Tuesday, September 4, 2018

သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနား မန္တလေးတွင်ကျင်းပ

မြန်မာနိုင်ငံအတွင်း နေထိုင်ကြပြီး ကိုးကွယ်ယုံကြည်ရာဘာသာတရားများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားစေရန် ရည်ရွယ်ကာ သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနားကို စက်တင်ဘာလ ၂ ရက်နေ့က မန္တလေးမြို့ရှိ မြန်မာနိုင်ငံဆရာဝန်များ အသင်းခန်းမတွင် ကျင်းပခဲ့သည်။

“ဘာသာတရားရဲ့ အနှစ်သာရ၊ ဘာသာတရားရဲ့ တန်ဖိုးတွေကို ဘာသာဝင်နောက်လိုက်တွေက တန်ဖိုးထား နားလည်တတ်ဖို့နဲ့ မိမိတို့ဘာသာတရားရဲ့ သွန်သင်ချက် အနှစ်သာရတွေကို သိမြင်နားလည်ဖို့၊ ဘာသာတရားအပေါ်မှာ ယုံကြည်သက်ဝင်မှု ပိုမိုပြီးတော့ တိုးပွားလာစေဖို့နဲ့ သာသနာဝင် အချင်းချင်းတွေရဲ့ကြားမှာ ချစ်ခင်ရင်းနှီးမှု၊ မေတ္တာထားတတ်မှု၊ အပြန်အလှန် စာနာနားလည်တတ်မှု တိုးပွားလာစေဖို့ ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ အဟ်မဒီယာ မွတ်စလင်အဖွဲ့ချုပ်မှ သာသနာပြုဆရာ ဦးဇေယျာမိုးက ပြောကြားသည်။

သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနားကို ၂၀၁၇ ခုနှစ်ကစ၍ ရန်ကုန်တိုင်းတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလကလည်း ရန်ကုန်တိုင်းတွင်ပင် ထပ်မံကျင်းပခဲ့ကြောင်း၊ ယခုတတိယအကြိမ်တွင် မန္တလေးမြို့တော်၌ ကျင်းပခြင်းဖြစ်ကြောင်း၊ အခမ်းအနားသို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာဘာသာအလိုက် တရားတော်များကို ဟောကြားခဲ့သည်။ “ကျွန်တော်က ဝန်ကြီးကိုယ်စား တက်ရောက်ခဲ့ပါတယ်။ ဝန်ကြီးသူရ ဦးအောင်ကိုပေးအပ်တဲ့ သဝဏ်လွှာလည်း ဖတ်ကြားခဲ့ပါတယ်။ ဒီလိုအခမ်းအနားက ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက်တဲ့ကိစ္စဖြစ်ပါတယ်”ဟု မန္တလေးတိုင်း သာသနာရေးဦးစီးမှူး ဦးခင်မောင်တင့်က ပြောကြားသည်။

သာသနာတည်ထောင်သူ အရှင်သူမြတ်များနေ့ အခမ်းအနားကို ဘာသာအသီးသီးမှ ခေါင်းဆောင်များအပါအဝင် လူ ၄၀၀ ခန့် တက်ရောက်ခဲ့ပြီး ဘာသာတရားအသီးသီး၏ သွန်သင်ဟောပြောချက် အနှစ်သာရများကို စုစည်းထားသည့် ပြခန်းများလည်း ဖွင့်လှစ်ပြသခဲ့သည်။.

Source : http://thevoicemyanmar.com/news/25359-tdn

Tuesday, August 28, 2018

သာသနာတည်ထောင်သူအရှင်သူမြတ်များနေ့ကျင်းပမည်

မြန်မာနိုင်ငံအဟ်မဒီယာမွတ်စလင်အဖွဲ့ချုပ်မှ လာမည့် ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂ရက် တနင်္ဂနွေနေ့တွင် မန္တလေးတိုင်းဒေသကြီး ဆရာဝန်များအသင်းခန်းမ၌ 'သာသနာတည်ထောင်သူအရှင်သူမြတ်များနေ့'ကို ( နံနက် ၉း၀ဝနာရီမှ ၁၂း၀ဝထိ ) ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အခမ်းအနားဖိတ်စာများကို အောက်ဖော်ပြပါလိပ်စာများတွင် လာရောက်ထုတ်ယူနိုင်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။


မန္တလေးမြို့။ အမှတ် (၁၄၃)၊ ၇၆ ×၇၇ ကြား၊ ၂၈ လမ်း၊ ဇီဝဆေးခန်းဘေး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။ ဖုန်း- ၀၉ ၄၄၃၀၄၇၀၅၄၊ ၀၉ ၂၅၇၁၂၇၈၂၆

ရန်ကုန်မြို့၊ အမှတ်(၁၉၁)၊ ၂၈လမ်း(အထက်)၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၂၅၂၈၉၄ ၀၉ ၂၅၅၇၆၆၃၆၉

Wednesday, August 1, 2018

၂၀၁၈ ခုနှစ် ဗြိတိန်ဂျလ်ဆာညီလာခံကျင်းပရန်စီစဉ်ထားမှုများကို ခလီဖာသခင်ကြည့်ရှုစစ်ဆေး

ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာအဖွဲဲ႕၏ ဦးစီးခေါင်းဆောင် ပဥ္စမမြောက်ခလီဖာသခင် ဟာဇရတ် မေရ်ဇာ မတ်စ်ရူး အဟ်မဒ်သခင်ဟာ ဗြိတိန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အဟ်မဒီယာမွတ်စလင်အဖွဲ့ရဲ့ (၅၂) ကြိမ်မြောက် နှစ်ပတ်လည် ဂျလ်ဆာညီလာခံကို ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့က ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

စစ်ဆေးမှုတွေပြုလုပ်တဲ့အတောအတွင်း ခလီဖာသခင်ဟာ သုံးရက်တာအခမ်းအနားကို စီစဉ်ကြီးကြပ်မယ့်ဌာနတွေကို သွားရောက်ခဲ့ပါတယ်။ ဌာနအသီးသီးက တာဝန်ရှိသူတွေက ခလီဖာသခင်ကို အစီအစဉ်တွေနဲ့ စပ်လျှဉ်းပြီး ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

အဲ့ဒီနောက် ခလီဖာသခင်က လုပ်အားပေး လုပ်ကိုင်သူပေါင်း (၅၀၀၀) ကို သူတို့ရဲ့တာဝန်အသီးသီးကို လုံ့လဝီရိယရှိရှိလုပ်ကိုင်ကြဖို့နဲ့ ဝတ်ပြုတည်ဆောက်မှုတွေမှာ မပျက်မကွက်ရှိကြဖို့ ပြောဆိုခဲ့တယ်။ ခလီဖာသခင်က သူတို့အားလုံးကို တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးရှိကြဖို့ ဂျလ်ဆာညီလာခံကျင်းပမယ့် နေရာဖြစ်တဲ့ အယ်လ်တန်အရပ်နဲ့ ဖဇလ်ဗလီနားအနီးတဝိုက်ကလူတွေဆီက အဟ်မဒီမွတ်စလင်တွေနဲ့ ပတ်သတ်လို့ မကျေနပ်ကန့်ကွက်တိုင်ကြားချက်တွေမရှိစေရအောင် ဂရုစိုက်ကြဖို့ အရေးကြီးကြောင်းပြောဆို အကြံပေးခဲ့တယ်။

ဖဇလ်ဗလီအနီးအနားနေထိုင်သူအချို့က အဟ်မဒီမွတ်စလင်တွေဗလီကိုလာရောက်တဲ့အခါ လမ်းရဲ့တစ်စိတ်တစ်ပိုင်းကို ပိတ်ဆို့ထားတာတွေရှိတယ်ဆိုပြီး မကျေနပ်တိုင်ကြားတာတွေရှိတဲ့အကြောင်း ခလီဖာသခင်က ဖော်ပြပြောဆိုခဲ့တယ်။

တစ်စုံတစ်ယောက်ရဲ့ ပတ်ဝန်းကျင် အိမ်နီးနားချင်းတွေကို အခက်အခဲဒုက္ခဖြစ်စေတာဟာ လုံးဝမှားယွင်းတဲ့ အပြုအမူတွေဖြစ်ပြီး ခုလိုကန့်ကွက်တိုင်ကြားမှုတွေလက်ခံရရှိတာဟာ ခလီဖာသခင်အတွက်ပါ အကြီးအကျယ်အရှက်ရစရာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ခလီဖာသခင်က အလ္လာဟ်အရှင်မြတ်ကို ဝတ်ပြုဖို့နဲ့ ဆွလာသ်ဝတ်ပြုခြင်းရဲ့ အရေးကြီးပုံကို ထပ်မံပြောဆိုခဲ့ပါတယ်။ ခလီဖာသခင်က ...
" ဒီရက်တွေမှာ ကျွန်တော်တို့အားလုံးဟာ ဝတ်ပြုခြင်းအပေါ်မှာ အထူးအာရုံစိုက်အလေးထားဖို့လိုပါမယ်။ အကြောင်းက ကျွန်တော်တို့အားလုံးရဲ့ အောင်မြင်မှုဟာ ဝတ်ပြုတည်ဆောက်ခြင်းအပေါ်မှာ မူတည်နေလို့ပါပဲ။ ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ရည်မှန်းချက်တွေအားလုံးကို အလ္လာဟ်အရှင်မြတ်ရဲ့ ကောင်းချီးမင်္ဂလာသက်သက်နဲ့သာ ဖြည့်စည်းဆောင်ရွက်နိုင်မှာဖြစ်တယ်။ အလ္လာဟ်အရှင်မြတ် လုပ်အားပေးလုပ်ကိုင်ဆောင်ရွက်ပေးသူတိုင်းကို သူတို့ရဲ့တာဝန်တွေကို အကောင်းဆုံးပုံစံနဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ စွမ်းအားပေးတော်မူပါစေ။"

