Wednesday, November 6, 2013

မမြင်ရတာကိုမှ ယုံကြည်ကြသတဲ့လား (Unveiling the Unseen) နဲ့ 2013 ရဲ့ နိုဗယ်ဆုရ Higgs Boson



၂၀၁၃ ခုနှစ်အတွက် ရူပဗေဒနိုဗယ်ဆုကို အင်္ဂလန်နိုင်ငံသား Peter Higgs နဲ့ ဘယ်လ်ဂျီယံ နိုင်ငံ သား Francois Englert တို့ ရရှိသွားခဲ့ပါတယ်။ အကြောင်းရင်းကတော့ Higgs Boson ကြောင့်ပါ။ Higgs Boson ကြောင့် သိပ္ပံပညာရှင်တွေ လောကမှာ ကြီးကျယ်တဲ့အောင်မြင်မှုမှတ်တိုင်ကြီးတစ်ခု စိုက်ထူနိုင်ခဲ့ပါပြီ။ Higgs Boson အကြောင်း ပြောပြရင်းနဲ့မှ မမြင်ရတဲ့အရာတွေကို ဘာကြောင့် ယုံကြည်နိုင်ပါသလဲဆိုတာ ကွင်းကွင်းကွက်ကွက် ပေါ်လာပါလိမ့်မယ်။

L to R - Francois Englert and Peter Higgs (Photo courtesy: www.symmetrymagazine.org)

အက်တမ်ဆိုတာ သေးငယ်တဲ့အမှုန်အမွှားလေးတစ်ခုလို့ သိကြတယ်။ အဲဒီထက်သေးတဲ့ အမှုန် အမွှားလေး (subatomic particles) တွေရူပဗေဒမှာ မြောက်မြားစွာ ရှိနေပြန်တယ်။ proton ပရိုတွန်၊ neutrino နြူတြီနို၊ lepton တွေထဲကမှ အမျိုးအစားတစ်ခုဖြစ်တဲ့ muon မြူအွန်၊ နောက် ထပ် အမျိုးအစား တစ်ခုဖြစ်တဲ့ Tau particle စသဖြင့် အက်တမ်ထက်သေးတဲ့ အမှုန် အမွှားတွေ အများကြီးပါပဲ။

ရုပ်ပိုင်းဆိုင်ရာ အား (physical forces) တွေဖြစ်ပေါ်လာတာ ဘာကြောင့်လဲဆိုတော့ Boson လို့ ခေါ်တဲ့ particle အမှုန်အမွှားတွေကြောင့်ပါ။ Boson က Gravity လို့ခေါ်တဲ့ ဆွဲငင်အား အတွက် ကလွဲလို့ ရုပ်ပိုင်းဆိုင်ရာ physical forces တွေအားလုံး ဖြစ်ပေါ်လာရခြင်းရဲ့ တရားခံပဲ။

ဒီ Boson တွေထဲမှာ Higgs Boson ဆိုတာကိုကျတော့ ခေါင်းစဉ်သပ်သပ်တပ်ပြီး ဆွေးနွေးကြရ တယ်။ ဘာကြောင့်လဲဆိုတော့ Higgs Boson က ရူပဗေဒမှာ အက္ခရာအကျဆုံးဖြစ်နေလို့ပါပဲ။ Higgs Boson က တခြား particle အမှုန်အမွှားတွေကို ဒြပ်ထုလို့ခေါ်တဲ့ mass ကို ထုတ်ပေး နေပါ တယ်။ ဒီနေရာမှာ mass ရဲ့အရေးပါပုံကို ပြောပြလိုက်နိုင်ရင် Higgs Boson က ဆရာကြီး နေရာ ဘာလို့ရထားလဲ ရှင်းသွားပြီ။

