Sunday, September 23, 2012

ယူကေ၊ အဟ်မဒီယာမွတ်စလင်မ် နှစ်ပတ်လည်ညီလာခံ : အစ္စလာမ့်ခလီဖာကိုးကားတင်ပြခဲ့သော ဂျော်ဒေဗင်ပို့ထ်၏ An Apology for Mohammed and the Koran

၂၀၁၂ ခုနှစ်၊ ယူကေနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၊ နှစ်ပတ်လည်ညီလာ ခံ၌ မြွက်ကြားခဲ့သော အစ္စလာမ့်ခလီဖာ၊ ဟာဇရသ်မီရ်ဇာ မဆ်ရူးအဟ်မဒ် ایدہ الله تعالى بنصرہ العزیز ၏ နိဂုံးချုပ်မိန့်ခွန်း။

အစ္စလာမ့်ခလီဖာမှ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အား တည်ထောင်ခဲ့သူ အရှင်သူမြတ် ကတိတော်လာ မဆီဟ်နှင့်မဟ်ဒီဘွဲ့ခံ ဟာဇရသ်မီရ်ဇာဂူလာမ်အဟ်မဒ် علیه السلام က ၎င်း၏ ကိုယ်ပိုင်ရေးသားမှုများတွင် ထည့်သွင်းဖော်ပြခဲ့သော အနောက်တိုင်းစာရေးဆရာ ဂျော်ဒေဗင်ပို့ထ်၏ An Apology for Mohammed and the Koran ဆိုသည့်စာအုပ်မှ ဖော်ပြထားချက်များအား မိန့်ခွန်းတွင် ထပ်ဖန်တလဲလဲ ကိုးကားသွားခဲ့ပါသည်။

အစ္စလာမ့်ခလီဖာကိုးကားခဲ့သော ဖော်ပြချက်မှာ -

`ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ၊ ဘာသာရေးယုံကြည်မှုပိုင်းဆိုင်ရာ ဆိုးဝါးသော လုပ်ရပ်များသည် ခရစ်ယာန်များနှင့် ယဟူဒီများထံတွင် ရှိပြီးဖြစ်၏။ ၎င်းတို့သည် ကာလတစ်ခုအရင်ကပင် အာရေဗျကျွန်းဆွယ်များ၌ လာရောက်အခြေချ နေထိုင်ခဲ့ကြ၏။ ၎င်းတို့သည် အလွန်ကြီးစွာသော အင်အားများဖြင့် အုပ်စုများ ဖွဲ့ထားကြ၏။ ထိုစဉ်က ခရစ်ယာန်သာသနာထက်ပို၍ ၀မ်းနည်းစိတ်ပျက်ဖွယ်ကောင်းသောအရာဟူ၍ တွေးတောကြံဆနိုင်မည်ပင် မဟုတ်ချေ။ အမှန်တကယ်တွင် ခရစ်ယာန်ကျမ်းစာပြဆရာများ၏ ဆိုးဝါးသော လုပ်ရပ်များကြောင့် ဉာဏ်ပညာထက်သန်သော လူပုဂ္ဂိုလ်များက သာသနာကို ရွံမုန်းလာကြ၏။ ရှေးယခင် သူတော်စင်များ၊ ၎င်းတို့၏ တန်ခိုးပြာဋိဟာများနှင့် စပ်လျဉ်း၍ သူတို့ပြုလုပ်ဖန်တီးထားသော လီဆည်လုပ်ကြံမှုများနှင့် အထူးသဖြင့် ခရစ်ယာန် ဓမ္မဆရာများ၏ မမှန်ကန်သော ပြုကျင့်မှုများက အာရေဗျမြေ၌ ဘုရားကျောင်းများကို လူသူဆိတ်သုဉ်းသွားစေခဲ့၏။ အခြားတစ်ဘက်တွင် အာရှနှင့် အာဖရိကရှိ ခရစ်ယာန်များကို ကြည့်ပြန်လျှင်လည်း ကစဉ့်ကလျား ဖြစ်နေသော ချာချ်ကျောင်းများ၌ အမျိုးမျိုး ကွဲပြားလျှက် ရှိသည်ကို တွေ့ရဦးမည်။ ယင်း၌ လွန်စွာအဓိပ္ပာယ်ကင်းမဲ့သော အသစ်တီထွင်မှုများနှင့် စိတ်ကူးယဉ်လုပ်ရပ်များကို ကျင့်သုံးလျှက်ရှိကြ၏။´

`၎င်းတို့သည် အစဉ်သဖြင့် ကွဲလွဲမှုများကို ရှာဖွေနေကြပြီး ယင်းကြောင့် သူတို့သည် အစိတ်စိတ်အမွှာမွှာ ဖြစ်လျက်ရှိ၏။ အတိုးစားခြင်း၊ ဇိမ်ခံပျော်ပါးခြင်း၊ လူသားမဆန်ခြင်းနှင့် အသိတရားမဲ့ခြင်း အစရှိသည်တို့ကို ခရစ်ယာန် ဓမ္မဆရာများ၌ တွေ့ရသောအခါ ယင်းသည် ခရစ်ယာန်သာသနာအတွက် အလွန်ကြီးစွာသော ပြဿနာရပ်တစ်ခုဖြစ်နေ၏။ ထို့အပြင် ၎င်းတို့သည်ပင် ကမ္ဘာအနှံ့အပြား၌ လူသားတို့အတွင်း ဇိမ်ခံပျော်ပါးမှု နည်းလမ်းကို မိတ်ဆက်ပေးခဲ့၏။ အာရေဗျ၏ သဲကန္တာရသည် မိုက်မဲမှုများ၊ အသိဉာဏ်ကင်းမဲ့သော တရားဇရပ်များ၊ ရသေ့ချောင်များဖြင့် ပြည့်လျှက်ရှိ၏။ ထိုသူတို့သည် ဘဝကို အချည်းနှီး အဓိပ္ပာယ်မဲ့ ဖြုန်းတီးဖျက်ဆီးပစ်နေကြပြီး သူတို့၏ ဦးနှောက်အတွင်း၌ ရံဖန်ရံခါ အလွန်အန္တရာယ်ကြီးမားသော အတွေးစိတ်ကူးများ ပေါ်ပေါက်လာလေ့ရှိ၏။ ဤသို့ဖြင့် အများစုမှာ အတွေးပေါက်လျှက် ပြဿနာဖန်တီးရန်အလို့ငှာ မြို့ရွာများအတွင်းသို့ လက်နက်ကိုင်ဝင်ရောက်ကြ၏။ ဘုရားကျောင်းများ၌ သူတို့ကိုယ်တိုင် ကြံစည်ထားသော အတွေးအခေါ်များကို ၀ါဒဖြန့်ပြောဆိုကြ၏။ ထို့အပြင် သူတို့၏ အယူအဆများကို ဓားလက်နက်ကိုင် ချိမ်းခြောက်၍ လူအများအား လက်ခံစေ၏။ အလွန်ကြီးစွာသော ရုပ်တုကိုးကွယ်မှုကြီးက ယေရှုခရစ်တော် သင်ကြားခဲ့သော တုဖက်နှိုင်းယှဉ်ရာမရှိ၊ တစ်ပါးတည်းသော `ရာဟ်မာန်´ဂုဏ်တော်ရှင်အား ကိုးကွယ်မှုနေရာကို ၀င်ယူထား၏။´ တစ်ဖန် သူရေးသားသည်မှာ- `အဆောင်အဖွဲ့များနှင့် သူတို့စိတ်ကူးအတိုင်း ရေးဆွဲထားသော ပုံများသည် သူတို့ စိတ်ကြိုက်ဘုရားများ ဖြစ်လာခဲ့၏။ စင်စစ် ၎င်းတို့အား ယေရှုခရစ်တော်က တစ်ပါးတည်းသောအရှင်၊ ထာဝရရှင်သန်တော်မူသောအရှင်အား ကိုးကွယ်ရန်သာ သင်ကြားပေးခဲ့ခြင်းဖြစ်၏။ ဤသည်ကို ယေရှု၏ ချာခ်ကျောင်းတော်ဝါဒီများက အလက်ဇန်ဒရီးယားရှိ အလက်ပိုနှင့် ဒမတ်စကပ်တို့၌ ပြသခဲ့၏။´
တစ်ဖန်သူရေးသားသည်မှာ- '' မိုဟမ္မဒ်(ဆွ) ပွင့်ပေါ်ချိန်တွင်ကား ဘာသာတရားအားလုံးသည် မိမိတို့၏ အခြေခံပင်မ သွန်သင်ချက်များမှ ဖယ်ခွာပြီး သာသနာအသစ်များကို တီထွင်ထားကြလျှက် အဆုံးမရှိသော စစ်ပွဲများကို ဆင်နွှဲလျှက်ရှိကြ၏။ အာရေဗျတိုင်းသားတို့ မြင်တွေ့နိုင်၏။ သာသနာတိုင်းသည် သူတို့နှင့်ဆိုင်ရာ ကျမ်းဂန်များ၌ လာရှိသော အခြေခံပင်မအချက်မှ ဖယ်ခွာသွားပြီဖြစ်၏။ ဘုရားရှင်အား စိတ်ဖြူစင်စွာဖြင့် ခဝပ်ကိုးကွယ်ခြင်းကို အချည်းနှီးလုပ်ရပ်တစ်ခုမျှလောက်သာ သဘောထားလာကြ၏။ ထိုစဉ်က ခရစ်ယာန်သာသနာသည်လည်း တစ်ခေတ်တည်းရှိသည့် ရုပ်တုကိုးကွယ်သူများထက် ဘာမျှ သာလွန်ထူးခြားမှုမရှိချေ။ '' (An apology for Muhammed and Quran –John Davenport - 1882 Pg 2-4)

