှင်မြတ်သည်
ကျွန်တော်တို့အားလုံးကို ဤသို့ ပြုလုပ်နိုင်ရန် စွမ်းအားပေးသနားတော်မူပါစေ။
 နမာဇ်အပြီးမှာ ဂျနာဇာဃာအီဗ်တစ်ခု ဝတ်ပြုမှာ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံ
ရာဝလ်ပင်ဒီမှ Arsalan Sarwar ရဲ့ ဂျနာဇာ ဖြစ်ပါတယ်။ သူဟာ ဇန်နဝါရီလ
၁၄ ရက်နေ့မှာ ရှဟီးဒ်ဖြစ်သွားခဲ့ပါတယ်။ 
Arsalan Sarwar ရဲ့ အဖိုးဖြစ်သူ မူဟမ္မဒ် ယူစွဖ်ဆာဟိဘ်ဟာ
ဖိုင်ဆလ်အာဘားဒ်မှ ဖြစ်ပါတယ်။ ဖခင်နဲ့ အဖိုးဖြစ်သူတို့ဟာ တတိယခလီဖာ
သခင်ကြီးလက်ထက် ၁၉၇၃ ခုနှစ်မှာ ဘိုင်အတ်ယူခဲ့ကြတာဖြစ်ပါတယ်။
မိခင်ကတော့ အဟ်မဒီယတ်အတွင်းမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ၁၉၈၄
ခုနှစ်မှာ မိသားစုလိုက် ရာဝလ်ပင်ဒီသို့ ပြောင်းရွှေ့ခဲ့ကြပါတယ်။ 
ရှဟီဒီ Arsalan Sarwar ဟာ ရှဟီးဒ်ဖြစ်ချိန်မှာ အသက် ၁ရ နှစ်အရွယ်
ဖြစ်ပါတယ်။ ဖြစ်ပွားပုံက- ဇန်နဝါရီလ ၁၃ ရက်၊ ည (၁းဝ၀) နာရီခန့်မှာ
သူဟာ ရပ်ကွက်ထဲက အဟ်မဒီမဟုတ်သူမွတ်စလင်မ်တွေနဲ့အတူ
ရဗီအွလ်အောင်ဝလ် လ ၁၂ ရက်အတွက် လမ်းပေါ်မှာ အလှမီးဆိုင်းတွေ၊
အခြားပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။ ထိုအချိန်မှာပဲ လမ်းရဲ့
ထောင့်တစ်နေရာမှာ ကားတစ်စီးလာရပ်ပါတယ်။ ထို့နောက် ခဏအကြာမှာ
ဆိုက်ကယ်တစ်စီးကလည်း ထိုမော်တော်ကားအနီးမှာ လာရပ်လိုက်ပါတယ်။
သူတို့မရပ်ခင်မှာပဲ လမ်းလျှောက်လာနေတဲ့ လူနှစ်ယောက်က အမှိုက်ပုံထဲက
အဖြူရောင် အိတ်နှစ်ထုပ်ကို ယူလာတာကို Arsalan Sarwar နဲ့ သူ့ရဲ့
သူငယ်ချင်းနှစ်ဦးက မြင်ပြီး အနည်းငယ် သံသယဖြစ်တာကြောင့် လူကြီးတွေကို
အသိပေးလိုက်မယ်ဆိုပြီး အချင်းချင်း တိုင်ပင်ခဲ့ကြပါတယ်။ ဒီလိုကြောင့်
Arsalan Sarwar က အော်ဟစ်ပြီး သတိပေးလိုက်တဲ့အခါ ကားထဲက
လူတစ်ယောက်ထွက်လာလျက် သေနတ်ကို သုံးလေးချက်လောက် မိုးပေါ်
ထောင်ပစ်ခဲ့ပါတယ်။ ဒီအခါမှာ ကောင်လေးတွေက ဆူညံအော်ဟစ်လျက်
ထွက်ပြေးကြပါတယ်။ သေနတ်သမားက သူတို့နောက်မှလိုက်လာလျက် သူတို့ကို
သုံးလေးချက်လောက် ပစ်ပါသေးတယ်။ Arsalan Sarwar က သူငယ်ချင်း
နှစ်ယောက်ကြားကနေ ပြေးလျက်ရှိပါတယ်။ သူဟာ ပြေးရင်းက နောက်ကို
လှည့်အကြည့်မှာပဲ သူ့ဦးခေါင်းတည့်တည့်ကို သေနတ်ကျည်ဆံ မှန်သွား
 ပါတယ်။ သူဟာ နေရာမှာတင် လဲကျသွားခဲ့ပါတယ်။ သူငယ်ချင်း
နှစ်ယောက်ကလည်း လမ်းရဲ့ထောင့်တစ်နေရာက ကားတွေနဲ့ အကာအကွယ်
ယူပြီး ပုန်းနေလိုက်ကြပါတယ်။ သူတု့ိနှစ်ယောက်လည်းပဲ သေနတ်ဒဏ်ရာ
ရသွားနိုင်ပါတယ်။