mass (ဒြပ်ထု) ဆိုတာဟာ အရာဝတ္ထု (object) သို့မဟုတ် အမှုန်အမွှား (particle) များရဲ့ "အရှိန် အဟုန်ကို အံတုနိုင်စွမ်းအား" (resistance to acceleration) ပါပဲ။ ဥပမာ - လေတိုက်လို့ ကျောက်တုန်းရဲ့ အံတုနိုင်စွမ်းအားက ဖက်ရွက်ရဲ့ အံတုနိုင်စွမ်းအားထက်ပိုတာ သိသာတယ်။ ဒီအံတု နိုင်စွမ်းအား (resistance to acceleration) ကို တချို့က အီနားရှား (inertia) လို့ ခေါ်တယ်။ ဒါကို တချို့က weight လို့ခေါ်တဲ့ အလေးချိန်နဲ့ ရောမှတ်လေ့ရှိတယ်။ mass နဲ့ weight က အလွန်ကွဲ ပြားတဲ့ concept နှစ်ခုပါ။ ဒြပ်ထု (mass) ပမာဏများပြားတဲ့ ကမ္ဘာ (earth) က  ဒြပ်ထု (mass) ပမာဏနည်းတဲ့ လူ (human being) ကို ဆွဲပါတယ်။ ဒါကို Mass Attraction သို့မဟုတ် Gravity လို့ ခေါ်ပါတယ်။

mass ဆိုတာမရှိရင် Gravity ဆိုတာ ပျောက်သွားပြီ။ Gravity မရှိရင် အရာအားလုံး မျောလွင့်နေ မှာပဲ၊ တခုနဲ့တခုဘယ်တော့မှ ပေါင်းစပ်တော့မှာမဟုတ်ဘူး။ mass ကိုထုတ်ပေးတဲ့ Higgs Boson ဆိုတာက ဒါကြောင့် particle တွေထဲမှာ ဆရာကြီးနေရာကို ထိုက်ထိုက်တန်တန် ယူထားတာဖြစ်ပါ တယ်။

Higgs Boson ကို ၁၉၉၃ မှာ ရူပဗေဒပညာရှင် Leon Lederman က God Particle လို့ ကင်ပွန်း တပ်ခဲ့တယ်။ ဘာကြောင့်အဲလိုနာမည်ပေးရသလဲဆိုတာ ထပ်ပြောဖို့ မလိုလောက်တော့ပါဘူး။

Higgs Boson တည်ရှိတယ်ဆိုတဲ့အကြောင်းကို အသိအမှတ်ပြုပေးနိုင်ခဲ့တာက မတ်လ ၁၄ ရက်နေ့ ၂၀၁၃ ခုနှစ်ရောက်မှပါ။ ဒါပေမယ့် tentatively confirm (ရာနှုန်းပြည့် သက်သေပြနိုင် ခြင်းမရှိသေးပဲ အတည်ပြု) ခဲ့တာ ဖြစ်ပါတယ်။

Higgs Boson အကြောင်း နားလည်ဖို့ ပုံများကို ကြည့်ကြပါစို့ 

Image Courtesy - http://www.slideshare.net/sarahcleaver/higgs-boson-presentation

အဖြေမရှိတဲ့ အမေးပုစ္ဆာများအတွက်

အခြေခံရူပဗေဒမှာ အဖြေမပေးနိုင် တဲ့ မေးခွန်းတွေရှိပါတယ်။ အဲဒီထဲမှာမှ particle physics နဲ့ဆိုင်တဲ့ မေးခွန်းတွေ ခွဲထုတ်လို့ရတယ်။ particle physics နဲ့ဆိုင်တဲ့ မေးခွန်းတွေထဲက တစ်ခုကို အဖြေပေး ဖို့ရာ ပညာရှင်တွေ နှစ်ပေါင်း ၄၀ ကျော်သုတေသနလုပ်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ ကမ္ဘာပေါ်မှာ စျေးအကြီးဆုံးနဲ့ အရှုပ်ထွေးဆုံး သုတေသန စခန်းတွေထဲက တစ်ခုကို တည်ဆောက် ပြီး စမ်းသပ်ရာမှာ Higgs Boson ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ခက်ခဲလှတဲ့ အမေး ပုစ္ဆာတစ်ခုက ဆုံးခန်းတိုင်တော့မှာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ သို့သော် သိပ္ပံပညာ ရှင်ကြီး တွေ ကတော့ အခုမှ အစရယ်လို့ ဆိုကြပါတယ်။


