Saturday, March 1, 2014

အဟ်မဒီများ၏ အခွင့်အရေးကာကွယ်ဖို့ အမေရိကန်ကွန်ဂရက်၌ တရားဝင်ကော်မတီတစ်ရပ်ဖွဲ့စည်းကြောင်း သောကြာနေ့က ကြေငြာခဲ့



The Ahmadi Post: Myanmar
မတ်လ ၁ ရက်၊ ၂၀၁၄

အမေရိကန်ပြည်ထောင်စု၊ ဥပဒေပြုအမတ်များက အဟ်မဒီမွတ်စလင်မ်များ၏ အခွင့်အရေးအတွက် အကာအကွယ်ပြုပေးဖို့ "အဆုံးအဖြတ် ပေးပိုင်ခွင့်ရှိသည့် ကော်မတီတစ်ခု" ကို ပါလီမန်တွင် ဖေဖော်ဝါရီလ ၂၈ ရက် (သောကြာနေ့) က ကြေငြာခဲ့ကြောင်း ဝါရှင်တန်တိုင်းမ် သတင်းစာက တင်ပြထားသည်။

ဝါရှင်တန်တိုင်းမ်က ရေးသားဖော်ပြရာ၌ သေးငယ်လှသော မွတ်စလင်မ်အုပ်စုတစ်စုဖြစ်သည့် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့မှာ မကြာခဏဆိုသလို ဖိနှိပ်ညှဉ်းပမ်းများခံနေရကြောင်း၊ ၎င်းတို့ကို အုပ်စုကြီးသည့်မွတ်စလင်မ်များက အယူမှားသူများဟု သတ်မှတ်ထားကြောင်း၊ သို့သော် ထိုအဟ်မဒီများ မှာ အမေရိကန်ဥပဒေပြုကွန်ဂရက်တည်ရှိရာ ကပ္ပတဲလ်တောင်ကုန်းတွင်မူ မိတ်ဆွေအများအပြား ရကြစမြဲဖြစ်ကြောင်း၊ အမေရိကန်သမ္မတအိုဘားမား ကလည်း အဟ်မဒီများ၏ အခွင့်အရေးနှင့်ပတ်သတ်ပြီး National Prayer Breakfast အခမ်းအနားမိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရှိသည်သာမက အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ အနှစ်ချုပ်သမိုင်းကိုပါ တင်ပြထားသည်။

ယင်း "အဆုံးအဖြတ် ပေးပိုင်ခွင့်ရှိသည့် ကော်မတီ" တွင် အမေရိကန်ကွန်ဂရက်မှ အမတ်များပါဝင်ပြီး ယင်းသို့ဖွဲ့စည်းခြင်းမှာ ထူးခြားသည့် သင်္ကေတ တစ်ခုပင်ဖြစ်ကြောင်း business-standard.com က ဆိုသည်။

Ahmadiyya Muslim Caucus ခေါ် အဟ်မဒီယာမွတ်စလင်မ်များ၏ အခွင့်အရေးနှင့်ပတ်သတ်ပြီး အဆုံးအဖြတ်ပေးမည့်ကော်မတီကို ရီပတ်ဘလီ ကန် ကိုယ်စားပြုအမတ် Frank Wolf နှင့် ဒီမိုကရက်ကိုယ်စားပြု Jackie Speier တို့ ပူးတွဲခေါင်းဆောင်မည်ဖြစ်သည်။ သူတို့နှစ်ဦးစလုံးက အဟ်မဒီမွတ်စလင်မ်များသည် ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့၌ အတိဒုက္ခများနှင့် ရင်ဆိုင်နေကြရကြောင်း ဆိုသည်။

Ahmadiyya Muslim Caucus ကိုဦးဆောင်မည့် ရီပတ်ဘလီကန် ကိုယ်စားပြုအမတ် Frank Wolf
"အဟ်မဒီယာမွတ်စလင်မ်များ၏ အခွင့်အရေးနှင့်ပတ်သတ်ပြီး အဆုံးအဖြတ်ပေးမည့်ကော်မတီ" ကို ကြေငြာရာ၌ Frank Wolf က - "(အဟ်မဒီများရဲ့ အခွင့်အရေးနဲ့ပတ်သတ်ပြီး) ကျွန်တော်တို့ မှာ မဖြစ်မနေဆောင်ရွက်ပေးဖို့ တာဝန်ရှိနေပါတယ်။ အမေရိကအနေနဲ့ နုတ်ဆိတ်နေမှာတော့ မဟုတ်ဘူး။" ဟု ကွန်ကရက်၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၊ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဒုတိယဥက္ကဌနှင့် သာသနာပြုမှူးချုပ်ဖြစ်သူ အေမာမ် နဆီးမ်မဟ်ဒီက အဟ်မဒီများ၏ အခွင့်အရေး ကာကွယ်ပေးမည့် ဤကော်မတီသည် အဟ်မဒီများ၏ အခွင့်အရေးသက်သက်ကိုသာမဟုတ်ဘဲ ကမ္ဘာပေါ်ရှိ လူနည်းစုများ ကိုးကွယ်ယုံကြည်သည့် ဘာသာသာသနာများထဲမှ အဖိနှိပ်ခံနေရသော မည်သည့် ဘာသာဝင်၏ အခွင့်အရေးကိုမဆို အကာအကွယ်ပေးသွားမည့်အကြောင်း ပြောကြားခဲ့သည်။

"နိုင်ငံခြားအစိုးရတစ်ရပ်က ကျွန်တော်တို့ (အဟ်မဒီယာမွတ်စလင်မ်) အဖွဲ့ကို ဖိနှိပ်မယ်၊ ဒါမှမဟုတ် တိုက်ခိုက်တာတွေကို လျစ်လျူပြုပြီး အရေးမယူဘူး စတာတွေနဲ့ပတ်သတ်ပြီး Ahmadiyya Muslim Caucus က အချိန်နဲ့အမျှ သတိထားစောင့်ကြည့်သွားမှာ ဖြစ်ပါတယ် " ဟု နဆီးမ်မဟ်ဒီက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၊ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဒုတိယဥက္ကဌနှင့် သာသနာပြုမှူးချုပ်ဖြစ်သူ အေမာမ် နဆီးမ်မဟ်ဒီ၊ အမေရိကန်ကွန်ဂရက်၌ မိန့်ခွန်းပြောကြားနေစဉ်

၁၉၇၄ တွင် ပါကစ္စတန်က အဟ်မဒီမွတ်စလင်မ်များကို နှိပ်ကွပ်သည့် ဥပဒေပြဌာန်းခဲ့သည်။ ထို့နောက်ပိုင်း အဟ်မဒီများကို တိုက်ခိုက်မှုများ အဆက်မပြတ်ဖြစ်ပွားခဲ့ပြီး ၂၀၁၀ တွင် လာဟိုရ်မြို့၌ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုလည်း ဖြစ်ပွားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ အခြေခံဥပဒေက လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို ဖော်ပြထားသော်လည်း အဟ်မဒီများကို တိုက်ခိုက်ကြရသည့်အခါတွင်မူ လျစ်လျူပြုနေဆဲဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဂျာဗားကျွန်းအနောက်ပိုင်းတွင် အဟ်မဒီမွတ်စလင်မ် ၃ ဦးကို လူမဆန်စွာ အုပ်စုဖွဲ့ရိုက်သတ်ခဲ့သည့် အမှု ဖြစ်ပွားခဲ့သော်လည်း ကျူးလွန်သူများကို ရက်တိုထောင်ဒဏ်သာ ချမှတ်ခဲ့သည်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-