အစောပိုင်းမှာ ခလီဖာသခင်ဟာ ဗြိတိန်အဟ်မဒီယာ အဖွဲ့ပိုင် ဟက်စလီမီးရ် ဝင်းအတွင်းနဲ့ ဗိုင်တုလ်ဖူတူ (လန်ဒန်) ဗလီမှာပြုလုပ်ထားတဲ့ ဂျလ်ဆာ ညီလာခံ အတွက် စီစဉ်ထားမှုတွေကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ဂျလ်ဆာညီလာခံဟာ သောကြာနေ့ နေ့လည်ခင်းမှာ စတင်မှာဖြစ်ပြီး ဒီအခမ်းအနားမှာပဲ ခလီဖာသခင်ရဲ့ အပတ်စဉ် သောကြာမိန့်ခွန်းကို ဟောကြားမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ရက်သတ္တပတ်ရဲ့ပိတ်ရက်နှစ်ရက်စလုံးမှာ နော်ထပ်ဟောပြာမှု (၄) ခုကို ဆက်လက်ဟောကြားမှာဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ ထောင်ပေါင်းများစွာသော အဟ်မဒီမွတ်စလင်တွေဟာ ခလီဖာသခင်ထံမှာ ဘိုင်အတ်လို့ခေါ်တဲ့ ခလီဖာသခင်ကို နာခံသစ္စာခံယူမှုပြုလုပ်သွားကြမှာဖြစ်ပါတယ်။

ဒီအစီအစဉ်တစ်ခုလုံးကို MTA နိုင်ငံတကာရုပ်သံအစီအစဉ်ကနေတိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

Friday, June 29, 2018

လိင်တူဆက်ဆံခြင်း ဟာမျိုးဗီဇစေ့ဆော်မှုကြောင့်ဖြစ်တာလား၊ LGBTQ လှုပ်ရှားမှုအပေါ်အမြင်

ဒီရက်ပိုင်း ကမ္ဘာအနှံ့မှာ LGBTQ လှုပ်ရှားမှုတွေနဲ့ပတ်သတ်တဲ့ သတင်းတွေ၊ ထောက်ခံအားပေးတာတွေ ၊ချီတက်ဆန္ဒထုတ်ဖော်တာတွေကို တွေ့ရတယ်။ မြန်မာပြည်မှာလည်း  သံရုံးတွေ၊လူမှုအဖွဲ့အစည်းတွေအတွင်းမှာ ဒီအကြောင်းအရာတွေကို ထောက်ခံအားပေးပျံ့နှံ့အောင်လုပ်ဆောင်တာတွေတွေ့ရတယ်။သူတို့ကို ခွဲခြားဆက်ဆံမှုတွေ၊ နှိမ့်ချချိုးနှိမ်ပြီး ဝိုင်းကြဉ်ထားတာ၊ ပယ်ထားတာတွေကနေ မရှိတော့အောင်လုပ်ဆောင်ပေးတာတွေလည်းပါဝင်ပါတယ်။  LGBTQ လှုပ်ရှားမှုရဲ့ အဓိပ္ပာယ်မှာ မိန်းမလျှာတွေ၊ အခြောက်တွေ၊  လိင်တူလိင်ကွဲဆက်ဆံသူတွေ၊ လိင်ပြောင်းလဲထားသူတွေ လိင်တူဆက်ဆံသူတွေ စသဖြင့် ပုံမှန်မဟုတ်တဲ့ သဘာဝမကျတဲ့ လိင်ဆက်ဆံမှုတွေပါဝင်ပြီး သူတို့ကို လူမှုအဖွဲ့အစည်းထဲမှာ ဒီအတိုင်း နားလည်လက်ခံပေးဖို့ကြိုးစားနေကြတာလည်းဖြစ်တယ်။ ဒါပေမယ့် သူတို့ရဲ့ တကယ့်အရင်းအမြစ်ပြဿနာဖြစ်တဲ့ မူမမှန် သဘာဝလွန် စိတ်ခံစားမှု အခြေအနေတွေကနေ လွတ်မြောက်အောင်လုပ်ဆောင်ပေးနိုင်တဲ့ အရေးကြီးတဲ့ပြုပြင်ပြောင်းလဲမှုတွေမပါဝင်ပါဘူး။


ကျွန်တော်တို့ကတော့ အစဉ်အလာအတိုင်းပဲ လိင်တူဆက်ဆံတာ၊လိင်တူခြင်းလက်ထက်တာတွေကို သဘာဝမကျဘူး လူ့အဖွဲ့အစည်းမှာ လက်မခံသင့်ဘူးလို့မြင်ကြတယ်။ ဆေးပညာတိုးတက်လာလို့ ဘေးအန္တရာယ်တွေအများကြီး ရှောင်လာနိုင်ပေမယ့် လိင်တူဆက်ဆံရာကနေကူးစက်ရောဂါတွေအများကြီးပျံ့နှံ့ဖို့ လွယ်ကူပါသေးတယ်။ ဒီလိုအပြုအမူတွေ ပွင့်ပွင့်လင်းလင်း အဆီးအတားမရှိဖြစ်လာမယ်ဆိုရင် လူ့အဖွဲ့အစည်းကို အများကြီးထိခိုက်စေနိုင်တယ်။ အိမ်ထောင်ပြုတာ၊ လက်ထက်တာဟာ လူ့မျိုးဆက်ပြန့်ပွားဖို့၊ သားသမီး ပွားစီးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေရှိရပါတယ်။ သားသမီးပွားစီးခြင်း ဖို့မဖြစ်နိုင်တဲ့ လိင်တူခြင်းလက်ထက်တာဟာ အိမ်ရာထူထောင်ခြင်းရဲ့ အနှစ်သာရကိုလည်း မေးခွန်းထုတ်စရာဖြစ်လာစေပါတယ်။

LGBTQ လှုပ်ရှားသူတွေ၊လိင်တူဆက်ဆံသူတွေရဲ့ အမြင်မှာ သူတို့ဟာ မွေးရာပါ မျိုးဗီဇ တိမ်းညွတ်မှု (Genetic Tendencies) အရ သူတို့မှာ ဒီလိုစိတ်ခံစားမှုနဲ့ အခြေအနေတွေဖြစ်ရတယ်လို့ဆိုကြတယ်။ ဆိုလိုတာက သူတို့ဒါနဲ့ပတ်သတ်လို့ ဘာမှလုပ်လို့မရဘူး။ သူတို့ကို ဒီအတိုင်းလက်ခံပေးဖို့ တောင်းဆိုကြတယ်။ အာဖရိကန် အမေရိကန် လူမည်းတွေကိုလည်း မျိုးဗီဇအရ အသားမဲတာကြောင့် ကျွန်တွေအဖြစ် ထားခဲ့ကြတယ်။ ယခုတော့ မျိုးဗီဇကြောင့် ခွဲခြားမှုတွေဟာ လူအဖွဲ့အစည်းမှာ မရှိသင့်တော့ဘူး။ သူတို့လည်း အဲ့ဒီအလားတူ တောင်းဆိုမှုပြုကြတာလို့ဆိုကြတယ်။

ဆန်းစစ်ကြည့်တဲ့အခါ တကယ်တော့ လိင်တူဆက်ဆံမှု စေ့ဆော်မှုတွေဟာ မျိုးဗီဇက စေ့ဆော် တိမ်းညွတ်မှုကြောင့်ဖြစ်ရတာမဟုတ်ပါဘူး။ သဘာဝကျတဲ့ လိင်ကွဲ ဆက်ဆံမှုပဲဖြစ်ဖြစ် သဘာဝမကျတဲ့ လိင်တူဆက်ဆံမှုပဲဖြစ်ဖြစ် နောက်ကွယ်က အတင်းအကျပ်စေ့ဆော်မှုရှိတာကြောင့်မဟုတ်ပါဘူး။ အတင်းအကျပ်စေ့ဆော်မှုတွေဟာ လူ့အဖွဲ့အစည်းရဲ့ အပြုအမူတွေကနေမွေးဖွားလာတာသာဖြစ်တယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ အတင်းအကျပ် စေ့ဆော်မှုတွေကို ကြည့်ရင် လိင်ပိုင်းဆိုင်ရာ စေ့ဆော်မှုတွေတင်မကပါဘူး။ တဏှာ ရာဂတွေကို တက်မက်မောနေတဲ့ စေ့ဆော်မှုတွေရှိနေတယ်။ ဝတ္ထုပစ္စည်းတွေကို ရယူပိုင်ဆိုင်လိုတဲ့ စေ့ဆော်မှုတွေရှိနေတယ်။ တစ်ချို့လူတွေဟာ သူတပါး ပစ္စည်းကို ခိုးယူကြတယ်။ လုယက်ကြတယ်။ လူတွေကို သတ်ဖြတ်ကြတယ်။ ဒါတွေကို ကျွန်တော်တို့ မကြိုက်နှစ်သက်ကြဘူး။ ဒါတွေကကော စေ့ဆော်မှုကြောင့် ဖြစ်တာမဟုတ်ဘူးလား။ ဒီလိုစေ့ဆော်မှုတွေကို ဖိနှိပ် ချိုးနှိမ်မထားသင့်ဘူးလား။ ဒါတွေကျတော့ မျိုးဗီဇ တိမ်းညွတ်မှုကြောင့်ဖြစ်တာလို့ ဘာလို့မပြောတာလဲ?