Higgs Boson ကို ဘယ်လုပ်ထုတ်ယူကြည့်ကြတာလဲ


ပီတာဟစ်(ဂ်စ်) - Peter Higgs ဆိုတာကတော့ Higgs Boson ကို တွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်ကြီးပါ။ သူနဲ့အတူ Higgs Boson အကြောင်းရှင်းပြခဲ့သူက ဘယ်လ်ဂျီယံနိုင်ငံသား Francois Englert  ဖြစ်ပါတယ်။ Peter Higgs နဲ့ Francois Englert  တို့က သူတို့ရဲ့အိုင်ဒီယာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ထဲက ချပြခဲ့ပါတယ်။ Higgs Boson က ရှာဖွေဖို့ရာ အင်မတန်ခက်ခဲပါတယ်။ ဘာကြောင့် လဲဆိုတော့ Higgs Boson က လူတွေတွေ့ရှိနိုင်လောက်အောင် ကြာရှည် တည်မြဲနေတာမျိုး မဟုတ်သလို အလွန်လွယ်ကူစွာနဲ့ပဲ ပျက်ပြယ်ကြပါတယ်။

Collider လို့ခေါ်တဲ့ accelerator ဆိုတာမျိုးကို ရူပဗေဒဓါတ်ခွဲခန်းတွေမှာ အသုံးပြုကြပါတယ်။ accelerator ကို မြန်မာလိုလူပြိန်းစကားလုံးက ကားတွေမှာပါတဲ့ "လီဗာ" ကို ဆိုလိုတယ်လို့ သဘော မှတ်ယူရပါမယ်။ အရှိန်ကို မြှင့်ပေးတဲ့သဘောပါ။ Collider ပေါ်မှာ beams of particle ခေါ်တဲ့ အမှုန်အမွှား အတန်းတစ်ခုကို  နောက်တစ်ခုနဲ့ အရှိန်ပြင်းပြင်းတိုက်ခိုင်းရပါတယ်။ အဲဒီလို တိုက်ခိုင်းဖို့ Collider ကို တည်ဆောက်ရတာဖြစ်ပါတယ်။

Large Hadron Collider လို့ခေါ်တဲ့ အလွန်အင်မတန်မှ စျေးကြီးလှတဲ့ Collider ကြီးကို ဆွစ်ဇာ လန်မှာ တည်ဆောက်ပြီး အဲဒီ Collider ကြီးမှာပဲ ပရိုတွန်(protons) တွေကို အလင်းမြန်နှုန်း (light speed) နီးပါးမြန်တဲ့အရှိန်နဲ့ တိုက်ခိုင်း (collide) ပါတယ်။ တစ်ခုနဲ့ တစ်ခု တိုက်မိတဲ့ အကြိမ်ပေါင်း ၁၀ ဘီလီယံမှာ တစ်ခါဆိုသလို Higgs Boson တွေ ဖြစ်တည်လာပါတယ်။ အဲဒီလို Higgs Boson ဖြစ်လာတယ်ဆိုရင် သူ့ကို observe (စိစစ်လေ့လာ) ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လဲဆို တော့ သူက ဖြစ်လာပြီးတာနဲ့ break down (ကျေပျက်) ဖြစ်သွားလို့ပါပဲ။ သိပ္ပံပညာရှင်တွေက သူတို့ စမ်းသပ်လိုက်တဲ့ တိုက်ခိုက်မှု (collision) ကနေ ကျွင်းကျန်ရစ်တဲ့ အစိတ်အပိုင်း particle တွေကို ပေါင်းစည်းပြီးတော့မှ Higgs Boson လို့ သူတို့ယူဆတဲ့ ဒြပ်ထု (mass) 125 Gigaelectronvolts အလေးချိန်ရှိတဲ့ particle အစိတ်အပိုင်းလေးကို ရရှိပါတယ်။  Higgs Boson စုစုပေါင်း ၁၂၅ ခုရဲ့ အရွယ်အစားကို ပေါင်းလိုက်ရင် ပရိုတွန်တစ်ခုနီးပါး အရွယ် ရရှိတယ်လို့ ဆိုပါ တယ်။

ဆွစ်ဇာလန်၊ CERN က Large Hadron Collider (Photo courtesy : apod.nasa.gov)