အစ္စလာမ့်ခလီဖာ၊ ဟာဇရသ်မီရ်ဇာ မဆ်ရူးအဟ်မဒ်မိန့်ကြားခဲ့သော မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


Monday, September 17, 2012

ခေတ်စားနေသော အန္တီ အစ္စလာမ်ရုပ်ရှင်၏ ကျောဘက်ဝယ်..

နာကောက်လာအား ရဲများက စစ်ဆေးမေးမြန်းရန် နေအိမ်မှ ခေါ်ထုတ်လာစဉ်


အမှန်တရားသည် ခုတုံးလုပ်အခံရဆုံးနှင့် ခါးသီးမှုမြင့်မား

အမှန်တရားသည် ခါးသီး၏၊ ခုတုံးလုပ်ခံ ရ၏၊ ရောဂါပျောက်ကင်းရေး အတွက် ဆေးစွမ်းကောင်း တလက်ဖြစ်၍ ရောဂါကျွမ်းနေသော ခန္ဓာများအတွက်မူ ပို၍ပင်ခါးသီးသေး၏။

အစ္စလာမ်သာသနာအား ခုတုံးလုပ်ကာ နာမည်ကျော်ကြားရေး၊ သူတစ်ပါးနိုင်ငံအား သယံဇာတရရှိရေး အလို့ငှာ ကျူးကျော်ရန်စရေးစသည်များနှင့် အခကြေးငွေရယူကာ အသရေဖျက်လုပ်ငန်းများလုပ်ဆောင် လျက်ရှိသည်မှာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါကြီး ပေါ်ထွက်လာလျက်ရှိပါသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ဆလ်မန်ရက်ရှ်ဒီ၏ အစ္စလာမ့်အသရေဖျက် ၀တ္ထုစာအုပ်၊ ကနေဒါနိုင်ငံသား စာရေးဆရာမ အိရ်ရှက် မန်ဂျီ၏ သည်ထရောက်ဘဲလ်ဝိသ် အစ္စလာမ် စသည့် စာအုပ်များ ထွက်ပေါ်လာခဲ့ဖူးသည်။ ဆလ်မန်ရှက်ရှ်ဒီက ဆာဘွဲ့ ရရှိခဲ့သလို မန်ဂျီမှာလည်း ၂၁ ရာစု၏ အကျော်ကြားဆုံး အမျိုးသမီးဆုအဖြစ် Ms Magazine က ရွေးချယ်မှုခံခဲ့ရသည်အထိ အနေအစားပြေလည်မှု များကိုသာမက ထင်ပေါ်မှုများကိုပါ တပွေ့တ ပိုက်ကြီး ရရှိသွားကြတော့သည်။

ထို့အတူ အန္တီအစ္စလာမ်မစ် ခရစ်ယာန်ဘုန်းကြီး တယ်ရီဂျုံးစ်မှာလည်း အလွန်တရာသေးငယ်လှသော ချာ့ချ်မှ ဘုန်းကြီးဖြစ်နေသော်လည်း အန္တီအစ္စလာမ်မစ်လုပ်ရပ်များကြောင့် အလွန်တရာ ကျော်ကြားလာကာ အနေအစားချောင်လည်ပြီး လူအများစု၏ထောက်ပ့ံမှုကိုပါ ရရှိလာခဲ့ရသည်။

ယခုတဖန် အန္တီအစ္စလာမ်မစ်ရုပ်ရှင်ကို ရိုက်ကူးဖြန့်ချိသူမှာလည်း ငွေကြေးလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးမှုများ၊ ဒေဝါလီခံမှုများစသည့် ရာဇဝတ်မှုများစွာကို ကျူးလွန်ထားသူဖြစ်ပြီး ၄င်း၏နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှားနေသည့် ကြေးရတက်အန္တီအစ္စလာမ်မစ်များ ရှိနေနိုင်ကြောင်း ခန့်မှန်းချက်ကိုမူ မည်သူမျှ ငြင်းချက်ထုတ်နိုင်လိမ့်မည်မဟုတ်ပါ။

အန္တီအစ္စလာမ်ရုပ်ရှင်

ယူနိုက်တက်ကင်းဒမ်းနိုင်ငံထုတ် ဒေးလီးမေးလ် သတင်းစာမှ စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၂ နေ့စွဲဖြင့် အန္တီအစ္စလာမ်မစ် ရုပ်ရှင်ဖန်တီးသူအား ရဲများကစစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးမေးမြန်းရန် ယင်းအန္တီအစ္စလာမ်မစ် ရုပ်ရှင်ဖန်တီးသူကို နေအိမ်မှ ခေါ်ထုတ်လာစဉ် ၄င်းက မိမိ၏မျက်နှာအား အဝတ်ဖြင့် ပတ်ဆီးလျက် ရှက်ရွ့ံစွာဖြင့် လိုက်ပါလာကြောင်း သတင်းတင်ပြထားသည်။ (http://www.dailymail.co.uk/news/article-2203663/Nakoula-Basseley-Nakoula-Interviewed-police.html)