တကယ်တော့ တစ်ချို့စေ့ဆော်မှု ဆန္ဒတွေဟာ ဖိနှိပ်ချိုးနှိမ်ထားရမှာဖြစ်တယ်။ ဒါမှာသာ လူမှုအဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှုတွေဖြစ်လာမှာဖြစ်ပြီး ကောင်းမွန်မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာမယ်။ဒီမကောင်းမှုစေ့ဆော်မှုတွေ၊ စိတ်ခံစားမှုတွေကို စည်းကမ်းတကျ ထိန်းချုပ်မှုမရှိဘဲ ဒီအတိုင်းလွှတ်ထားလိုက်မယ်ဆိုရင် လူ့အဖွဲ့အစည်းဟာ မငြိမ်းချမ်းဘဲ ပရမ်းပတာသာဖြစ်နေလိမ့်မယ်။ လူသားရဲ့ ပြင်းပြတဲ့ဆန္ဒတွေဟာ စိတ်ပိုင်းဆိုင်ရာ အပြုအမူတွေမှာ ပျံ့နှံ့နေတယ်။ စိတ်ပညာရှင် ဆစ်ဂမန် ဖရိုက်ဒ် ရဲ့ အလိုအရ ဒီလိုမကောင်းတဲ့စေ့ဆော်မှုတွေကို ဖိနှိပ်ချိုးနှိမ်တာဟာ ဖျက်စီးတာမဟုတ်ဘဲ  စည်းကမ်းနဲ့ ထိန်းသိမ်းကြပ်မတ်ပေးတာသာဖြစ်တယ်။ ဒါမှသာ ဒီနေ့ခေတ်မှာလိုအပ်နေတဲ့ ကောင်းမွန်တဲ့လူ့အဖွဲ့အစည်းဖြစ်လာနိုင်မယ်။

စိတ်မကောင်းစရာကတော့ ဒီ LGBTQ လှုပ်ရှားမှု လုပ်ဆောင်သူတွေဟာ ဒီလိုအကြောင်းအရာတွေကို ဂရုမစိုက်ကြဘူး။ သူတို့ရဲ့လှုပ်ရှားမှုတွေကြောင့် တစ်ကမ္ဘာလုံး လူ့အဖွဲ့စည်းအတွင်းမှာ ယိုယွင်းပျက်စီးမှတွေဘက်ကိုသာ ပိုရောက်ရှိနေကြတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ မဖြေရှင်းနိုင်ရင် ဒီအခြေအနေတွေကနေ ကျွန်တော်တို့ဟာ ကိုယ့်ဘာသာကိုယ် ကယ်တင်နိုင်တော့မှာမဟုတ်ဘူး။

Tuesday, June 19, 2018

ပထမဦးဆုံးသော အဟ်မဒီ ဗလီဝတ်ကျောင်းတော်

ကတိတော်လာမဆီဟ်သခင် အများဆုံးအသုံးပြုတဲ့ ဗလီဝတ်ကျောင်းတော်ဟာ ကာဒီယံ အရပ်မှာရှိတဲ့ 'အက်ဆာ'  ဗလီဝတ်ကျောင်းတော်ဖြစ်ပါတယ်။ အက်ဆာ ဗလီဟာ အရင်ကတည်းက ရှိနှင့်ပြီးဖြစ်တာကြောင့် 'မိုဘာရက်' ဗလီဟာ ကတိတော်လာမဆီဟ်သခင် ကိုယ်တိုင် အခြေချ တည်ဆောက်ပြီး အခမ်းအနားနဲ့ဖွင့်လှစ်ခဲ့တဲ့ ပထမဦးဆုံးသောဗလီဖြစ်ပါတယ်။ ဒါပေမယ့်လည်း 'အက်ဆာ' ဗလီနဲ့ပတ်သတ်လို့ အနည်းငယ် မှတ်သားကြရအောင်ပါ။
အက်ဆာ ဗလီ

ကတိတော်လာမဆီဟ်သခင်ဟာ 'ဘရီယာကျမ်း' မှာ သူ့ရဲ့ဖခင်ဖြစ်သူ မေရ်ဇာ ဂူလာမ် မွရ်တေဇာ (ကာဒီယန်၏ အကြီးအကဲ) အက်ဆာဗလီကို ဘယ်လိုကြောင့် တည်ဆောက်ဖို့ စတင်ခဲ့သလဲဆိုတာကို ဖော်ပြထားပါတယ်။ မဆီဟ်သခင်ပြန်ပြောင်းပြောပြတာက တစ်ရက်မှာ ဖခင်ဖြစ်သူဟာ သူ့ရဲ့ဘဝကို လောကီရေးရာတွေချည်းသာ ရှာဖွေပြီးကုန်ဆုံးခဲ့မိတာကို နက်နက်နဲနဲ နောင်တရစိတ်ဖြစ်မိတယ်။ စိတ်နှလုံးငြိမ်းချမ်းရာကို ရှာဖွေဖို့အတွက် သူ့ရဲ့အိမ်ဘေးမှာ ဗလီတစ်လုံးဆောက်လုပ်ဖို့တွေးတောမိတယ်။ ဒါမှ သူကိုယ်တိုင်လည်း နေ့စဉ် ငါးကြိမ် ဝတ်ပြုဖို့ ဖိတ်ခေါ်သံကိုကြားနိုင်မှာဖြစ်ပြီး သူကိုယ်တိုင်ဝတ်ပြုဖို့သာမက အနီးဝန်းကျင်မှာရှိတဲ့ မွတ်စလင်တွေအတွက်လည်း ဝတ်ပြုရာနေရာတစ်ခု ပေးလှူနိုင်မယ်လို့တွေးမိတယ်။

လေလံပွဲမှာ သူဝယ်ခဲ့တဲ့ ဒီမြေနေရာဟာ အစအဦးကတော့ အကျဉ်းထောင်တစ်ခုဖြစ်ခဲ့ပြီး ဆစ်ခ် လူမျိုးတွေက စီမံအုပ်ချုပ်ကြတယ်။ တစ်ချို့ပြောကြားချက်တွေအရ ဒီနေရာဟာ ဆစ်ခ်အုပ်ချုပ်သူတွေရဲ့ အရပ် ဥပဒေရေးရာ တရားရုံးလို့လည်းဆိုကြတယ်။ ဒါပေမယ့်လည်း ဟာဇရတ် မေရ်ဇာ ဂူလာမ် မွရ်တေဇာ ဟာ ဒီမြေကွက်ကို ဝယ်ယူခဲ့ပြီး (၁၈၇၅) ခုနှစ်မှာ ဗလီဝတ်ကျောင်းဆောက်လုပ်တာကို စတင်ခဲ့တယ်။

(၁၈၇၆) ခုနှစ်မှာ ဗလီဝတ်ကျောင်းတော် စတင်အသုံးပြုနိုင်ပြီလို့ ပြောကြတဲ့ နှစ်မှာပဲ စိတ်မကောင်းဖွယ်ရာပဲ မေရ်ဇာ ဂူလာမ် မွရ်တေဇာ ဟာ ဆုံးပါးခဲ့တယ်။

အသစ်ဆောက်လုပ်ပြီးခါစ ဗလီဝတ်ကျောင်းမှာ ကတိတော်လာမဆီဟ်သခင်ဟာ အမြဲဝတ်ပြုသူတစ်ဦးဖြစ်ခဲ့တယ်။ ပန်ဒစ် ဒေဝီ ရာမ် ဟာ ကာဒီယံမှာ ရှိတဲ့ ကျောင်းတစ်ခုမှာ ဆရာအဖြစ်တာဝန်ကျနေတယ်။ သူပြောပြတာက ဟာဇရတ် မေရ်ဇာ ဂူလာမ် အဟ်မဒ် ဟာ သူ့အိမ်ကနေ အက်ဆာ ဗလီရှိရာကို လမ်းကျဉ်းလေးတစ်ခုကနေဖြတ်သွားပြီး ဝတ်ပြုလေ့ရှိတယ်လို့ဆိုတယ်။ ပုံမှန်အားဖြင့်တော့ သူတစ်ဦးတည်းဖြစ်တယ်။ ဒါပေမယ့် မေရ်ဇာ ကမာလူဒင်း ၊ မေရ်ဇာ အဗစ်ဒ် အလီ (ကာဒီယံအရပ်က မွတ်စလင်နှစ်ဦး) တို့ လာရောက်တဲ့အခါမှာတော့ စုပေါင်းဝတ်ပြုမှုကို ပြုလုပ်ကြတယ်။ ဒီလိုမှမဟုတ်ရင်တော့ မေရ်ဇာ ဆဟစ်ဗ် ဟာ တစ်ဦးတည်းဝတ်ပြုပြီး ပြန်သွားလေ့ရှိတယ်။

ပန်ဒစ် ဒေဝီ ရာမ် ပြောပြတာက ကာဒီယံအရပ်က မွတ်စလင်တွေဟာ အများအားဖြင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ စိတ်ဝင်တစားမရှိကြဘဲ လောင်းကစားခြင်း နှင့် အခြား အချဉ်းအနှီးကိစ္စရပ်တွေမှာ အချိန်အမြောက်အများကို ဖြုန်းတီးနေလေ့ရှိကြတယ်လို့ဆိုတယ်။

ကတိတော်လာမဆီဟ်သခင်ဟာ ကလောင်လက်နက်နဲ့ ဂျီဟတ်ပြုခြင်းကို စတင်လုပ်ဆောင်တဲ့အခါနဲ့ တကယ့်ကို ပညာပြည့်ဝလှတဲ့  'ဘရာဟီနေ အဟ်မဒီယာ' ကျမ်းကို ပြုစုတဲ့အခါ အချိန်အနည်းငယ်မှ အလဟာသမဖြစ်ရအောင် သခင်ရဲ့အိမ်အနီးမှာ ဗလီတစ်လုံးအလိုရှိခဲ့တယ်။ အက်ဆာ ဗလီကို အသွားအပြန်လမ်းလျှောက်သွားရတဲ့ မိနစ်အနည်းငယ်မျှကိုပင် အဆုံးရှုံးမခံချင်ခဲ့ဘူး။

ဒီရည်ရွယ်ချက်နဲ့ ဟာဇရတ် မေရ်ဇာ ဂူလာမ် အဟ်မဒ် သခင်ဟာ  သူ့ရဲ့အိမ်တွင်းမှာရှိတဲ့ အခန်း ဘိုင်တုလ် ဖီကေရ် နဲ့ဘေးကပ်လျှက် ဗလီတစ်လုံးကို စတင်တည်ဆောက်ခဲ့တယ်။ မဆီဟ်သခင်ဟာ ကျော်ကြားလှတဲ့ ဘရာဟီနေ အဟ်မဒီယာ ကျမ်းစာအုပ်ကို ဘိုင်တုလ် ဖီကေရ် အခန်းငယ်လေးမှာ ရေးသားခဲ့တာဖြစ်တယ်။