အမ်-သီအိုရီ (M-Theory) နဲ့ Higgs Boson

သဘာဝတရားကြီးမှာ 10D ဆိုတဲ့ ၁၀ ဘက်မြင် (10 Dimensions) တည်ရှိနေတယ်လို့ ၁၉၈၀ ပြည့်လွန် နှစ်တွေမှာ string theories တွေကနေ တင်ပြ ခဲ့ကြတယ်။ အိုင်းစတိုင်းပြောပြလို့ သိခဲ့ရတာ က အာကာသထဲက 3D ရယ်၊ အချိန် (time) ရဲ့ 1D စတဲ့အကြောင်းတွေဖြစ်တယ်။ ဒီတော့ spatial dimensions ဆိုတဲ့ အာကာသနဲ့ ဆက်နွယ်တဲ့ dimension ၆ ခုကို မဖော်ထုတ် နိုင်သေးသလို သူတို့တွေကို မြင်လည်း မမြင်တွေ့နိုင်ဘူး။

ဒီ dimension  တွေနဲ့ စပ်လျဉ်းပြီး သချာင်္နည်းပညာနဲ့ ဖော်ပြချက်တွေပါတဲ့ အမျိုးမျိုးသော နည်း လမ်း တွေသုံးပြီး အဖြေထုတ်ကြတယ်။ အဲဒီထဲက နည်းလမ်း ၅ ခုက လမ်းကြောင်းပေါ် မှာရောက် နေပြီလို့ ပြောလို့ရပေမယ့် သင့်တော်နဲ့ အဖြေကိုတော့ ထုတ်ပေးနိုင်တာမျိုး မဟုတ် သေးပြန်ဘူး။

၁၉၉၄ ကျတော့ အမ်-သီအိုရီထွက်ပေါ်လာတယ်။ အဲဒီသီအိုရီက အခုနက သီအိုရီနည်းလမ္း ငါး ခုလုံးကို ပေါင်းပြီးတော့ ၁၁ ကြိမ်မြောက် dimension ကို မိတ်ဆက်ပေးတယ်။

dimension တွေမှာ symmetry groups တွေရှိတယ်။ symmetry ဆိုတာ ငယ်ငယ်က ပေတံသုံး ချောင်းပူးပြီး ကာလာစုံစက္ကူလေးတွေထည့်ကာ လှည့်ကြည့်ရင် မြင်နိုင်တဲ့ပုံမျိုး၊ အဲဒီက မြင်နေရတဲ့ အလယ်ဝန်ရိုးကို symmetry လို့ ခေါ်တယ်။

boson particle တွေဟာ string physicist ကိုလေ့လာတဲ့ ရူပဗေဒပညာရှင်တွေကို စိန်ခေါ်နေ တယ်။ ဒီ string သမားတွေက boson string theory ကို ထုတ်ပြဖို့အတွက် လောလောဆယ်မှာ dimensions ပေါင်း ၂၆ ခုလိုအပ်နေတယ်လို့ သိရတယ်။ ဒါဆိုရင် ခုနပြောတဲ့ အမ်-သီအိုရီရဲ့ ၁၁ ခုထက် dimensions ၁၅ ခုတောင်ပိုများလာပြီ။ ဒီလိုများပြားလာပေမယ့်လည်း မမြင်ရတဲ့  အဲဒီ 5D တွေ 6D တွေ ကနေ 11D တွေ 26D တွေ အထိကို ဘယ်လိုလုပ် သက်သေပြကြမလဲ၊ မြင်တွေ့နိုင် ပါတော့မလဲ။

အဲဒီမှာ Higgs quantum field နဲ့ Higgs Boson က နေရာယူလိုက်ပြီ။ ဘာကြောင့်လဲဆိုရင် အဲဒီ Higgs တွေက super-symmetry ကို သက်သေပြဖို့အတွက် တကယ့်ကို အရေးပါတဲ့ အခန်းကဏ္ဍ ကနေ နေရာယူထားတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ Electroweak Symmertry လို့ ခေါ် တဲ့ လျှပ်စစ်ဓါတ်အားနည်း symmetry တွေက ကောက်ကာငင်ကာနဲ့ ကွဲထွက်ကုန်ပြီဆိုရင် Higgs Boson တွေကနေ တခြား elementary particles တွေကို mass ဆိုတဲ့ ဒြပ်ထုကိုပေး တယ်၊ အဲဒါကြောင့် Higgs Boson က  super-symmetry ကို သက်သေပြဖို့အတွက် အရေးပါ တယ် လို့ သတ်မှတ်ထားကြတယ်ဆိုပြီး ဒီဆင်ခြေကိုပဲ သိပ္ပံပညာရှင်တွေက တင်ပြကြပါတယ်။