အန္တီအစ္စလာမ်မစ် ရုပ်ရှင်ဖန်တီးသူမှာ နာကောက်လာ ဘတ်ဆဲလေ နာကောက်လာဆိုသူ၊ အီဂျစ်လူမျိုး အမေရိကန်နိုင်ငံသား ကော့ပ်တစ်ခရစ်ယာန်တစ် ဦးဖြစ်သည်။ သူသည် “အင်နိုးဆင့် မွတ်စလင်မ် (စ်)” ဟု အမည်ပေးထားသော အန္တီအစ္စလာမ်မစ် ရုပ်ရှင်အား ဇတ်ညွှန်းရေးသူ၊ ထုတ်လုပ်သူနှင့် ဖြန့်ချိသူအဖြစ် သတ်မှတ်ခြင်းခံထားရသည်။ သူ၏ရုပ်ရှင်ကို ဇူလိုင်လ ၂ ရက်နေ့၊ ၂၀၁၂ က ယူတျူဗ်(Youtube) ပေါ်တွင် ထရေလာ ၁၅ မိနစ်စာခန့် တင်ထားသည်။ ထိုဖလင်အား အာရဗစ်ဘာသာစကားဖြင့် တင်ဆက်ပြသပြီးနောက်တွင်မူ အမေရိကန်နိုင်ငံ သံရုံးများ တိုက်ခိုက်ခြင်းခံရတော့သည်။

နာကောက်လာ ဘတ်ဆဲလေ နာကောက်လာ



နာကောက်လာသည် အကျဉ်းသားရာဇဝတ်ကောင်ဖြစ်ခဲ့ဖူးကြောင်း အမေရိကန် ဖယ်ဒရယ်ဗျူရို ၊ အကျဉ်းဦးစီးဌာနမှ ဖော်ပြထားစဉ်

အထက်ပါပုံကို www.bop.gov တွင် ကြည့်ရှုနိုင်ပါသည်။

နာကောက်လာသည် အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်ဧရိယာတွင် နေထိုင်သည်။ ဗွီအိုအေအင်တာ ဗျူးတစ်ခုတွင် နာကောက်လာက မိမိကိုယ်ကို ကိုင်ရိုတက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရတစ်ဦးဖြစ်ကြောင်း ဆိုခဲ့သည်။

လော့အိန်ဂျလိစ်တိုင်းမ်စ် သတင်းဖော်ပြချက်အရ နာကောက်လာသည် မူးယစ်ဆေးနှင့် ငွေကြေးမတရားရယူရန် ကြိုးစားမှုများစသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။ နာကောက်လာသည် ငွေကြေးမတရားရယူသည့် ရာဇဝတ်မှုမကျူးလွန်မီက ငွေကြေးပြဿနာအခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ လော့အိန်ဂျလိစ် ကောင်တီ၊ စာရင်းစစ်အဖွဲ့ရုံး၏ မှတ်တမ်းအရ နာကောက်လာသည် နိုင်ငံတော်နှင့် ဖယ်ဒရယ်ပြည်နယ်ဆိုင်ရာ အခွန်ငွေများကို ပေးချေခြင်းမရှိသည့် အမှုကိုလည်း ကျူးလွန်ထားကြောင်း သိရသည်။  ၁၉၉၆ တွင် နာကောက်လာဦးစီးသော ဓာတ်ဆီဆိုင်သည် ဒေါ်လာ ၁၉၄၀၀၀ ကျော် အခွန်ငွေပေးဆောင်ရန် ကျန်ရှိထားကြောင်း သိရသည်။ ထို့ပြင် ၁၉၈၉ မှ ၁၉၉၂ ထိ ဒဏ်ကြေးငွေများနှင့် အတိုးများပေးဆောင်ရန်လည်း ရှိနေကြောင်း သိရသည်။ အခွန်ငွေအပြင် အခြားပေးဆောင်ရန်ရှိနေသော အကြွေးများစုစုပေါင်းမှာ ဒေါ်လာ ၅၉၀၀၀ နီးပါးရှိသည်။ နာကောက်လာသည် ၂၀၀၀ ခုနှစ်ကလည်း အမေရိကန်ဘဏ် (Bank of America) တွင် ဒေါ်လာ ၁၆၆၅၀၀ အကြွေးတင်နေသဖြင့် ဒေဝါလီခံခဲ့ဖူးသည်။

သည်ဒေးလီးဘိစ်သတင်းစာကမူ နာကောက်လာသည် ၁၉၉၇ ခုနှစ်၌ လော့အိန်ဂျလိစ်ကောင်တီရဲအဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရဖူးကြောင်း၊ အကြောင်းမှာ အက်ဖက်ဒရင်းမူးယစ်ဆေးဝါး၊ ဟိုက်ဒရီအော်ဒစ်အက်ဆစ်နှင့် ငွေစက္ကူဒေါ်လာ ၄၅၀၀၀ လက်ဝယ်တွေ့ရှိရ၍ ဖြစ်ကြောင်း၊ ၄င်းပြင် သူသည် မသာမ်ဖတာမင်းခေါ်သည့် မူးယစ်ဆေးဝါးတစ်မျိုးကို ထုတ်လုပ်ရန် ကြိုးပမ်းမှုဖြင့် စွဲချက်တင်ခံရဖူးကြောင်း သိရသည်။ (http://www.thedailybeast.com/articles/2012/09/13/mohammed-movie-s-mystery-director.html

၁၉၉၇ တွင်ပင် နာကောက်လာက အပြစ်ရှိကြောင်းဝန်ခံပြီး အသနားခံသဖြင့် လော့အိန်ဂျလိစ်ကောင်တီအကျဉ်းထောင်တွင် တစ်နှစ်အကျဉ်းချခံခဲ့ ပြီး ကျန်သည့် သုံးနှစ်ကိုမူ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ လော့အိန်ဂျလိစ်ကောင်တီ ရာဇဝတ်မှု ရှေ့နေဌာန၏ မှတ်တမ်းများအရ နာကောက်လာသည် ၂၀၀၂ ခုနှစ်တွင် ဆိုင်းငံ့ပြစ်ဒဏ် အတွက် လျော့ပေါ့ပေးမည့် အမူအကျင့်ဆိုင်ရာ အခြေအနေကို ချိုးဖောက်ခဲ့သဖြင့် နောက်ထပ်တစ်နှစ် အကျဉ်းချခံခဲ့ရကြောင်း သိရသည်။ (http://www.nytimes.com/2012/09/14/us/origins-of-provocative-video-are-shrouded.html) (http://www.huffingtonpost.com/2012/09/13/innocence-of-muslims-filmmaker-nakoula-basseley-nakoula_n_1880706.html)