ဟာဇရတ် ရှိုက်ခ် ယာကွဗ် အလီ အာဖန်နီ ( အယ်လ်ဟကမ် အူရဒူစာစောင်၏ အယ်ဒီတာဖြစ်သူ) ပြောပြတာက ဗလီဆောက်လုပ်တဲ့ နှစ်ဟာ (၁၈၈၃) ခုနှစ်ဖြစ်တယ်လို့ဆိုတယ်။ သို့သော်လည်း ဟာဇရတ် ပီရ် ဆီရာဂျူလ် ဟက် နူမန်နီ ကတော့ (၁၈၈၂) ခုနှစ်မှာ စတင်တယ်လို့ဆိုတယ်။

မိုဘာရက် ဗလီဝတ်ကျောင်းတော်

ကတိတော်လာမဆီဟ်သခင်ဟာ သူ့ရဲ့ ဥယျာဉ်ခြံထဲက အပင်တွေကနေ သစ်သားတိုင်တွေစီစဉ်ပေးခဲ့ပြီး ဘိုင်တုလ် ဖီကေရ်အခန်းရှိရာ အိမ်ရဲ့တောင်ဘက်အခြမ်းကို ဗလီအဆောက်အဦးထောက်မှီရာတန်းအဖြစ်အသုံးပြုခဲ့တယ်။ ဆောက်လုပ်မယ့် အုတ် တွေကိုတော့ အဆောက်အဦးတစ်ခုရဲ့ အပြိုအပျက်တွေ၊ အောက်ခြေ ဖောင်းဒေးရှင်းက အုတ်တွေကို အသုံးပြုခဲ့တယ်။ အဆောက်အဦး ဆောက်သူအဖြစ် 'ပီရန် ဒစ်တာ' ဆိုသူ က ဆောက်လုပ်ရေးလုပ်ငန်းတွေကို စတင်ခဲ့တယ်။ သခင့်အတွက် ဗလီဝင်လမ်းကို ဘိုင်တုလ် ဖီကေရ် အခန်းကတဆင့်ပြုလုပ်ပေးထားခဲ့တယ်။ အပြင်လူတွေဝင်ရောက်ဖို့အတွက်တော့ ၁၈၈၃ ခုနှစ် ဩဂုတ်လ (၃၀) ရက်မှာ ဆောက်လုပ်ခဲ့တယ်။ ဗလီအပြင်ဘက်ကိုတော့ နောက်ပိုင်းမှာ အဖြူရောင်ဆေးသုတ်ထားခဲ့တယ်။


ဗလီအဝင်မုခ်ဦးမှာ ဒီဗလီဝတ်ကျောင်းတော်နဲ့ ပတ်သတ်လို့ ကတိတော်လာမဆီဟ်သခင် ရရှိခဲ့တဲ့ ဗျာဒိတ်တော်ကို ရေးထွင်းထားတယ်။

" ဤဗလီဝတ်ကျောင်းတော်သည် ကောင်းချီးမင်္ဂလာတို့၏ မူလအရင်းအမြစ်ဖြစ်ပြီး ယင်းကိုယ်တိုင်လည်း ကောင်းချီးမင်္ဂလာရှိပေသည်။ ကောင်းမှုလုပ်ရပ်အသီးသီးကို ဤနေရာ၌ ဆောင်ရွက်ကြပေမည် "

ဒါကြောင့် မိုဘာရက် ဗလီဝတ်ကျောင်းတော်ဟာ အဟ်မဒီယာ မွတ်စလင် အဖွဲ့ရဲ့ ပထမဦးဆုံး တည်ဆောက်တဲ့ ဝတ်ကျောင်းတော်ဖြစ်တယ်။ အဟ်မဒီတွေ ရင်ဘတ်ပေါ်လက်တင်ပြီး သစ္စာပြုပြောဆိုနိုင်တာက ဒီကျိုးနွံတဲ့ အဆောက်အဦးတည်ဆောက်မှုကတစ်ဆင့် ကမ္ဘာအရပ်ရပ်က များစွာသော ဗလီဝတ်ကျောင်းတော် အသီးအပွင့်တွေအားဖြင့် ကောင်းချီးပေးခံရတာပါပဲ။

ကမ္ဘာ့တိုက်ကြီးတွေတိုင်းမှာ ကမ္ဘာ့နိုင်ငံအတော်များများမှာ အဟ်မဒီယာ ဗလီဝတ်ကျောင်းတော်တွေရှိနေပြီး " နေမဝင် အဟ်မဒီယာ မွတ်စလင် အဖွဲ့"  လို့တောင် ဂုဏ်ယူဝံ့ကြွားစွာပြောဆိုနိုင်ပါတယ်။

Thursday, May 31, 2018

ခေလာဖတ်နေ့၏ နောက်ခံအကြောင်းအရာ


ကျွန်တော်တို့ဟာ ခေလာဖတ်(တမန်တော်ကိုဆက်ခံသည့်ဦးစီးခေါင်းဆောင်စနစ်) နေ့ကို နှစ်စဉ် မေလ (၂၇) ရက်နေ့တိုင်းကျင်းပနေကြတယ်။ ဒါပေမယ့်လည်း ခေလာဖတ်နေ့ ဘယ်အချိန်ကစခဲ့လဲ ဘာကြောင့်ဒီနေ့ကို စတင်ကျင်းပခဲ့ကြသလဲဆိုတာကို သိပ်မစဉ်းစားမိကြဘူး။
ဟာဇရတ် မီရ်ဇာ ဗရှီးရွတ်ဒီးန် မဟ်မူးဒ် အဟ်မဒ်

ခေလာဖတ်နေ့ကို ၁၉၅၇ ခုနှစ် မေလ (၂၇) ရက်နေ့မှာ ပထမဆုံးအောက်မေ့ကျင်းပခဲ့ကြတယ်။ မွတ်စ်လေမော်အူးဒ် ဟာဇရတ် မီရ်ဇာ ဗရှီးရွတ်ဒီးန် မဟ်မူးဒ် အဟ်မဒ် သခင်ဟာ အဟ်မဒီယာအဖွဲ့ရဲ့ ခေလာဖာစနစ်အရေးကြီးပုံနဲ့ ခေလာဖတ်စနစ်ရဲ့ကောင်းချီးမင်္ဂလာကို သတိတရရှိနေဖို့အတွက် စွမ်းဆောင်နိုင်သမျှ လုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့ဘဝသက်တမ်းတလျှောက်သခင်ဟာ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို ဖြတ်ကျော်ခဲ့ရတယ်။ အဟ်မဒီယာ ဂျမာအသ်ကို ဆန့်ကျင်သူတွေဟာ အဟ်မဒီယတ်ရဲ့ အစဉ်အမြဲတိုးတက်နေတဲ့ ခေလာဖတ်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ ကြိုးစားခဲ့ကြတယ်။

၁၉၁၄ ခုနှစ်မှာ ဟာဇရတ် မီရ်ဇာ ဗရှီးရွတ်ဒီးန် မဟ်မူးဒ် အဟ်မဒ် သခင်ရဲ့ ခေလာဖတ်သက်တမ်း စတင်ချိန်ကစလို့ ၁၉၅၆ ခုနှစ်အထိ အဟ်မဒီယာခေလာဖတ်စနစ်အပေါ်ကို ပုံစံမျိုးစုံနဲ့တိုက်ခိုက်မှုတွေရှိခဲ့တယ်။ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်ရဲ့ စီစဉ်မှုနဲ့ တည်ထောင်ထားတဲ့ ကောင်းချီးမင်္ဂလာရှိတဲ့ဒီစနစ်ကို အလ္လာဟ်အရှင်မြတ်ရဲ့အကာကွယ်ကြောင့်ပဲ ဘယ်လိုမကောင်းတဲ့အကြံအစည်တွေကမှ အန္တရာယ်မပေးနိုင်ခဲ့ဘူး။

ဒါပေမယ့်လည်း ဟာဇရတ် မီရ်ဇာ ဗရှီးရွတ်ဒီးန် မဟ်မူးဒ် အဟ်မဒ် သခင်ဟာ ဒီတမူထူးခြားတဲ့ ကောင်းချီးမင်္ဂလာကို ဂျမာအသ်အဖွဲ့သားတွေအတွင်းမှာ ပိုမိုအသိသတိရှိစေဖို့ နဲ့ ဒီကြီးကျယ်ခမ်းနားတဲ့ ကောင်းချီးမင်္ဂလာကိုပေးအပ်တော်မူတဲ့ အလ္လာဟ်အရှင်မြတ်ကို ပိုမိုကျေးဇူးတင်ကြဖို့လိုလားခဲ့တယ်။

၁၉၅၆ ခုနှစ်မှာ အဟ်မဒီယာလူငယ်အစည်းအရုံးဟာ နိုင်ငံလုံးဆိုင်ရာ စည်းဝေးပွဲတွေကို ကျင်းပနေခဲ့ပြီး အဲ့ဒီမှာ ဒုတိယ ခလီဖာသခင်လည်းတက်ရောက်ခဲ့ပါတယ်။ အဟ်မဒီလူငယ်တွေကို ဒုတိယခလီဖာ သခင်မိန့်ကြားတာက ...