Electroweak Theory 


ဒီမှာ နောက်တစ်ခုထပ်တိုးလာတာက Electroweak အကြောင်းပဲဖြစ်တယ်။ ဒါပေမယ့် Electroweak က Higgs Boson နဲ့ ဘယ်လိုပတ်သတ်မလဲဆိုတာကိုပဲ ပြောပြချင်တာဖြစ်ပြီး Electroweak ကို တင်ပြဖို့ မရည်ရွယ်ပါ။ Electroweak Theory ကို ဖော်ထုတ်တင်ပြခဲ့ကြတဲ့ သူ ၃ ဦးလုံးက ၁၉၇၉ ခုနှစ်မှာ Nobel Prize ရရှိခဲ့ကြပါတယ်။ သူတို့ထဲက တစ်ဦးကတော့ အစ္စလာမ် သာသနာထဲက အဟ်မဒီယာမွတ်စလင်အဖွဲ့ဝင် Dr Abdus Salam ဆိုသူဖြစ်ပါတယ်။

ဘာကြောင့် အစ္စလာမ်ဘာသာဝင် Abdus Salam အကြောင်းကို ဒီထိဆွဲခေါ်လာပြီးမှ တင်ပြရသလဲ ဆိုတော့ အစ္စလာမ်သာသနာဟာ ခေတ်နောက်ပြန်ဆွဲတဲ့ ကျောက် ခေတ်က သာသနာမျိုး မဟုတ် ဘူးဆိုတာကို တင်ပြချင်လို့ပါ။ Dr Abdus Salam ဟာ ဘုရားတစ်ဆူဝါဒကို နက်နက်ရှိုင်းရှိုင်း သက်ဝင် ယုံကြည်သူတစ်ဦးဖြစ်နေလို့ ဘုရားမဲ့ဝါဒီ သိပ္ပံပညာရှင်တွေအကြား တသီးပုဂ္ဂလနေ ရာက နေ ရပ်တည်ခဲ့ပါတယ်။ သူရဲ့ Higgs Boson တည်ရှိကြောင်း မှန်းဆပေးခဲ့တဲ့ ရှာဖွေတွေ့ရှိ မှုများဟာ အစ္စလာမ် သာသနာနဲ့ ဆက်နွယ်ပတ်သတ်မှုရှိနေတယ်ဆိုတာကိုလည်း သူက ထပ်ကာ ထပ်ကာ တင်ပြခဲ့သူဖြစ်ပါတယ်။

Prof Abuds Salam အကြောင်း ဖတ်ရှုရန် - noori-inspiration.blogspot.sg/2011/09/blog-post.html

Higgs Boson ကြောင့် ပျော်ကြရပြီ 


Higgs Boson ကြောင့် 5D တွေ 10D တွေ သက်သေပြလာနိုင်မှာမို့လို့ ဘာသာအသီးသီးက လူတွေ ကလည်း သူတို့ယုံကြည်ချက်တွေကို သက်သေပြလာနိုင်လိမ့်မယ်ဆိုပြီး အမျိုးမျိုးပြော ဆိုတင်ပြကြပါတယ်။ ဥပမာ - ဗုဒ္ဓဘာသာကလည်း ဒီ dimension တွေ ကြောင့် နတ်၊ ဗြဟ္မာဘုံတွေ ပါတဲ့ ၃၁​ဘုံစက်ဝိုင်းကြီး တည်နေကြောင်း သက်သေပြနိုင်လိမ့်မယ်လို့ ယူဆကြတယ်။

အစ္စလာမ်က မမြင်ရတဲ့အရာများကို သက်ဝင်ယုံကြည်ခိုင်းထားခြင်းလား


To begin with, let us point out that the lack of knowledge about things does not necessarily mean that they do not exist. They may exist, but lie hidden behind the veil of the unknown. Later, either through the course of human investigation or throught the agency of Divine revelation, they emerge from the realm of the unseen to that of the seen. (Revelation Rationality Knowledge and Truth - pg .273)