၂၀၁၀ တွင် နာကောက်လာသည် ဖယ်ဒရယ်အစိုးရ၏ ဒဏ်ကြေးငွေများကို ပေးဆောင်ရန် ဆန္ဒမရှိဘဲ အသနားခံခဲ့သဖြင့် ဒဏ်ငွေကို ရ၉၄ ရ၀၁ ဒေါ်လာပေးဆောင်ရန် ပြန်လည် ပြဌာန်းပေးခဲ့သည်။ အမေရိကန်နိုင်ငံ ရာဇဝတ်မှု လက်ထောက်ရှေ့နေ၊ ဂျနီဖာ လိုင်းဝီလီယံက နာကောက်လာသည် သူတစ်ပါး၏ကိုယ်ရေးမှတ်တမ်းနှင့် လုံခြုံရေးနံပါတ်များခိုးယူပြီး ဘဏ်စာရင်းဖွင့်ခဲ့ဖူးကြောင်း၊ ထိုသို့ဖြင့် အေတီအမ်စက်များတွင် ယင်းလုံခြံုရေးနံပါတ်များထည့်ကာ ငွေထုတ်ယူခဲ့ကြောင်း၊ ထိုသို့ လုံခြံုရေးနံပါတ်ခိုးယူမှုများထဲတွင် ၆ နှစ်အရွယ် ကလေးတစ်ဦး၏ ပိုင်ဆိုင်မှုကို ခိုးယူခဲ့ခြင်းမျိုးလည်း ပါ၀င်ကြောင်း ထုတ်ဖော်တင်ပြခဲ့သည်။

နာကောက်လာသည် ဖယ်ဒရယ်အကျဉ်းထောင်တွင် ၂၁ လတိတိအကျဉ်းချခံခဲ့ရသည်။ နာကောက်လာသည် ၂၀၁၁ ဇွန်တွင် ထောင်မှလွတ်လာခဲ့ပြီးနောက် ၅ နှစ်အတွင်း အင်တာနက်နှင့် ကွန်ပျူတာကို စောင့်ကြည့်ရှေ့နေ၏ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုခွင့်ရခဲ့ကြောင်း၊ နာကောက်လာသည် သူ၏ အန္တီအစ္စလာမ် ရုပ်ရှင်မရိုက်မီ ရက်သတ္တပတ်အနည်းငယ် ခန့်ကမှ (အကျင့်စာရိတ္တနှင့်အမူအကျင့်ဆိုင်ရာ) ပြန်လည်ပြုပြင်ရေးစခန်းမှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။ (http://www.thesmokinggun.com/file/nakoula-charges)


အင်နိုးဆင့် မွတ်စလင်မ် (စ်)

နာကောက်လာကမူ “အင်နိုးဆင့် မွတ်စလင်မ် (စ်)” ရုပ်ရှင်အား မိမိဒါရိုက်တာလုပ်ထားခြင်းမဟုတ်ဟု ငြင်းဆိုထားသည်။ ၄င်းဖလင်တွင် ဒါရိုက်တာမှာ Sam Bacile ဆိုသူဖြစ်ပြီး ဂါးဒီးယန်းနှင့် အခြားဆက်စပ်သတင်းများကမူ အင်တာဗျူးတစ်ခုအတွက် Sam Bacile  အသုံးပြုခဲ့သည့် ဖုန်းနံပါတ်မှာ နာကောက်လာ၏ လိပ်စာနှင့် ဆင်တူနေကြောင်း ဖော်ပြခဲ့ကြ သည်။ 

၁.http://www.guardian.co.uk/world/2012/sep/13/anti-islamic-film-us-nakoula 

၂.http://www.npr.org/blogs/thetwo-way/2012/09/12/161003427/what-we-know-about-sam-bacile-the-man-behind-the-muhammad-movie 

၃.http://www.sgvtribune.com/news/ci_21530557/movie-that-set-off-violence-middle-east-produced

နာကောက်လာအသုံးပြုခဲ့ဖူးသည့် အခြားအမည်တုများမှာလည်း Sam Bacile ဟူသည့် အသံထွက်မျိုးနှင့် ခပ်ဆင်ဆင်ဖြစ်နေကြောင်း သိရသည်။ အမည်မဖော်ပြလိုသည့် ဖယ်ဒရယ် တရားရုံးတာဝန်ရှိသူများကမူ နာကောက်လာကို ထိုအန္တီအစ္စလာမ်ရုပ်ရှင်အား ကြိုးကိုင်ရိုက်ကူးသူအဖြစ် သတ်မှတ်ကြသည်။ စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၂ နေ့ကမူ ရဲများက နာကောက်လာကို စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့သည်။

ထိုအန္တီအစ္စလာမ်ရုပ်ရှင်တွင် အဓိကဇတ်ကောင် မင်းသမီးနေရာမှ ပါ၀င်သရုပ်ဆောင်ထားသည့် အမည်မဖော်လိုသည့်သူကမူ သူမအနေဖြင့် ရုပ်ရှင်တွင်ပါ၀င်သည့်အချက်အလက် အစစ်အမှန်များကို မသိရှိခဲ့ရဘဲ သူတစ်ပါး၏ကွပ်ကဲမှုကို ခံခဲ့ရကြောင်း၊ သူမအနေဖြင့် ရုပ်ရှင်တွင် သရုပ်ဆောင်ဖို့ သဘောတူပြီးသည်အထိ ရုပ်ရှင်ပါအကြောင်းအရာများ ကို သိရှိခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ယူကေထုတ် ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။ (http://www.dailymail.co.uk/news/article-2203663/Nakoula-Basseley-Nakoula-Interviewed-police.html)

ရုပ်ရှင်တွင် ပါ၀င်ခဲ့သူ ဆင်ဒီလီးဆိုသူကလည်း သူမအနေဖြင့် ထုတ်လုပ်သူ၏ အမုန်းတရားရည်ရွယ်ချက်များကို မသိရှိခဲ့ကြောင်းနှင့် ရုပ်ရှင်ကိုလည်း အန္တီအစ္စလာမ်မစ်ဖြစ်စေဖို့ ဖြတ်တောက်ပြင်ဆင်မှုများ ရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။ (http://www.dailymail.co.uk/news/article-2203663/Nakoula-Basseley-Nakoula-Interviewed-police.html)

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကမူ ထိုရုပ်ရှင်ဒါရိုက်တာအမည်ခံ Sam Bacile မှာ မီဒီယာအများစု၏ အင်တာဗျူးခြငး်ကို ခံခဲ့ရသည်။ Sam Bacile က ဝေါလ်စထရိဂျာနယ်သို့ မိမိသည် ကာလီဖိုးနီးယားတွင်နေထိုင်သည့် အသက် ၅၂ နှစ်အရွယ်၊ အစ္စရေးလူမျိုး အိမ်ယာခြံမြေတီထွင်လုပ်ဆောင်သူဖြစ်ကြောင်း၊ သူ့အဖြင့် ဂျူးလူမျိုးအလှူရှင် ၁၀၀ ခန့်မှ ထည့်ဝင် လှူဒါန်းထားသည့် ဒေါ်လာ ၅ မီလီယံဖြင့် ယင်းအန္တီအစ္စလာမ်ရုပ်ရှင်ကို ရိုက်ကူးခဲ့ကြောင်း ပြောဆိုခဲ့သည်။ (http://online.wsj.com/article/SB10000872396390443884104577647691429314660.html?mod=googlenews_wsj)

ရုပ်ရှင်တွင်ပါ၀င်သရုပ်ထားသည့် သရုပ်ဆောင်များကမူ ၄င်းတို့အားလုံးစုပေါင်းထားသည့် ကြေငြာချက်တစ်ခုကိ ထုတ်ပြန်ခဲ့ရာ ထိုကြေငြာချက်တွင် မိမိတို့အား Sam Bacile ဆိုသူက လှည့်ဖျားခဲ့ကြောင်း ဖော်ပြထားသည်။  (http://gawker.com/5942748/it-makes-me-sick-actress-in-muhammed-movie-says-she-was-deceived-had-no-idea-it-was-about-islam)