" ခေလာဖတ်ရဲ့ ကောင်းချီးမင်္ဂလာကို အစဉ်အမြဲသတိရကြပါ။ တစ်စုံတစ်ခုကိုသတိရဖို့အတွက် နိုင်ငံတွေဟာ သမိုင်းဝင်နေ့တစ်နေ့ကို သတ်မှတ်ပြီး အောင့်မေ့သတိရလေ့ရှိကြတယ်။ ဥပမာအားဖြင့် ရှီအိုက် မွတ်စလင်တွေဟာ ဟာဇရတ် အီမမ်ဟူစိန်ရဲ့ အာဇာနည်နေ့ကို မမေ့ကြဖို့ တစ်နှစ်တကြိမ် စီတန်းလှည့်လည်ကြတယ်။ အလားတူပဲ လူငယ်တွေကို အကြံပေးလိုတာက နေ့တစ်နေကို ခေလာဖတ်နေ့ဆိုပြီး ကျင်းပကြပါ။ အဲ့ဒီနေ့မှာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်ကို အောင့်မေ့သတိရကြပြီး ခေလာဖတ်သမိုင်းကို ရှင်သန်နိုးကြားအောင်ပြုလုပ်ကြပါ။ သတင်းစာအဟောင်းတွေကိုတော့ ပြန်ရှာရခက်ပါလိမ့်မယ်။ ဒါပေမယ့် အယ်လ် ဖဇလ် သတင်းစာမှာ ဒီအကြောင်းအရာကို မကြာသေးခင်ကပဲ ပြန်လည်ဖော်ပြထားတယ်။ ပထမ ခလီဖာ သခင်ဟာ ခေလာဖတ်စနစ်ကို ထောက်ခံရပ်တည်ပြီး ခေလာဖတ်စနစ်က သွေဖည်သွားခဲ့တဲ့ လာဟိုရ် အဟ်မဒီယာ အဖွဲ့ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ချေပပြောဆိုခဲ့တယ်။"

"သတင်းစာထဲက ဒီစာသားတွေကို ပြန်လည်ဖတ်ပြကြပါ။ ခေလာဖတ်နေ့ကို နှစ်စဉ်ကျင်းပကြမယ်ဆိုရင် လူငယ်မျိုးဆက်သစ်တွေဟာ ဒီအကြောင်းအရာတွေကို နှစ်စဉ်နားထောင်ပြီး အလွတ်မှတ်မိသွားကြလိမ့်မယ်။ ဂျလ်ဆာ အခမ်းအနားတွေကို ကမ္ဘာ့နောက်ဆုံးနေ့ကာလတွေအထိကျင်းပကြပါ။ ဒီလိုဆိုရင် ဂျမာအတ်အဖွဲ့ဟာ ခေလာဖတ်ရဲ့ အရေးကြီးပုံနဲ့ ကောင်းချီးမင်္ဂလာတွေကို ဘယ်တော့မှမေ့တော့မှာမဟုတ်ဘူး။ သခင်ယေရှုရဲ့ ခေလာဖတ်စနစ်ဟာ နှစ်ပေါင်း (၁၉ဝဝ) ခန့်တည်ရှိခဲ့တယ်။ ကတိတော်ရ မဆီဟ် သခင်ရဲ့ အဆင့်အတန်းဟာ ခရစ်တော်ထက်အဆင့်မြင့်တာကြောင့် သူ့ရဲ့ ခေလာဖတ်စနစ်ဟာ နှစ်ပေါင်း (၁၀၀၀၀) တိုင်အောင်တည်ပါစေ။ တနှစ်မှာ တစ်ရက်သတ်မှတ်ထားပြီးပြုလုပ်မှသာလျှင် ဒီအရာဟာဖြစ်လာနိုင်မှာဖြစ်တယ်။"

"ဌာနချုပ်ကိုလည်း ဒါနဲ့ပတ်သတ်လို့ညွှန်ကြားချင်ပါတယ်။ တမန်တော်မြတ်နေ့ကျင်းပသလိုပဲ ခေလာဖတ်နေ့ကို ကျင်းပရမှာဖြစ်တယ်။ ဌာနချုပ်  အနေနဲ့ဂျလ်ဆာအခမ်းအနားကျင်းပစီစဉ်သူတွေကို ဟောပြောရာမှာ ဘယ်လိုအကြောင်းအရာတွေပါဝင်ရမယ်ဆိုတာကို အကြံပေးရမယ်။ အယ်လ်ဖဇလ်သတင်းစာ ထဲကဘယ်အပိုင်းကိုဖတ်ပြရမယ်ဆိုတာတွေကိုအကြံပေးရပါမယ်။ ဒါမှလူငယ်တွေဟာ လာဟိုရ်အဟ်မဒီယာအဖွဲ့သားတွေရဲ့ ဆန့်ကျင်ရေးသားမှုတွေကို ပထမခလီဖာသခင် ခေလာဖတ်စနစ်အတွက် ဘယ်လိုကြံ့ကြံ့ခံရပ်တည် ရေးသားခဲ့သလဲဆိုတာကို သတိပြုမိမှာဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တစ်ဦးတည်းကို ကြိုတင်သိမြင်စေခဲ့တဲ့ အိပ်မက်နဲ့  အနာဂတ်မြင်ကွင်းတွေကိုဖော်ပြရပါမယ်။ ဒါမှ အရှင်မြတ်က ဒီကြိုတင်အသိပေးချက်တစ်ခုချင်းစီကိုဖြည့်ဆည်းပြီး အရှင်မြတ်ရဲ့ ကောင်းချီးမင်္ဂလာဟာ ယခုတိုင် ခေလာဖတ်စနစ်နဲ့အတူရှိနေတာကို သိမြင်နိုင်မှာဖြစ်တယ်။"

ဒုတိယခလီဖာသခင်ရဲ့အလင်းပြမှုနဲ့ နာဇရတ် အစ်လာဟ် အို အာရှက်ဒ် ဟာ ဂျမာအတ်အဖွဲ့သားတွေနဲ့တိုင်ပင်ပြီး မေလ (၂၇) ရက်ကို ခေလာဖတ်နေ့အဖြစ်သတ်မှတ်ဖို့ နဲ့ နေရာအနှံ့မှာရှိတဲ့ဂျမာအတ်အဖွဲ့တွေကလည်း အဲဒီနေ့မှာ အောင့်မေ့သတိရကြဖို့အကြံပြုတင်ပြခဲ့တယ်။ ဒီကြေငြာချက်ဟာ ၁၉၅၆ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ထုတ် အယ်လ်ဖဇလ်သတင်းစာမှာ ပါရှိခဲ့တယ်။

ယင်းအချိန်မှအစပြုပြီး အဟ်မဒီယာ မွတ်စလင်ဂျမာအတ်အဖွဲ့ဟာ ဝတ်ပြုဆုတောင်းခြင်း၊ ခေတ်လာဖတ်စနစ်ရဲ့ကောင်းချီးမင်္ဂလာများကိုအောင့်မေ့သတိရခြင်းအားဖြင့် နှစ်စဉ်နှစ်တိုင်းခေလာဖတ်နေ့ကို အမှတ်ရကြတယ်။ အလ္လာဟ်အရှင်မြတ်ဘက်ကလမ်းညွှန်ပြတဲ့ခေါင်းဆောင်မှုအောက်မှာ ကောင်းချီးမင်္ဂလာရှိတဲ့ ခေလာဖတ်စနစ်ကြောင့် အသင်းတော်ဟာ တစ်နှစ်ထက်တစ်နှစ် တိုးတက်အောင်မြင်မှုတွေကိုလည်း တွေ့မြင်ကြရတယ်။

Al Hakam Weekly သတင်းစာမှ Background of Khilafat Day ကိုဘာသာပြန်တင်ပြသည်။
http://www.alhakam.org/

Monday, May 28, 2018

ကမ္ဘာ့သမိုင်းမှာ ဩဇာအညောင်းဆုံးပုဂ္ဂိုလ်ထူးကြီးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ အစ္စလာမ့်တမန်တော်ကြီး မုဟမ္မဒ် (sa) ရဲ့ ဝိသေသထူးတဲ့ ထေရုပ္ပတ္တိကို ဖတ်ရှုလေ့လာချင်သူများအတွက် သတင်းကောင်း

ထာဝရ ဘုရားရှင်ရဲ့ အမိန့်တော်ကို လေးစားဦးညွှတ်ခဲ့သူ၊ မိဘမဲ့ ဘ၀၊ တမြေထဲနေသူများရဲ့ ညှင်းပမ်းနှိပ်စက်မှုကို ခံခဲ့ရသူ၊ မွေးရပ်မြေကနေ နှင်ချခံခဲ့ရယုံမက မိမိရဲ့ ဦးခေါင်းကို ဆုငွေထုတ်ခံခဲ့ရသူ ဘဝမှသည် … မိမိရဲ့ သွန်သင်ချက်များအတွက် အသက်ပင်စတေးဖို့ ဝန်မလေးကြတဲ့ နောက်လိုက်အခြွေအရံအင်အားကို စတင်အခြေတည်နိုင်ခဲ့ပြီး၊ မိမိနဲ့ မိမိနောက်လိုက်အခြွေအရံတွေအပေါ် အတိုင်းထက်အလွန် မတရားညှင်းပမ်းခဲ့ကြသူတွေကို ခွင့်လွှတ်ဥပက္ခာတရားဖြင့် အောင်နိုင်ပြီး မွေးရပ်မြေကို ပြန်လည်ဝင်ရောက်ခဲ့သူ အစ္စလာမ့်တမန်တော်ကြီး။

ဤ ထေရုပ္ပတ္တိကျမ်းမှာတော့ အစ္စလာမ့်တမန်တော်ကြီး မုဟမ္မဒ် (sa) ရဲ့ ဘ၀ဖြစ်စဉ် အထင်ကရဖြစ်ရပ်တွေကိုသာမက၊ ကိုယ်တော့်ရဲ့ ဘဝအလှည့်အပြောင်းအချိုးအကွေ့တွေကိုပါ သိပ်သည်းကျစ်လစ်စွာ တင်ပြထားပါတယ်။ အစ္စလာမ့်တမန်တော်ကြီး မုဟမ္မဒ် (sa) ဖြတ်သန်းခဲ့တဲ့ ဘ၀ဖြစ်စဉ်ကို စာရှုသူကိုယ်တိုင် အလွန်လွယ်ကူစွာ ကောက်ကြောင်းရေးဆွဲနိုင်ဖို့အတွက် ဤကျမ်းက ကူညီပေးပါလိမ့်မယ်။

