Monday, October 6, 2014

ပျော်ရွှင်ဖွယ် အီဒ်ပွဲတော်


အီဒ်ပွဲတော်နှစ်ခုရှိတဲ့အနက် ပထမအီဒ်နေ့ဟာ ဥပုသ်လကုန်ဆုံးတဲ့အထိမ်းအမှတ်ဖြစ်ပြီး စမိုင်လို မုန့်အချိုမျိုးတွေ အိမ်မှာပြုလုပ်ကြပြီး မိသားစုနဲ့ အိမ်နီးချင်း၊ ဆွေမျိုး စသဖြင့် ပျော်ပျော်ပါးပါး ကျွေးမွေး၊ စားသောက်ကြခြင်းဖြင့်ကျင်းပပါတယ်။ ဒုတိယ အီဒ်နေ့ဖြစ်တဲ့ အီဒိလ်အဒ်ဟာ(Eidul Adha) ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံအသီးသီးက အစ္စလာမ်သာသနာဝင်တွေ မက္ကာမြို့တော်ကို  ဟဂ်ျ (Haj) ခရီးထွက်ခြင်းပြီးဆုံးတဲ့အထိမ်းအမှတ်အနေနဲ့ကျင်းပကြတာပါ။ အဲ့ဒီနေ့ဟာ လအပေါ်အခြေခံတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ပြက္ခဒိန်လ (၁၂) လမြောက် (ဇူလ်ဟဂ်ျ)လရဲ့ (၁ဝ) ရက်နေ့မှာ ကျရောက်ပါတယ်။ ဟဂ်ျသွားရောက်သူတွေအတွက် ဘုရားရှင်နှစ်သက်မှု ရည်စူးလျှက် သားကောင်ကို စွန့်လွှတ်လှူဒါန်းမှုပြုလုပ်ခြင်းနဲ့ မဖြစ်မနေအဆုံးသတ်ရပါတယ်။ မက္ကာမြို့ကို ဟဂ်ျခရီးထွက်ခြင်းဟာ ဝတ်ပြုခြင်းနဲ့ ဥပုသ်ဆောက်တည်ခြင်းတွေလိုပဲ မွတ်စလင်တွေအတွက် ဝိညာဏရေးရာ၊ လူမှုရေးရာနဲ့ စီးပွားရေးဆိုင်ရာ တိုးတက်မြင့်မားဖို့အတွက်ပြုလုပ်တဲ့ ဘုရားသခင်ကို ဝတ်ပြုတဲ့ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။

ယခုကဲ့သို့ ဟဂ်ျခရီးထွက်ခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်ဟာ ဘုရားသခင်အတွက် မိမိရဲ့ မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများ၊ မိမိအိုးအိမ်၊ တိုင်းပြည် စသည်တို့မှ ခွဲခွာရတဲ့အခြေအနေတစ်ရပ်ကို လေ့ကျင့်ခံစားရစေပါတယ်။ ဒီဟဂ်ျခရီးထွက်ခြင်းဟာ တမန်တော်မိုဟမ္မဒ်(ဆွ) မကြာခဏသွားရောက်တဲ့ ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့နေရာဒေသများကို ဂါရဝပြုလေးစားမှုရဲ့ သင်္ကေတလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်းလုံးမှ မွတ်စလင်များ တစ်နှစ်လျှင် တစ်ကြိမ်မက္ကာမြို့တော်တွင် စုရုံးခြင်းကြောင့် ညီရင်းအစ်ကိုစိတ်ဓာတ်ကို တိုးပွားစေနိုင်ပြီး ထိုသို့ပေါင်းစုံခြင်းကြောင့် အချင်းချင်းအသိအမြင်များလည်း ဖလှယ်နိုင်ကြမည်ဖြစ်ပေသည်။

အီဒ်နေ့တွင် ဟဂ်ျခရီးသွားရောက်သူများ သားကောင်ကို စွန့်လွှတ်လှူဒါန်းခြင်းဖြင့် ဟဂ်ျခရီးစဉ်ကို အဆုံးသတ်ရာတွင် ကမ္ဘာတစ်ဝန်းမှ မွတ်စလင်များကလည်း အလားတူစွန့်လွှတ်လှူဒါန်းမှုကို တူညီစွာ ပြုလုပ်ကြခြင်းဖြစ်ပါသည်။ ဤသားကောင်လှူဒါန်းမှုမှာ တမန်တော် အေဗရာဟမ်က သားတော် အစ္စမေလ်ကို ဘုရားသခင်အားနာခံမှုနှင့် ဘုရားသခင်အတွက် စွန့်လွှတ်ရန်အသင့်ရှိကြောင်းပြယုဂ်၏ အထိမ်းအမှတ်ကို ပြန်လည်အောင့်မေ့ပြုလုပ်ကြခြင်းလည်းဖြစ်ပါသည်။

သို့သော်လည်း အစ္စလာမ်ဘာသာတွင် ဤသို့စွန့်လွှတ်လှူဒါန်းခြင်းနှင့် ဆက်လျှဉ်း၍ မွတ်စလင်မဟုတ်သူများမှ အထင်အမြင်လွဲမှားမှုများစွာရှိပါသည်။ သူတို့ကတိရစ္ဆာန်များကို သတ်ခြင်းဖြင့် စွန့်လွှတ်သူ၏ အပြစ်များကို ထိုတိရစ္ဆာန်က အစားထိုးယူဆောင်သွားခြင်းကြောင့် ထိုသူ၏ အပြစ်များပပျောက်သွားသည်ဟု ယစ်ပူဇော်ခြင်းသဘောယူဆကြလေသည်။အစ္စလာမ်ဘာသာဝင်များသည် မည်သည့်သတ္တဝါ မည်သည့် ပုဂ္ဂိုလ်မှ အခြားသူတစ်ဦးတစ်ယောက်၏ အပြစ်ကို ကိုယ်စားခံနိုင်သည်ဟု ယုံကြည်ခြင်းမရှိကြပါ။ ယဇ်ပူဇော်ခြင်းကဲ့သို့သော အပြုအမူများမှာ သာသနာပလူများ၏ လုပ်ရပ်များသာဖြစ်ပြီး အစ္စလာမ့် တမန်တော် မိုဟမ္မဒ်(ဆွ) သည် ယင်းအပြုအမူများကို တိုက်ဖျက်ခဲ့သူသာလျှင်ဖြစ်ပါသည်။