ထိုရုပ်ရှင်တွင် ကုရ်အာန်ကျမ်းစာအားမီးရှို့မှုများအဆက်မပြတ်လုပ်ဆောင်ခဲ့ဖူးသည့် အလွန်တရာသေးငယ်လှသော ချာ့ချ်၏ ခရစ်ယာန်ပါစတာဖြစ်သူ တယ်ရီဂျုံးပါ၀င်နိုင်ကြောင်းလည်း သံသယရှိနေကြသည်။ (http://video.msnbc.msn.com/msnbc/49004610/#49004610)

Sunday, September 16, 2012

နဆီးမ်မဟ်ဒီနဲ့ အင်တာဗျူးတစ်ခု



လိဇ် အက်ဆ်လေ
စက်တင်ဘာ ၁၄၊ ၂၀၁၂
The Examiner
Source: http://goo.gl/W97xk


နဆီးမ်မဟ်ဒီသည် အမေရိကန်နိုင်ငံလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဒုတိယဥက္ကဌနှင့် သာသနာပြုမှူးချုပ်ဖြစ်သည်။

Muslims for life လို့ခေါ်တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ အောက်မေ့ဖွယ်သွေးလှူဒါန်းမှုကို၊ အမေရိကန်ကွန်ဂရက်တည်ရှိရာ ကပ္ပီတဲလ်တောင်ကုန်းမှာ ဦးစီးကွပ်ကဲခဲ့တဲ့ နဆီးမ်မဟ်ဒီကတော့ အဟ်မဒီမွတ်စလင်မ်တစ်ဦးဖြစ်ပါတယ်။ အမေရိကန် ဆီးလ်ဗားစပရင်းကို ၂၀၁၀ မှာ ရောက်လာခဲ့တဲ့ နဆီးမ်မဟ်ဒီကတော့ ပါကစ္စတန်မှာ မွေးခဲ့တယ်၊ ဥရောပနဲ့ ကနေဒါတို့မှာ နေထိုင်ခဲ့ဖူးပါတယ်။ ဝါရှင်တန်ဧရိယာမှာတော့ အဖွဲ့ဝင်ပေါင်း ၁၀ မီလီယံလောက်ရှိတဲ့အထဲက အဟ်မဒီမိသားစု နှစ်ထောင်လောက် နေထိုင်နေကြပါတယ်။


အဟ်မဒီမွတ်စလင်မ်တွေမှာ ထူးခြားတဲ့ သီးသန့်ယုံကြည်မှုမျိုးရှိနေတယ်။ ကျွန်တော့်ကို အဲဒါနဲ့ပတ်သတ်ပြီး ပြောပြပေးပါလား။

အစ္စလာမ့်ကျမ်းစာ၊ ကျမ်းတော်မြတ်ကုရ်အာန်ကတော့ ၁.၄၅ ဘီလီယံလောက်ရှိနေတဲ့ မွတ်စလင်မ်တွေအတွက်၊ နေရာတိုင်းမှာ အတူတူချည့်ပါပဲ။ ဒါပေမယ့် အဲဒီကုရ်အာန်ကို အကျယ်ဖွင့်ဆိုတဲ့နေရာမှာတော့ ကွဲပြားခြားနားနိုင်ပါတယ်။ မွတ်စလင်မ်တွေအတွက် ဘ၀အသက်တာနဲ့ပတ်သတ်ပြီး ဆက်စပ်နေတာကတော့ ကုရ်အာန်က လူ့ဘ၀ဟာ မြင့်မြတ်တင့်တယ်ပြီး တန်ဖိုးထားစရာဖြစ်လား၊ ဒါမှမဟုတ် လူ့ဘ၀အသက်ကိုဖျက်စီးပြစ်ဖို့ အဲဒီနှစ်ခုထဲက ဘယ်တစ်ခုကို ပြောသလဲဆိုတာပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ အချို့သော မွတ်စလင်မ်တွေက ခရစ်ယာန်တွေ၊ ဂျူးတွေကို သတ်ပြစ်ဖို့ သာသနာရေးဆိုင်ရာ တာဝန်၀တ္တရားကြီးရှိနေပါတယ်လို့ ယုံကြည်နေကြတယ်။ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကတော့ ဒီလိုမျိုးအမြင်ကို ဆန့်ကျင်ပါတယ်။ ကျွန်တော်တို့အဟ်မဒီမွတ်စလင်မ်များက ဘယ်လိုမျိုးအပြစ်မဲ့ ပြည်သူတစ်ယောက် ကိုမှ သူ့ရဲ့ သာသနာရေးရာယုံကြည်မှု့ကြောင့် သတ်ပြစ်ဖို့ရန် ဘယ်သူတစ်ဦးတစ်ယောက်မှာမှ အခွင့်အာဏာမရှိဘူးလို့ တင်ပြကြပါတယ်။

ခရစ်ယာန်အများစု၊ ဂျူးနဲ့ မွတ်စလင်မ်တွေလိုပဲ ကျွန်တော်တို့ အဟ်မဒီများက မဆီဟ်(မေရှိယ) ဆိုတဲ့ သဘောတရားကို ယုံကြည်ကြပါတယ်။ ခရစ်ယာန်တွေက မဆီဟ်(မေရှိယ) ဒုတိယမ္ပိပြန်လာ မယ့်အချိန်ကို စောင့်စားနေကြသလို မွတ်စလင်မ်တွေကလည်း မဆီဟ်(မေရှိယ) ဒုတိယမ္ပိပြန်လာဖို့ ထပ်တူညီစွာပဲ စောင့်စားနေကြပါတယ်။ ကျွန်တော်တို့ အဟ်မဒီမွတ်စလင်မ်များကတော့ မဆီဟ်(မေရှိယ) ဤလောကကို ကြွရောက်လာပြီးဖြစ်ကြောင်း တင်ပြကြပါတယ်။ သူကတော့ အိန္ဒိယမှာ ပွင့်ပေါ်ခဲ့တဲ့ မီရ်ဇာဂူလာမ်အဟ်မဒ်သခင်ပဲဖြစ်ပါတယ်။ သူက မိမိကိုယ်ကို ပွင့်ပေါ်လာစရာ ရှိတဲ့ မဆီဟ်(မေရှိယ) အသွင်ဆောင် ပုဂ္ဂိုလ်၊ ဒုတိယအကြိမ်ပြန်လည်ကြွရောက်လာတာ ပဲဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

အခု ကမ္ဘာကြီးက အမေရိကသံရုံးတွေကို တိုက်ခိုက်ခံရမှုအပြီးမှာ အရှေ့အလယ်ပိုင်းဒေသအပေါ်မှာ ပြန်ပြီး မျက်စိကျနေတယ်။ ဒီလိုမျိုး ဆူပူသောင်းကျန်းမှုတွေကို ခင်ဗျားအနေနဲ့ ဘယ်လိုဘယ်ပုံ များ ပြုလုပ်လိုပါသလဲ။