တမန်တော်ကြီးရဲ့ ဆွဲဆောင်မှုရှိလှတဲ့ ဤဘ၀ဖြစ်စဉ်အသွယ်သွယ်ကို ဖတ်ရှုသူဟာ တမန်တော်ကြီးရဲ့ အရှိန်ဩဇာအောက် နှစ်မြှုပ်ပျော်ဝင်သွားမှာ အမှန်ပဲဖြစ်ပါတယ်။ အစ္စလာမ့်တမန်တော်ကြီးရဲ့ ဘ၀ဖြစ်စဉ်ဟာ အားလုံးအတွက် ဖွင့်လှစ်ထားတဲ့၊ အတုယူဖွယ် စာအုပ်ကြီး တစ်အုပ်အဖြစ် ရှိနေတာကြောင့်၊ တမန်တော်ကြီးပြုလုပ်ခဲ့သမျှတို့ကို တစ်စစီ ရွေးချယ်သီကုံးထားတဲ့ ဤ ထေရုပ္ပတ္တိကျမ်းကတော့၊ စာရှုသူကို ကျယ်ပြောတဲ့ ရင်ခွင်ကြီး ပိုင်ဆိုင်နိုင်အောင် ပြုလုပ်ပေးမှာ အမှန်ပဲဖြစ်ပါတယ်။

ဂျင်န်နှင့် နတ်ဆိုးဟူသည်

'ကျွန်ုပ် မှတ်မိပါသေးသည်။ နံနက်ခင်းတစ်ခု၌ဖြစ်၏။ ထိုနံနက်ခင်းသည် ထိတ်လန့်အံ့ဩဖွယ်ရာကောင်းလေသည်။ အိပ်ရာက နိုးလျှင်နိုးချင်း ကျွန်ုပ် မျက်လုံးပွင့်လာကာ ဦးနှောက်က စတင်အလုပ်လုပ်လာ၏။ သို့သော် ကျွန်ုပ်ခန္ဓာ
ကိုယ်တစ်ခုလုံး အေးစက်နေသည်။ မလှုပ်မယှက် အိပ်ရာထဲ၌သာ ကျွန်ုပ် လဲ လျောင်းနေသေးသည်။ ကျွန်ုပ်ကိုယ်အား ထိန်းချုပ်ထားသော အဖွင့်အပိတ် ခလုတ်နှင့်တူသည့် တစ်စုံတစ်ရာက လုံးဝပိတ်သွားလေပြီ။ ထိုအခါ ကျွန်ုပ်သည်
မိမိကိုယ်ကို လုံးဝထိန်းချုပ်ထားနိုင်စွမ်းမရှိတော့ချေ။ ကျွန်ုပ်ကြားနေရ၏။ မြင်နေ ရ၏။ သို့ရာတွင် လှုပ်၍မရဖြစ်နေသည်။ ဤသို့ဖြစ်ပျက်ခြင်းမှာ အချိန်အားဖြင့် တစ်မိနစ်ခန့်သာကြာမြင့်သော်လည်း တစ်သက်လုံးဟု ထင်နေရပေသည်။'

အထက်ပါအဖြစ်အပျက်က ကျွန်တော်ကြုံတွေ့ခံစားခဲ့ရသည့်ဖြစ်ရပ်တော့ မဟုတ်ချေ။ ကျွန်တော်၏လူနာများ ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများအနက် တချို့ဖြစ်သည်။ ဤသည်ကို Sleep Paralysis ဟုခေါ်ပြီး ကမ္ဘာ့လူဦးရေ၏ ၆%
မှာ ဤသို့သော ရောဂါကို ခံစားနေကြရ၏။

ဘာသာတရားများစွာနှင့် လူ့ယဉ်ကျေးမှုက ယုံကြည်လျက်ရှိနေကြသည် မှာ Sleep Paralysis ဟု နားလည်ထားကြသော ရောဂါအား ဂျင်န် သို့မဟုတ် နတ်ဆိုးများနှင့် အဆက်အသွယ်ရှိနေခြင်းဟု ယုံကြည်နေကြခြင်းပင်ဖြစ်သည်။

လူတိုင်းလိုလို ယုံကြည်နေကြသော ဂျင်န်တို့၊ နတ်ဆိုးတို့သည် တကယ် အမှန်မှာ စိတ်ရောဂါတစ်မျိုးဖြစ်ကြောင်း အလယ်ခေတ်မှ သုတေသနပြုလေ့လာ ဖော်ထုတ်ခဲ့သောသုတေသနအဖွဲ့အစည်းအသီးသီးမှသမိုင်းအထောက်အထား များနှင့်တကွ ထောက်ပြခဲ့ကြသည်။

မွတ်စလင်များ နားလည်ထားကြကာ အများအားဖြင့် သုံးစွဲနေကြသော ဂျင်န်ဆိုသည်ကို အနောက်တိုင်းတွင် (Demon) နတ်ဆိုးဟု ခေါ်ဝေါ်သုံးစွဲကြလေ သည်။ သို့သော် ဂျင်န်အား အသေးစိပ်ခွဲခြမ်းစိတ်ဖြာကာ ကောက်ကြောင်းလိုက် ကြည့်သောအခါ အနောက်တိုင်းသားများ သုံးစွဲနေကြသော နတ်ဆိုးဆိုသည့် အဓိပ္ပာယ်သဘောသကန်နှင့် သိသိသာသာကွဲပြားခြားနားကြောင်း တွေ့ရသည်။

တစ်ထောင့်တစ်ညပုံပြင်များသည် အစ္စလာမ့်ရွှေခေတ်တွင် စုစည်းထားခဲ့ သည့် အာရှဘက်ပုံပြင်များပင်ဖြစ်သည်။ ထိုပုံပြင်စာအုပ်အား ၁၇၀၆ ခုနှစ်တွင် Arabian Nights ဟုအမည်တပ်ကာ အင်္ဂလိပ်ဘာသာဖြင့် အစောဆုံးထုတ်ဝေ
ဖြန့်ချိခဲ့ချိန်မှစ၍ Arabian Nights 'အာရေဗျညများ'ဟု တွင်လာခဲ့ခြင်းဖြစ်သည်။

ထိုစာအုပ်အား ရာစုနှစ်ပေါင်းများစွာကပင် အနောက်တိုင်း၊ အလယ် ပိုင်း၊ အရှေ့အာရှနှင့် မြောက်အာဖရိက စသည့်ဒေသများမှ စာရေးဆရာများ၊ ဘာသာပြန်ဆရာများ၊ ပညာရှင်များက စုစည်းခဲ့ကြ၏။ ဤအကြောင်းနှင့်စပ်လျဉ်း၍ Encyclopedia Britannica ကမ္ဘာ့စွယ်စုံကျမ်းကြီး၌ ဤသို့ဖော်ပြထားလေသည်။

'ဲJinni င (ဂျင်နီ) ဟူသည် Jinn ၏ဗဟုဝုစ်ကိန်းလည်းဖြစ်ပြီး (Gene) မျိုးရိုးဗီဇဟုလည်း အဓိပ္ပာယ်ရသည်။ သို့ရာတွင် အာရေဗျဘာသာစကားမှ Jinn (ဂျင်န်)သည် အာရေဗျပုံပြင်များအလိုအရ 'သဘာဝလွန်အစွမ်းရှိသည့် ဝိညာဉ်
ထူးတစ်မျိုး'ဟုအဓိပ္ပာယ်ရပြီး ယင်းသည် ကောင်းကင်တမန်များနှင့် နတ်ဆိုးများ ထက် အဆင့်နိမ့်၏။ Ghul (ပုံသဏ္ဌာန်ပြောင်းလဲတတ်သောဝိညာဉ်များ) Ifrit (ဆိုးသွမ်း၍ ဒုစရိုက်မှုကျူးလွန်သည့် မကောင်းသောဝိညာဉ်များ) စသည်တို့မှာ ဂျင်န်အုပ်စုမှ အမျိုးကွဲများဖြစ်ကြသည်။ ထို့ပြင် ဂျင်န်သည် လူနှင့် တိရစ္ဆာန် သဏ္ဌာန်များသို့ ပြောင်းလဲပြတတ်သည်။ မီး၊ လေ စသည်တို့ဖြင့် ဖန်ဆင်းခံရ သည့် သတ္တဝါဖြစ်သည်။ သက်မဲ့များအတွင်းသို့ လှည့်ပတ်ခိုအောင်းရန် အမိန့်ပေး ခြင်းခံရသူလည်းဖြစ်သည်။ ဥပမာ- ကျောက်တုံး၊ သစ်ပင်နှင့် မြေကမ္ဘာ အနက်
ရှိုင်းဆုံးသို့လည်းကောင်း၊ လေထုထဲတွင်လည်းကောင်း၊ မီးထဲတွင်လည်းကောင်း ခိုအောင်းရန် အမိန့်ပေးခြင်းခံရသည်။ လူသားတို့သည် ရုပ်ပိုင်းအရာဝတ္ထုများကို မှီခိုနေရသည့်နည်းတူ ဂျင်န်တို့သည်လည်း မှီခိုနေရ၏။ ဂျင်န်တို့သည် သေကြေ ပျက်စီးနိုင်၏။ သို့သော် ဂျင်န်တို့သည် ရုပ်ပိုင်းကန့်သတ်ချက်များမှ လွတ်မြောက် နေသူများဖြစ်သည်။ ထို့ပြင် ဂျင်န်တို့သည် လူသားတို့အား အပြစ်ပေးရာ၌

အကြောင်းခံအဖြစ် အသုံးချခံရကာ ရောဂါများပေါက်ဖွားစေခြင်းတာဝန်ကို ဂျင်န် တို့ကယူပြီးလျှင် အမျိုးမျိုးသောအန္တရာယ်များကိုလည်း ဂျင်န်တို့က ဖြစ်ပေါ်စေ သည်။ မည်သို့ဆိုစေ ဂျင်န်နှင့်စပ်လျဉ်းသော ဖော်ပြပါသဘောတရားများကို သိလိုက်ရပြီဖြစ်ပေရာ မိမိတို့အကျိုးအလို့ငှာ ဂျင်န်တို့အား အသုံချနိုင်ပေသည်။'