စွန့်လွှတ်ခြင်း၏ အမှတ်သင်္ကတအနက်အဓိပ္ပာယ်မှာ လူတစ်ဦးတစ်ယောက်သည် မိမိထက်နိမ့်ကျသော တိရစ္ဆာန်တစ်ကောင်ကို စွန့်လွှတ်ရာတွင် ထိုတိရစ္ဆာန်သည် မိမိအတွက် စွန့်လွှတ်ခြင်းခံရသကဲ့သို့၊ အကယ်၍ ထိုသူသည် အရှင်မြတ်၏ လမ်းတော်ဝယ်မိမိအသက်ကိုပင် စွန့်လွှတ်ရမည်ဟု အမိန့်တော်ကျရောက်လာလျှင် တွေဝေခြင်းမရှိဘဲ ဘုရားသခင်အတွက် မိမိအသက်ကို စွန့်လွှတ်ရန် အသင့်ရှိကြောင်း ဖော်ပြသော လက္ခဏာပင်ဖြစ်ပေသည်။ သားကောင်ကို စွန့်လွှတ်ခြင်းပြုလုပ်ချိန်တွင် ယင်းရည်ရွယ်ချက်အနက်အဓိပ္ပာယ်ကို နက်နဲစွာထိတွေ့ခံစားရမည်ဖြစ်ပေသည်။ လောကနိယာမသဘာဝတွင်လည်း ကျွန်ုပ်တို့ အသက်ရှင်ရပ်တည်မှုအတွက်မြောက်များစွာသော ပိုးမွှားသတ္တဝါလေးများသည် အချိန်တိုင်း ကျွန်ုပ်တို့အတွက်စွန့်လွှတ်အနစ်အနာခံနေရပါသည်။

ဤသို့ဖြင့် ကြီးကျယ်မြင့်မြတ်သော အရာများအတွက် နိမ့်ကျသောအရာများကို စွန့်လွှတ်ရမည်ဟူသော သဘောကို ပိုက်မိစေကာ မှန်ကန်သော သစ္စာတရားအတွက်သော်လည်းကောင်း လူအများ၏ကောင်းကျိုးအတွက်သော်လည်းကောင်း မိမိကိုယ်ကို စွန့်လွှတ်ရန်အသင့်ရှိရမည်ဟူသော စိတ်ဓာတ်ကို မွေးမြူရန်သာဖြစ်ပါသည်။ ဘာသာခြားများ ယူဆခြင်းကဲ့သို့ ယစ်ပူဇော်ခြင်းမဟုတ်ကြောင်းကို ကိုရ်အာန်ကျမ်းစာက ဤသို့ဖော်ပြထားပါသည်။

"စွန့်လွှတ်သော တိရစ္ဆာန်၏အသွေးသည်လည်းကောင်း၊ အသားသည်လည်းကောင်း ဘုရားသခင်ထံတော်သို့ ရောက်ရှိကြသည်မဟုတ်၊ သင်တို့၏ ကောင်းမြတ်မှန်ကန်သော အကျင့်သီလ၊ အမိန့်တော်ကို ရိုသေမှုတို့သာလျှင် ဘုရားသခင်ထံတော်သို့ရောက်ရှိလေသည်။" (ကိုရ်အာန်ကျမ်းစာ ၂၂ : ၃၇)

မွတ်စလင်များအတွက် ဘုရားသခင်နှင့် နီးစပ်မှုရရန်အကောင်းဆုံးသော အပြုအမူမှာ ဖြောင့်မတ်မှန်ကန်ခြင်းသာဖြစ်ပြီး၊ သူ၏ စိတ်ဆန္ဒအလုံးစုံကို ဘုရားသခင်အတွက် စွန့်လွှတ်ခြင်းသည်သာ အကောင်းဆုံးစွန့်လွှတ်ခြင်းဖြစ်ပြန်ပါသည်။

"ဧကန်အမှန် ဘုရားသခင်အထံတော်တွင် ဂုဏ်အရှိဆုံးသောသူမှာ သင်တို့အတွင်းမှ ဖြောင့်မတ်မှန်ကန်မှုအရှိဆုံးသူသာလျှင်ဖြစ်ပေသည်။" (ကိုရ်အာန်ကျမ်းစာ ၄၉ : ၃၉ )

ကျွန်တော်တို့ကိုယ်တိုင်ဟာ ဘုရားသခင်ရဲ့ ဂုဏ်တော်များနဲ့အညီ နေထိုင်ပြုမှုကြလျှက် ကိုရ်အာန်နဲ့ အရှင့်တမန်တော်ကို လိုက်နာပြီး အီဒ်ဒိလ်အဒ်ဟာကို ကျင်းပခဲ့ကြရင် အီဒ်နေ့ရဲ့ အနှစ်သာရသတင်းစကားဟာ ပီပြင်ခဲ့ပြီဖြစ်ပါတယ်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-