အစ္စလာမ်သာသနာရဲ့ ရန်သူတွေထဲက အချို့သောအစိတ်အပိုင်းကတော့ မွတ်စလင်မ်တွေရဲ့ သာသနာရေးရာ ယေဘုယျခံစားချက်တွေကို ထိခိုက်နာကျင်စေဖို့အတွက် စဉ်ဆက်မပြန် ကြိုးပမ်းအားထုတ်နေကြတာပါ။ အစ္စလာမ်နဲ့ တမန်တော်မုဟမ္မဒ်သခင်ကို ဆန့်ကျင်တိုက်ခိုက် တဲ့ “စေတန်နစ် ဗားစက်စ်” ဆိုတဲ့စာအုပ်မျိုးကို ဆလ်မန်ရပ်ရ်ှဒီက ရေးသားခဲ့ဖူးပါတယ်။ ဒတ်ခ်ျကာတွန်း တွေကလည်း ဆန့်ကျင်စော်ကားမှုတွေပါပဲ။ အခုတော့ မွတ်စလင်မ်တွေရဲ့ စိတ်အာရုံကို ထိခိုက်စေမယ့် ရုပ်ရှင်ဇတ်ကားတစ်ခု ထွက်လာပြန်ပါပြီ။ ဒီနေရာမှာ အခု ဦးတည်ချက်မတူတဲ့ နည်းလမ်းနှစ်ခုရှိနေပါတယ်။ ဒီလိုမျိုး စော်ကားမှုတွေထွက်ပေါ်လာတိုင်း မွတ်စလင်မ်အများစုက လမ်းတွေပေါ်ထွက်လာကြတယ်၊ ပြတင်းပေါက်တွေရိုက်ခွဲမယ်၊ ချာခ်ျတွေကို တိုက်ခိုက်ကြမယ်။ အဟ်မဒီမွတ်စလင်မ်တွေက ဒါမျိုးဘယ်တုန်းကမှ မလုပ်ခဲ့ကြပါဘူး။ ကျွန်တော်တို့ အဟ်မဒီမွတ်စလင်မ်တွေကလည်း စော်ကားမှုတွေကြောင့် စိတ်အာရုံထိခိုက်မှုတွေ ခံစားကြရတာပါပဲ၊ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဘယ်တော့မှ ဒီလို ဥပဒေမဲ့လုပ်ရပ်တွေကို ဖန်တီးကြမှာ မဟုတ်ဘူး၊ ဘာကြောင့်လဲဆိုရင် ဒီလိုမျိုးလုပ်ရပ်တွေကို ဘုရားရှင်က ခွင့်ပြုတော်မမူတဲ့အကြောင်းကို ကျမ်းမြတ်ကုရ်အာန်မှာ ဖော်ပြထားလို့ပါပဲ။ ဝတ်ပြုရာကျောင်းဆောင်တွေတိုက်ခိုက်တာမျိုး၊ အပြစ်မဲ့ပြည်သူတွေကို သတ်ပြစ်တာမျိုး စတဲ့ ရာဇဝတ်မှုတွေကို ခိုင်မြဲလာအောင်တော့ လုပ်လို့ရမယ် မဟုတ်ပါ။

ခင်ဗျားရဲ့ ဗဟိုချက်မယုံကြည်ချက်အရပေါ့ဗျာ၊ ခင်ဗျားရဲ့ သက်ဝင်ယုံကြည်မှုကို ဖွင့်ဆိုတဲ့အချက်တွေက တစ်ချက်က ဘာဖြစ်ပါသလဲ။

မွတ်စလင်မ်တွေအားလုံးက ဘုရားရှင်တစ်ပါးတည်းကို ယုံကြည်သင့်သလို ဘုရားရှင်စေလွှတ်တော်မူတဲ့ တမန်တော်တွေအားလုံးကိုလည်း သက်ဝင်ယုံကြည်သင့်ပါတယ်။ အဲဒီတမန်တော်တွေထဲမှာ အာဒမ်၊ မုဟမ္မဒ်၊ ယေရှုခရစ်၊ မောရှေ၊ အေဗရာဟင်မ် စတဲ့ တမန်တော် တွေအပြင် အေဗရာဟင်မ်အဆက်အနွယ်ကမဟုတ်တဲ့ ကွန်ဖြူးရှပ်စ်၊ ဗုဒ္ဓနဲ့ ခရစ်ရှနား စသူတို့သာမက သမိုင်းမှာ အမည်တောင်ဖော်ပြနိုင်ခြင်းမရှိတော့တဲ့ တမန်တော်တွေအားလုံး ပါဝင်ပါတယ်။ သူတို့တွေအားလုံးကို လက်ခံယုံကြည်သင့်ပါတယ်။ ကျွန်တော်က ဂျူးသာသနိက အဆောက်အဦတစ်ခုဒါမှမဟုတ် ချာခ်ျတစ်ခုကိုသွားပြီး ဆွေးနွေးတင်ပြရတဲ့အခါတိုင်း ကျွန်တော့်အနေနဲ့ ကိုယ့်အိမ်ကိုယ့်ယာလိုပဲ ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တင်ပြခဲ့သလိုပါပဲ၊ ဒါတွေကလည်း ကျွန်တော် ဗလီတစ်လုံးကို သွားရောက်သလိုမျိုး၊ ဘုရားရှင်ရဲ့ အခြားတစ်မျိုးသော အိမ်တော်တွေပဲ မဟုတ်လား။ လူတွေအားလုံးက ဒါမျိုးယုံကြည်လက်ခံလာမယ် ဆိုရင်တော့ ကမ္ဘာကြီးက ပိုပြီးကောင်းတဲ့နေရာတစ်ခုဖြစ်လာမှာပါ။ ဒါပေမယ့်ဗျာ၊ အကြောင်းမလှစွာနဲ့ပဲ လူတွေက ဒီလို ဗဟိုချက်မယုံကြည်ချက်ကနေ သွေဖယ်နေကြတယ်။ ဒီသက်ဝင် ယုံကြည်ချက်က အစ္စလာမ်သာသနာရဲ့ အခြေခံယုံကြည်ချက်များပါပဲ။ ဒါကပဲ မွတ်စလင်မ်တွေနဲ့ သူတို့ရဲ့ တိုင်းနိုင်ငံတွေမှာ ဆူပူသောင်းကျန်းမှုတွေ၊ ပဋိပက္ခ​တွေဖြစ်နေရခြင်းရဲ့ အကြောင်းရင်းခံပါပဲ။

ပါကစ္စတန် : ဆယ်ရက်အတွင်း အဟ်ဒီမွတ်စလင်မ်၊ လေးဦးမြောက် အသတ်ခံရ

Ahmadiyya Times | News Watch | Int'l Desk
Source/Credit: Various / Social Media
By Imran Jattala | September 15, 2012

သတင်းအချက်အလက်များအရ ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့၊ ဂုလစ္စတန်နေ ဂျူဟားရ်ဧရိယာ၊ အကွက်နံပါတ် ၁၅ တွင် အဟ်မဒီမွတ်စလင်မ်တစ်ဦး ထပ်မံအသတ်ခံခဲ့ရကြောင်း သိရသည်။

ထိုသို့အသတ်ခံရခြင်းမှာ ၁၀ ရက်အတွင်း ၄ ဦးမြောက်အသတ်ခံရခြင်းဖြစ်သည်။ အသတ်ခံခဲ့ရသူ မုဟမ္မဒ် အဟ်မဒ် ဆဒ္ဒီက်ကီးမှာ အသက် ၂၃ ရှိပြီး ဂျူဟားရ် ချူရန်ဂီရှိ ၎င်း၏စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာနေရာတွင် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံ သက်သေတစ်ဦးက ဆိုသည်။