ယနေ့ခေတ်တွင် ဤသို့သောယုံကြည်ချက်များသည် နေရာအတော်များ များသို့ ပျံ့နှံ့စိမ့်ဝင်သွားပြီဖြစ်သည်။ အသက် ၁၈ နှစ်နှင့်အထက်ရှိသည့် မွတ်စလင်များအား ကိုယ်တိုင်တင်ပို့သော စစ်တမ်းမေးခွန်းလွှာများဖြင့် စစ်ဆေး
ကြည့်သည့်အခါ အများစုမှာ ဂျင်န်၊ နတ်ဆိုး၊ စုန်းကဝေ စသည်များရှိကြောင်း ယုံကြည်ကြသည်ကို တွေ့ရ၏။ သူတို့ထဲက ထက်ဝက်ခန့်ကသာ ဂျင်န်၊ နတ်ဆိုး၊ စုန်းကဝေ စသည်များသည် ရုပ်ပိုင်းရောဂါများကြောင့်သော်လည်းကောင်း၊ ဦး နှောက်ကျန်းမာရေးချို့ယွင်းမှုများကြောင့်သော်လည်းကောင်း ဖြစ်ပေါ်လာရပြီး ဘာသာရေးဆရာများ၊ ဆရာဝန်များဖြင့် ပြသသင့်ကြောင်း ဖော်ပြထားကြ၏။

နတ်ဆိုးများနှင့် မကောင်းဆိုးဝါးဝိညာဉ်များအား ထာဝရဘုရားသခင်ကို ယုံကြည်သကဲ့သို့ ယုံကြည်ကြပြီးလျှင် ထိုမကောင်းဆိုးဝါးများအား ကောင်းကင် တမန်များနှင့် ရောထွေးယှက်တင်ပြုလုပ်လာကြ၏။ သမ္မာကျမ်းတွင်လာရှိသော နတ်ဆိုးသည်လည်း ယနေ့ခေတ်တွင် မကောင်းဆိုးဝါးနှင်ထုတ်ပေးသူများက သရဲ
သဘက်ဆန်ဆန် ချဲ့ကားပြောဆိုလာကြတော့သည်။ သမ္မာကျမ်းတွင် နတ်ဆိုးနှင့် စပ်လျဉ်း၍ ကျမ်းချက်လာရှိလေ၏။

'လူစုလူဝေးရှိရာသို့ရောက်ကြသောအခါ၊ လူတစ်ယောက်သည် အထံ တော်သို့ချဉ်းကပ်၍ ဒူးထောက်လျက်၊ သခင်- အကျွန်ုပ်၏သားကို ကယ်မသနား တော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာခံရပါ၏။ မီး၌လည်းကောင်း၊ ရေ၌လည်း
ကောင်း အကြိမ်ကြိမ် လဲတတ်ပါ၏။ တပည့်တော်တို့ထံသို့ဆောင်ခဲ့၍ သူတို့သည် ချမ်းသာမပေးနိုင်ကြပါဟုလျှောက်လျှင်၊ ယေရှုက ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန် သောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး သည်းခံနေရမည် နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူ၏။ ယေရှုသည် သူတို့ဆုံးမတော် မူလျှင်၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့် ထိုခဏမှစ၍ သူငယ်သည် ကျန်းမာ ပကတိဖြစ်လေ၏။' (ရှင်မဿဲ ၁၇း၁၅-၁၈)

'နေဝင်၍ ညအချိန်ရောက်လျှင် မကျန်းမမာသောသူနှင့် နတ်ဆိုးစွဲသော သူရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့၍ တစ်မြို့လုံးသည် တံခါးနားမှာ စုဝေး လျက်ရှိကြ၏။ အထူးထူးအပြားပြားသော အနာစွဲသောသူများတို့ကို သက်သာ
စေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူခဲ့၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့် စကားတစ်ခွန်းကိုမျှပြောစေခြင်းငှာ အခွင့်ပေးတော်မမူ။' (ရှင်မာကု ၁း၃၂-၃၄)

ထို့ကြောင့် ရှင်မာကုကျမ်းစောင်ကိုပြုစုသူမှာ နတ်ဆိုးကိုအယုံအကြည်ရှိရုံသာမက ထိုနတ်ဆိုးသည်ယေရှုအဘယ်သူဖြစ်ကြောင်းကိုပင်သိ၏။ တကယ်ဆိုသော် ယေရှုကိုယ်တော်တိုင်သည် နတ်ဆိုးမိမိအားလွှမ်းမိုးချုပ်ကိုင်ခြင်းကို အလိုရှိတော်မမူခဲ့ချေ။ ကတ်သလစ်ဂိုဏ်းဝင်များတွင်မကောင်းဆိုးဝါးနှင်ခြင်းအယူအဆရှိ၏။ နတ်ဆိုးနှင်သူများက ထိုမကောင်းဆိုးဝါးများအား ရောမမြို့ရှိ ကက်သလစ် ချာခ်ျကျောင်းဥပဒေဖြင့် ထိန်းချုပ်ထားသည်ဟုဆို၏။ ဆွစ်ဇာလန်နိုင်ငံတွင် ယခု လတ်တလောပြုလုပ်သောလေ့လာချက်အရ စာရေးဆရာတစ်ဦးသည် နတ်ဆိုးစွဲ ခြင်း၊ မကောင်းဆိုးဝါးကပ်ခြင်းအယူအဆအား စူးစမ်းလေ့လာကြည့်ပြီး ဆွစ်ဇာ လန်နိုင်ငံရှိ ထိုရောဂါသည် ၃၄၃ ဦးအား စိတ်ရောဂါကုဆေးခန်းပြကြည့်ရာ စိတ် ဆရာဝန်များကပင် ဘာသာရေးဆန်ဆန်ဖြင့်ယူဆနေကြ၏။ ထိုဝေဒနာသည်များ ထဲမှ ၁၂၉ ဦး (၃၇.၆%)က 'နတ်ဆိုးစွဲသည်၊ မကောင်းဆိုးဝါးကပ်သည်'ဟု ပြောနေကြပြီး ၁၀၄ ဦးသော ရောဂါသည်များနှင့် နတ်ဆိုးစွဲသူများက 'နတ်ဆိုး ထွက်စေခြင်းငှာ မကောင်းဆိုးဝါးနှင်သူများထံသို့သွားလိုသွား၊ လွတ်ရာလွတ် ကြောင်း ဆုတောင်းလိုဆုတောင်းဖြင့်ရှိနေကြ၏'။

သို့တစေ ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းတစ်ခုလုံးတွင် အဟ်မဒီယာ မွတ်စလင်အဖွဲ့အစည်းကသာ ဤသည့် ဂျင်န်နှင့် နတ်ဆိုးစွဲခြင်း၊ မကောင်းဆိုး ဝါးကပ်ခြင်း စသည့် အယူအဆမှားများကို ရှင်းလင်းဖယ်ရှားပစ်ကာ လူသားထု
တစ်ရပ်လုံးကို အကျိုးပြုခဲ့၏။

ကျမ်းမြတ်ကုရ်အာန် မုက္ခပါဌ်တော်အများအပြားတွင် ဂျင်န်အကြောင်း ဖော်ပြထားသည့်အပြင်ကဏ္ဍတော်တစ်ခု၏အမည်နာမကိုပင် 'ဆူရာဟ်ဂျင်န်'ဟု မှည့်တွင်ထား၏။ သို့ဆိုလျှင် ဂျင်န်သည် အဘယ်သူပါနည်း။

၁၉၁၄ မှ ၁၉၆၅ ထိ အဟ်မဒီယာမွတ်စလင်အဖွဲ့ကြီးအား ဦးစီး ဦးဆောင်ပြုခဲ့သော အဖွဲ့အစည်းကြီး၏ ဒုတိယ ခလီဖာဟ် ဟာဇရတ် မီရ်ဇာ ဘရှီးရွတ်ဒီးန်မာဟ်မူးဒ်အဟ်မဒ်သခင်က 'ဂျင်န်သည် လူတို့ စိတ်ကူးပုံဖော်ထား
ကြသကဲ့သို့ နတ်ဆိုး၊ သရဲ၊ တစ္ဆေများ အဘယ်ကြောင့် မဟုတ်ရကြောင်း'ကို ကျိုး ကြောင်းယုတ္တိအသွယ်သွယ်တို့ဖြင့် ကျမ်းမြတ်ကုရ်အာန်ကဏ္ဍတော် ၁၅ ကို ဖွင့်ဆို သော သခင်ကြီး၏အကျယ်ဋီကာတွင် အဖြေပေးထားလေသည်။ ပဏာမအနေ ဖြင့် ထိုဋီကာကျမ်းမှ အချက်နှစ်ချက်ကို ဖော်ပြပါမည်။ သခင်ကြီးက ဤသို့ မိန့်ကြားတော်မူလေသည်။

'ကုရ်အာန်တွင်လာရှိသော ဂျင်န်ဟူသည် နိုင်ငံခြားသား၊ တိုင်းတစ်ပါး သားကို ဆိုလိုသည်။ကျမ်းမြတ်ကုန်အာန်တွင်လာရှိသည်မှာ 'ဂျင်န်တို့အနက် အချို့မှာ ဆူလိုင်မာန်၏အမိန့်တော်နှင့် သူစေခိုင်းသမျှတို့ကို လုပ်ကိုင်ဆောင် ရွက်ပေးခဲ့ကြသည်။ ထိုဂျင်န်တို့သည် သူအလိုရှိသော နန်းတော်ဗိသုကာ အဆောက်အဦများကိုလည်းကောင်း၊ ရေကန်နီးပါးရှိသော ဇလုံကြီးများ၊ နေရာ အပြောင်းအရွှေ့လုပ်၍မရနိုင်သော ချက်ပြုပ်ရာအင်တုံကြီးများကို ဆောက်လုပ် ပေးကြကုန်၏။' (ကုရ်အာန် ၃၄း၁၃-၁၄)