အဲဒီနောက် တိုက်ခိုက်သူတွေဟာ ပြန်လှည့်ပြီး ထွက်ပြေးသွားကြပါတယ်။
Arsalan Sarwar ကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဦးနှောက်ကို
ကျည်ဆံမှန်သွားတာဖြစ်ပြီး သွေးလည်း အဆက်မပြတ် သွင်းခဲ့ရပါတယ်။
ဆရာဝန်တွေက အထူးကြိုးစားကုသကြပေမဲ့ ၃ နာရီခန့် အကြာမှာပဲ သူဟာ
ရှဟီးဒ်ဖြစ်သွားခဲ့ပါတယ်။ 

သူဟာ လူတိုင်းရဲ့ ချစ်ခြင်းကို ခံရသူဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာရှိကြတဲ့
အဟ်မဒီမဟုတ်သူတွေကလည်း သူတို့အိမ်ကို ဝမ်းနည်းစကားဆိုဖို့ရာ
လာရောက်ခဲ့ကြပါတယ်။ အအလ္လာဟ်အရှင်မြတ်ရဲ့ ဖဇလ်ကျေးဇူးတော်နဲ့ အသက်
၁၄ နှစ်အရွယ်မှာ ဝဆီယတ်ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
ခွဒ္ဒါမ်အစည်းအရုံးရဲ့ ကာအီဒ်တစ်ယောက်ဖြစ်ပြီး ယခင်ကလည်း
အတ်ဖာလ်ကဏ္ဍမှာ အလုပ်အကျွေးပြုခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ အကိုဖြစ်သူ
ကလည်း ဂျမာအတ်ရဲ့ တာဝန်အသီးသီးမှာ ထမ်းဆောင်နေသူဖြစ်ပါတယ်။
ရာဝလ်ပင်ဒီရဲ့ ကာအီဒ်က ရေးသားသည်မှာ- Arsalan Sarwar နှင့်တကွ
ညီအစ်ကိုအားလုံးဟာ ခွဒ္ဒါမွလ်အဟ်မဒီယာအစည်းအရုံးရဲ့ အလွန်တက်ကြွတဲ့
အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ လုံခြုံရေးတာဝန်နှင့် အခြားသော ကဏ္ဍအသီးသီးမှာ
အင်တိုက်အားတိုက် ပါဝင်သူတွေ ဖြစ်ပါတယ်။ 
ရာဝလ်ပင်ဒီမှ မိုရဗီ္ဗဆာဟိဘ်က ရေးသားသည်မှာ- ကွယ်လွန်သူဟာ
များသောအားဖြင့် ကျွန်တော့်ရုံးကို ပုံမှန်လာရောက်လေ့ရှိပြီး
မဆီဟ်မော်အူးဒ်(အ)သခင်ကြီးရဲ့ စာအုပ်စာပေများကို ဖတ်ရှုလေ့လာ
တတ်ပါတယ်။ နမာဇ်တွေကို မပျက်မကွက် ဝတ်ပြုသူဖြစ်ပါတယ်။ ပြီးတော့
နမာဇ်မှာ စိတ်ဝင်စားလျက် ဝတ်ပြုတတ်သူဖြစ်ပါတယ်။ ဂျွမ္မာနမာဇ်ကို
 အိုင်ဝါနေ တောင်ဟီးဒ်ဗလီမှာ ပုံမှန်ဝတ်ပြုလေ့ရှိပါတယ်။ သူဟာ ကျန်ဒါကို
ပုံမှန် စနစ်တကျ ပေးလှူတတ်သူ ဖြစ်ပါတယ်။
အအလ္လာဟ်အရှင်မြတ်သည် ကွယ်လွန်သူရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးတော်
မူပါစေ။ သူ့အား ကရုဏာတော်နှင့် ခွင့်လွှတ်သနားခြင်းတို့ဖြင့် ဆက်ဆံတော်မူပါစေ။ 

ကွယ်လွန်သူရဲ့ မိသားစုမှာ ဖခင်ဖြစ်သူ Muhammed Sarwar Sahib၊ မိခင်
Pervin Sahiba နှင့် ညီအစ်ကိုသုံးဦး ရှိပါတယ်။ အအလ္လာဟ်အရှင်မြတ်သည်
ကျန်ရစ်သူမိသားစုကိုလည်း သည်းခံနိုင်စွမ်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု ပေးသနား
တော်မူပါစေ။ - အာမီးန် - 

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-