"ကိစ္စရပ်တွေမှာ သိနားလည်မြင်တွေ့နိုင်ခြင်းဆိုတဲ့ အသိအမြင်မရှိတာနဲ့ပဲ အဲဒီကိစ္စသို့မဟုတ် အရာဝတ္ထုကြီးမရှိတော့ပါဘူးလို့ ဆိုလိုရာမရောက်ပါဘူး။ ဒီကိစ္စတွေ၊ အရာဝတ္ထုတွေ တည်ရှိနိုင် ပါတယ်။  ဒါပေမယ့် သူတို့တွေက မသိနားမလည်ခြင်း ဆိုတဲ့ ခြုံလွှာအနောက်မှာ ကွယ်ဝှက်နေ တာမျိုးပါ။ နောက်ပိုင်းမှာတော့ လူတွေရဲ့ ရှာဖွေတွေ့ရှိခြင်းကြောင့်ပဲဖြစ်ဖြစ်၊ ကောင်းကင်ဆိုင်ရာ ဗျာဒိတ်လမ်းညွှန်မှုကြောင့်ပဲဖြစ်ဖြစ် သူတို့တွေက မမြင်ရတဲ့အခြေအနေကနေ မြင်ရတဲ့အခြေအနေကို ရောက်ရှိလာပါတယ်။"

Revelation Rationality Knowledge and Truth ဆိုတဲ့စာအုပ်မှာ စာရေးသူ Mirza Tahir Ahmad က Believe in Unseen ဆိုတာနဲ့ပတ်သတ်ပြီး ရှင်းလင်းရာမှာ အထက်ပါအတိုင်း ရေးသားခဲ့တာပါ။



          This is a perfect Book; there is no doubt in it; it is a guidance for the righteous, Who believe in the unseen

(Al-Quran 2:3-4)



ဒီကျမ်းမြတ်ကုရ်အာန်မုက္ခပါတ်မှာပါရှိတဲ့ unseen ဆိုတာကို စာရေးသူက အဓိပ္ပါယ်ဖွင့်ဆိုရာမှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ အခြားသော ကဏ္ဍများနဲ့ ဆက်စပ်ပြီး ရေးသားတင်ပြခဲ့ပါတယ်။ အသေးစိတ် ကိုတော့ Believe in Unseen Unveiling of the Unseen by the Quran ဆိုတဲ့အခန်းတွေမှာ လေ့လာနိုင်ပါတယ်။

ကျမ်းမြတ်ကုရ်အာန်ကတင်ပြတဲ့ unseen  ဆိုတာကတော့ လူတွေက အချိန်တစ်ခုမှာ တည်နေ ကြောင်းသက်သေမပြနိုင်သေးတဲ့အရာကို အဲဒီလူတွေထဲကမှ အုပ်စုအချို့က သက်ဝင်ယုံကြည် နေတယ်မျိုးဖြစ်တယ်လို့ ယေဘုယျဖွင့်ဆိုနိုင်ပါတယ်။



This is just the end of the Beginning (ဒါက ကနဦးခြေလှမ်း အဆုံးသတ်ခြင်းပါပဲဗျာ။)

Higgs Boson ကနေ မမြင်ရတဲ့အရာတွေ ရှာဖွေတွေ့နိုင်ဖို့ လမ်းစရလာပါပြီ။ ဒါပေမယ့်လည်း Higgs Boson ကြီးကိုပင် tentatively confirm ၊ ရာနှုန်းပြည့်မဟုတ်တဲ့ သက်သေပြုချက်နဲ့ပဲ တင်ပြနိုင်ကြပါသေးတယ်။ ဒီတော့ end of the Beginning က အဓိပ္ပါယ်မဲ့နေဦးမှာလား ....

၁၉၇၉ နိုဗယ်ဆုပေးပွဲမှာ မွတ်စလင်ကမ္ဘာရဲ့ အပယ်ခံ ရူပဗေဒနိုဗယ်ဆုရ သိပ္ပံပညာရှင်ကြီး Abdus Salam က အောက်ဖော်ပြပါ ကုရ်အာန်ကျမ်းတော်လာ မုက္ခပါတ်တော်တစ်ခုကို ကျူးရင့်ခဲ့ပါတယ်။

"Thou seest not, in the creation of the All-merciful any imperfection, Return thy gaze, seest thou any fissure. Then Return thy gaze, again and again. Thy gaze, Comes back to thee dazzled, aweary." (67:4-5)

Ref:









 


 

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-