တမန်တော်ဆူလိုင်မာန်(ရှောလမုန်)အလို့ငှာ အဆောက်အဦများ ဆောက်ပေးသော ဂျင်န်တို့သည်မည်သူများဖြစ်ကြောင်း လေ့လာကြည့်ရာ အဆောက်အဦးများတည်ဆောက်ရန် တိုင်းတပါးရှင်ဘုရင်ထံမှ အင်ဂျင်နီယာများခေါ်ယူခဲ့ကြောင်း သမ္မာကျမ်းတွင် တွေ့ရ၏။ သမ္မာကျမ်း၌လာရှိသည်မှာ-

'ရှောလမုန်မင်းကြီးသည် တိုင်းတပါးမှလာရောက်သော နိုင်ငံခြားသား များ၏ သန်းခေါင်စာရင်းကောက်စေ၏။သန်းကောင်စာရင်းကောက်ပြီးသော် ဖခမည်းတော် ဒါဝိတ်က ယူလေ၏။ တိုင်းတပါးသား အရေအတွက်မှာ ၁၅၃၆၀၀ ဦးရေရှိသည်ကို တွေ့ရ၏။ ဦးရေ ၇၀၀၀၀ ကိုသယ်ယူပို့ဆောင်ရေးအတွက် အသုံးချပြီး၊ ဦးရေ ၈၀၀၀၀ ကိုကျောက်တောင် ဖြတ်စေသည်။ ဦးရေ ၃၆၀၀ ကို ကား အလုပ်သမားများ စောင့်ကြပ်ရေးတွင်ခန့်ထား၏။'

ဂျင်န်တို့သည် တမန်တော်မြတ်မိုဟမ္မဒ်သခင်အား ယုံကြည်သက်ဝင်ခဲ့ကြ ကြောင်းဟဒီးစ်ဩဝါဒတော်များတွင်လာရှိလေသည်။ ထိုသည့်ဟဒီးစ်တော်များ အား ကုရ်အာန်၏မီးမောင်းထိုးပြမှုဖြင့် ယှဉ်တွဲဖွင့်ဆိုကြည့်သည့်အခါ ဤသို့ ရလဒ်ထွက်ပေါ်လာပေတော့သည်။

'ဂျင်န်ဟူသည် မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်း တိတိကျကျအမည် မဖော်ဘဲ ပုံစံအမျိုးမျိုးဖြင့် ပုန်းလျှိုးကွယ်လျှိုး နေထိုင်ကျက်စားတတ်သော လူအုပ်စုဖြစ်ကြောင်း ပေါ်လွင်ထင်ရှားသွားစေ၏။'
ကျမ်းမြတ်ကုရ်အာန်တွင် လာရှိသည်ကား

'အသင်ပြောကြားပါလေ၊ အို- လူအပေါင်းနှင့် ဂျင်န်အပေါင်းတို့၊ ငါ ကိုယ်တော်သည် အရှင်မြတ်ဘက်တော်မှ စေလွှတ်ပွင့်ပေါ်လာသည့် တမန်တော် အစစ်အမှန်ဖြစ်သည်။' (၇း၁၅၉)

ထို့ကြောင့် ကုရ်အာန်တွင်ဖော်ပြလာရှိသော ဂျင်န်ဟူသည် လူကိုပင် လူတန်းစားအလွှာတစ်မျိုးဖြင့်ဖော်ပြခြင်းဖြစ်သည်။

အစဉ်အဆက်အသုံးပြုလာသော အစ္စလာမ့်အသုံးအနှုန်းအရ ရောဂါဖြစ် စေသော ဘက်တီးရီးယားကိုလည်း ဂျင်န်ဟုခေါ်သည်။ ထို့ပြင် (၃.၅) ဘီလီယံမျှ ရှိသောကာလမှစတင်၍ ဖြစ်တည်ပေါက်ဖွားခဲ့သော Archaebacteria (အဦးအစ သက်ရှိမျိုးစိတ်)ဟုလည်း အဓိပ္ပာယ်ထွက်သည်။ ထို Archaebacteria သည် ကမ္ဘာကြီး ဆင့်ကဲပြောင်းလဲတိုးတက်မှုဖြစ်စဉ်၏ အဦးအစအခြေအနေကပင် ဖြစ်ထွန်းတည်ရှိနေပြီးဖြစ်သည်။ ထို Archaebacteria သည် ကျွန်ုပ်တို့ ကမ္ဘာ ဂြိုဟ်တွင် သက်ရှိစတင်ဖြစ်ပေါ်ခြင်း၏ အခရာလည်းဖြစ်သည်။ အရွယ်ရောက်အမေရိကန်သား ၂၃၀၃ ဦး ပါဝင်ဖြေဆိုသော ၂၀၀၉ ခုနှစ် Harris Pol စစ်တမ်းအရ အောက်ပါရလဒ် ထွက်ပေါ်လာသည်။

ထာဝရဘုရားသခင်ရှိကြောင်းယုံကြည်သူ ၈၂%
ကောင်းကင်တမန်ရှိကြောင်းယုံကြည်သူ ၇၂%
သေပြီးတစ်ဖန်ရှင်ပြန်ရမည်ကိုယုံကြည်သူ ၇၁%

မကောင်းဆိုးဝါးရှိကြောင်းယုံကြည်သူ ၆၀%
သရဲတစ္ဆေယုံကြည်သူ ၄၂%
မှော်၊ ကဝေ၊ စုန်းရှိကြောင်းယုံကြည်သူ ၂၃%

အနောက်နိုင်ငံယဉ်ကျေးမှုအငွေ့အသက်အောက်တွင် ကြီးပြင်းလာသည့် ခရစ်ယာန်ဘာသာဝင်ကလေးငယ်များသည် တစ်စုံတစ်ရာပြုလုပ်ဖန်ဆင်းပေးနိုင် သည်ဟု Santa Claus (ခရစ်စမတ်ဘိုးဘိုးကြီး)ကို ယုံကြည်နေကြခြင်းသည် ရှေးယခင် အတိတ်ကာလအဆက်ဆက်မှာကတည်းက အချည်းနှီးအကျိုးမဲ့သော စိတ်ကူးယဉ်ပုံပြင်များမှအစပြုကာ အခြေခိုင်လာခဲ့ခြင်းဖြစ်သည်။ ဤနည်းနှင်နှင် သရဲ၊ တစ္ဆေ၊ နတ်ဆိုး၊ မကောင်းဆိုးဝါး အစရှိသည်တို့မှာလည်း ပညာမဲ့သော ရှေးပဝေသဏီမှ စတင်ဖြစ်ပေါ်လာသည့် ဒဏ္ဍာရီများကြောင့်ပင် အရိုးစွဲလာကြ ခြင်းဖြစ်သည်။ ဤသို့သော ရောဂါခံစားနေရသူများမှာ မည်သည့်နတ်ဆိုးထုတ်သူ မျှမလိုဘဲ စိတ်ရောဂါကုဆရာဝန်၊အထူးကုသမားတော်၊ ဘာသာရေးဆရာများ သာ လိုအပ်ပါသည်။

အာရုံငါးပါးအပါအဝင် အချိန်၊ နေရာ၊ ကန့်သတ်မှုဘောင်၏ အပြင်အပ တွင်ရှိသောအရှိတရားများ၊ တမန်တော်ကြီး အီဗရာဟင်မ်(အာဗြဟံ)ယုံသော ထာဝရဘုရားအယူအဆ၊ ကောင်းကင်တမန်အယူအဆနှင့် ယနေ့စိတ်ကူးပုံဖော်
လျက်ရှိသော ဂျင်န်နတ်ဆိုး စသည်တို့အပေါ်ထားသောယုံကြည်ချက်သည် ခိုင်လုံသောအကြောင်းပြချက်သက်သေများပေါ်တွင် အခြေတည်ထားရမည်ဖြစ်ပြီး ထိုသည့် ယုံကြည်ချက်များအား လက်တွေ့အသုံးဝင်သောစံတန်ဖိုးပေါ်မူတည်ကာ သရုပ်သကန်ပေါ်လွင်အောင် လက်တွေ့ပြရမည်ဖြစ်သည်။

လူသားတို့တောင်းခံသောဆုတောင်းများအား ကောင်းကင်တမန်များမှ တစ်ဆင့် နှလုံးသားများဆီသို့တိုင် စိတ်ကျေနပ်အေးချမ်းမှုကို သွန်းလောင်းပေး နိုင်သည့်တစ်ဆူတည်းတစ်ပါးတည်းသောထာဝရဘုရားရှင်အပေါ်ယုံကြည်ချက် ထားခြင်းက မည်သည့်ရလဒ်ကောင်းကိုမျှ ဆောင်ကြဉ်းမပေးနိုင်သည့် ဝေဒနာ များ၊ ရောဂါပိုးများ၊ အသိဉာဏ်ကင်းမဲ့မှုများ၊ ကမ္ဘာကြီး ကသောင်းကနင်းဖြစ်မှု
များကိုသာ ယူဆောင်လာတတ်သည့် ထိုနတ်ဆိုးအားယုံကြည်ခြင်းထက် ပို၍မြင့် မြတ်ကောင်းမွန်ပြီးလျှင် အသိဉာဏ်နှင့်လည်းယှဉ်ပါသည်။ ထိုယုံကြည်ချက်နှစ်ပိုင်းအနက် မည်သည်ကိုယုံကြည်ရမည်ဆိုသည့် ရွေး
ချယ်မှုသည် ကျွန်ုပ်တို့လက်ဝယ်ရှိပြီး ကျွန်ုပ်တို့ရွေးချယ်လိုက်သော ထိုသည့် ယုံကြည်ချက်မှာလည်း ကျိုးကြောင်းပြချက်နှင့် ဆင်ခြင်တုံတရားပေါ်တွင် အခြေခံ ရမည်ဖြစ်ပေသည်။

(ကျိုးကြောင်းယုတ္တိနှင့်ယှဉ်သော အစ္စလာမ့်အမြင်)
(ဒေါက်တာ Ziah Shah ၏ မူရင်းအင်္ဂလိပ်ဆောင်းပါး Jinns and Demons: A Rational Islamic
Perspective ကို မြန်မာပြန်သည်။)

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-