လူသတ်မှုသည် စနေနေ့ည၊ ၉ နာရီနှင့် ၁၁ နာရီအကြားဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသတ်ခံရသူ၏ ညီအစ်ကို၀မ်းကွဲဖြစ်သူ ရှမ့်စ် ဖခ္ခရီမှာလည်း လူသတ်သမားများ၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။

ဖခ္ခရီ၏ ဝမ်းဗိုက်နှင့် ခြေထောက်များတွင် သေနတ်အပြစ်ခံရသခြင့် ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရသည်။

ဒေသတွင်း သတင်းစာတစ်စောင်ဖော်ပြချက်အရ ၎င်းတို့နှစ်ဦး သေနတ်များဖြင့် အပစ်မခံရမီ အတူတကွ ရှိနေကြကြောင်းသတင်းထုတ်ပြန်ဖော်ပြထားပြီး အူရဒူဘာသာဖြင့်ထုတ်ဝေသည့် ဒေးလီးဂျန်းသတင်းစာကမူ လူနှစ်ဦး အတိုက်ခိုက်ခံခဲ့ရပြီး တစ်ဦးအသတ်ခံရကြောင်း အတည်ပြုထားသည်။ 

အသတ်ခံခဲ့ရသူ အဟ်မဒ် ဆဒ္ဒီက်ကီးမှာ လွန်ခဲ့သည့် ၈ နှစ်ခန့်က အဟ်မဒီယာမွတ်စလင်မ်အဖွဲ့သို့ ကူးပြောင်းဝင်ရောက်လာသူဖြစ်ကြောင်း ၎င်း၏သူငယ်ချင်းများက ဆိုသည်။ ဒဏ်ရာအပြင်းအထန်ရရှိ ခဲ့သူ ရှမ့်စ် ဖခ္ခရီမှာမူ ဒီယိုဘန်ကျောင်းအား စတင်တည်ထောင်သူ အစ္စလာမ့်ပညာရှင်ကြီး မော်လာနာ မုဟမ္မဒ်ကာစင်မ်နာနူတဝီဆာဟိဘ်၏ မြေးတော်စပ်သူဖြစ်ကြောင်းလည်း သိရသည်။

အထက်ပါ ဥပဒေမဲ့ လူသတ်မှုမဖြစ်မီ ကရာချိမြို့၊ မလီးရ်ဧရိယာတွင် သောကြာနေ့က အဟ်မဒီမွတ်စလင်မ်တစ်ဦးဖြစ် သည့် မစ္စတာ ဆနာအုလ္လဟ်၏ သားတော်စပ်သူ မစ္စတာ နဗီးဒ်ဆိုသူသည် ဂုလ်ဆာနီ ဂျာမေရှိ ၎င်း၏နေအိမ်တွင် အသတ်ခံခဲ့ရသေးသည်။
သက်သေခံများ၏အဆိုအရမူ နဗီးဒ်အသတ်ခံရခြင်းမှာလည်း ပစ်မှတ်ထားရှိသော လူသတ်မှုမျိုးပင်ဖြစ်ကြောင်းသိရသည်။

ပါကစ္စတန်၊ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဆလီးမ်မုဒ္ဒီးန်က ၎င်း၏တွီတာဝက်ဘ် ဆိုဒ်ပေ့ခ်ျမှတဆင့် အထက်ပါ လူသတ်မှုများကို အတည်ပြုခဲ့သည်။

“နဝါးဘ်ရှားဒေသမှ လာဟိုရ်အထိ၊ ရာဝီလ်ပန်ဒီမှာ ကရာချိအထိ၊ ဖိုင်ဆာလဘတ်မှ မရ်ဒန်အထိ၊ အဲဒီဒေသတွေထဲက ဘယ်မြို့မှာမဆို ရှိနေကြတဲ့ အဟ်မဒီများအား အလ္လာဟ်အရှင်မြတ် ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေ၊ အာမီးန်” ဟု ဆလီးမ်မုဒ္ဒီန်းက ရေးသားထားသည်။


Thursday, September 13, 2012

၉ / ၁၁ နှစ်ပတ်လည် အမေရိကန်မွတ်စလင်မ်များ သွေးလှူဒါန်း





စက်တင်ဘာ ၁၁  ရက် ၂၀၁၂


အင်္ဂါနေ့က ကျရောက်ခဲ့သည့် ၉ / ၁၁ နှစ်ပတ်လည်နေ့၌ အမေရိကန်နိုင်ငံ အဟ်မဒီယာမွတ်စလင်မ် အဖွဲ့က သေဆုံးခဲ့ကြရသူများကို ဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းမှုကို ဒုတိယနှစ်အဖြစ် ပြုလုပ်ခဲ့ကြသည်။

အမေရိက၏ သက်တမ်းအရင့်ဆုံး မွတ်စလင်မ်အဖွဲ့အစည်းဖြစ်သည့် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ရည်ရွယ်ချက်မှာ လူသားများအား အသက်ကယ်ဖို့ရန်သာမဟုတ်ဘဲ အစ္စလာမ်သာသနာ၏ ဘ၀အသက် ပေါ် တန်ဖိုးထားခြင်း စံနမူနာကိုလည်း ပြသရန်ဖြစ်သည်။

အမေရိကန်နိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဒုဥက္ကဌဖြစ်သူ နဆီးမ်မဟ်ဒီက "၉-၁၁-၂၀၀၁ မှာ မွတ်စလင်မ်တွေက ဘ၀အသက်ကို ဖျက်ဆီးပြစ်ဖို့ဆိုတဲ့ ပုံရိပ်မျိုး ဖန်တီးခဲ့ကြပါတယ်။ ဒီပုံရိပ်ကို ကျွန်တော်တို့က ပြောင်းလဲပြစ်ချင်ပါတယ်။" ဟု ပြောကြားခဲ့သည်။

ကပ္ပတဲလ်တောင်ကုန်းပေါ်ရှိ ရေဘန်းဟောက်စ်အဆောက်အဦရှိ သွေးလှူဒါန်းရာဌာနတွင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့က ယုံကြည်မှုခြင်းမတူညီကြသော၊ ဘ၀အသက်တာကို တန်ဖိုးထားသူ အားလုံးတို့ထံမှ သွေးကောက်ခံလျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံလုံးတွင်ပြုလုပ်သော ထိုလှုပ်ရှားမှုမှ မွတ်စလင်မ်များရော၊ မွတ်စလင်မ်မဟုတ်သူများ ထံကပါ သွေးအိတ်ပေါင်း ၁၁၀၀၀ ကို ရရှိရန် မျှော်မှန်းထားသည်။

ထိုသွေးအိတ်စုစုပေါင်းမှ အမေရိကန်နိုင်ငံမှ လူ့အသက်ပေါင်း ၃၃၀၀၀ ကို ကယ်တင်နိုင်မည်လည်း ဖြစ်သည်။ ထိုလှုပ်ရှားမှုကို အမေရိကန်ကွန်ဂရက်အဖွဲ့ဝင်များနှင့် အမေရိကန်ကြက်ခြေနီအသင်းတို့က ပါဝင်ကူညီခဲ့ကြသည်။

ကွန်ဂရက်အမတ်တစ်ဦးဖြစ်သူ ဝိန်းဘက်စ်လက်က သွေးပါဝင်လှူဒါန်းခဲ့ပြီး "ဒီလိုနေ့မျိုးကို အမှတ်ရနေဖို့ လိုအပ်သလို အခြားသူတွေကိုလည်း အကူအညီပေးနိုင်တဲ့ သွေးလှူဒါန်းတဲ့ ကိစ္စမျိုးကိုလည်း ရှေ့တိုးလုပ်ဆောင်ရပါမယ်။" ဟု ပြောကြားသည်။

အများစုကမူ စက်တင်ဘာ ၁၁ ဖြစ်ရပ်သည် အစ္စလာမ်သာသနာတော်ကို ပြန်ပေးဆွဲခံခဲ့ရသည့်နှယ်ဖြစ် ကြောင်း ပြောဆိုကြသည်။ အမေရိကန် မွတ်စလင်မ်များကမူ ၎င်းတို့၏ သာသနာကို အကာအကွယ် ပေးဖို့ တိုးတက်လုပ်ဆောင်နေကြသည်။

အစ္စလာမ်သာသနာထဲမှ အဟ်မဒီယာဟ်မွတ်စလင်မ်အဖွဲ့ကို အိန္ဒိယနိုင်ငံ၌ စတင်ခဲ့ခြင်းဖြစ်သလို အစ္စလာမ်သာသနာ့အဖွဲ့အစည်းများထဲတွင် ရှရီယာနှင့် ဂျီဟဒ်တို့ကို ရှေးရိုးစွဲမှုအနည်းဆုံး ဖွင့်ဆိုသည့် အဖွဲ့အစည်းလည်းဖြစ်သည်။

အဖွဲ့ဝင်များကမူ သွေးလှူဒါန်းဌာနများက ထိခိုက်နာကျင်စရာများကို အသွင်ပြောင်းလဲမည် ဖြစ်ပြီး ကွဲပြားခြားနားမှုများရှိသော်လည်း ကျွန်ုပ်တို့အားလုံး တူညီစွာဖြင့် သွေးသွန်းခဲ့ကြကြောင်း ပြသဖို့ရာ ရည်ရွယ်ကြောင်း မြော်လင့်ထားကြသည်။

နဆီးမ်မဟ်ဒီက "ကျွန်တော်တို့အားလုံးက လူသားဆိုင်ရာ အခွင့်အရေးတွေကို ကရုဓမ္မပြုကြတာ ကြောင့် ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်ရှိနေကြပါတယ်" ဟု ပြောကြားသည်။

ဒုတိယမိ သွေးလှူဒါန်းဌာနကို စက်တင်ဘာ ၁၃ ရက်နေ့တွင် ဝါရှင်တန်ဒီစီရှိ Cannon Caucus Room, Independence Avenue SE & 1st, SE တွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်မည်ဖြစ်သည်။

Sunday, September 9, 2012

ယူကေအဟ်မဒီယာနှစ်ပတ်လည်ညီလာခံ - မီလီယံဝက်ခန့် အဟ်မဒီအသစ်များအဖြစ် ဝင်ရောက်လာ၊ သာသနာပြုမစ်ရှင်ပေါင်း ၁၁၇ ခု တိုးချဲ့ခဲ့



ယခုအခါ အဟ်မဒီမွတ်စလင်မ်အဖွဲ့ကြီးမှာ နိုင်ငံပေါင်း ၂၀၂ နိုင်ငံအထိ ကျယ်ပြန့်လာပြီး သာသနာပြု မစ်ရှင်အနေဖြင့် ၂၄၄၃ ဖွဲ့အထိ အတည်တကျ တည်ရှိနေပြီဖြစ်ကြောင်း www.examiner.com  မှ ဖော်ပြထားသည်။

ယမန်နေ့က ကျင်းပခဲ့သော ယူကေနိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ နှစ်ပတ်လည်ညီလာခံ ဒုတိယမြောက်နေ့တွင် "ဘုရားရှင်ထံတော်မှ ဆုတော်လာဘ်တော်များ" ဟု အမည်ပေးထားသော အစီရင်ခံစာကို အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဝိညာဉ်ရေးရာခေါင်းဆောင် ဟာဇရသ်မီရ်ဇာ မဆ်ရူးရ် အဟ်မဒ်မှ မိန့်ကြားတင်ပြခဲ့သည်။ 

ယူကေနိုင်ငံ၊ အလ်တန်ဒေသတွင်ကျင်းပသည့် ယင်းအခမ်းအနားတွင် လူပေါင်း ၃ သောင်းကျော် တက်ရောက်လျက်ရှိသည်။ ထိုသူများထဲ၌ နိုင်ငံတကာမှ သာမာန်အဟ်မဒီမွတ်စလင်မ်များ၊ နိုင်ငံအလိုက် ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အစိုးရနယ်ပယ်အမျိုးမျိုးမှ ကိုယ်စားလှယ်များပါဝင်သည်။

ဒုတိယနေ့အခမ်းအနားတွင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဝိညာဉ်ရေးရာခေါင်းဆောင်မှ အဖွဲ့ကြီး၏ ကဏ္ဍအသီးသီးတွင် တိုးတက်ဖြစ်ထွန်းလာမှုအခြေအနေများကို အသေးစိတ်မိန့်ကြားတော်မူခဲ့ပြီး အဟ်မဒီယသ်သို့မဟုတ် ငြိမ်းချမ်းသည့်အစ္စလာမ်သာသနာတော်သို့ တစ်နှစ်အတွင်း လူပုဂ္ဂိုလ်ပေါင်း ၅၁၄၃၅၂ ဦး ကူးပြောင်းဝင်ရောက်ခဲ့ကြောင်း တင်ပြခဲ့သည်။

၁၉၈၄ တွင် ပါကစ္စတန်နိုင်ငံ၌ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ဌာနချုပ်၏ လှုပ်ရှားဆောင်ရွက်မှုများကို ဥပဒေဖြင့် ကန့်သတ်ချုပ်ခြယ်ခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၂၈ နှစ်အတွင်း အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ မှာ နိုင်ငံပေါင်း ၁၁၁ နိုင်ငံများသို့ ကျယ်ပြန့်ရောက်ရှိသွားခဲ့ကြောင်းလည်း သိရသည်။

တစ်နှစ်အတွင်း အဟ်မဒီယာမွတ်စလင်မ်များမှ ဗလီအလုံးပေါင်း ၃၃၈ လုံးကို တည်ဆောက်နိုင်ခဲ့ပြီး ထိုအထဲမှ ၁၁၉ လုံးမှာ နယ်ပယ်ဒေသအသစ်များ၌ တည်ဆောက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ကျန်ရှိသည့် နေရာ ၂၁၉ နေရာတွင်လည်း အဖွဲ့အတွင်းသို့ ကူးပြောင်းဝင်ရောက်လာသူ များပြားလာ သဖြင့် ဗလီများကို တိုးချဲ့တည်ဆောက်ခဲ့ရခြင်းလည်းဖြစ်သည်။ 

ယခုတစ်နှစ်အတွင်း စာအုပ်စာတမ်းပေါင်း ၂ မီလီယံကျော် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီး ထိုစာအုပ်စာတမ်း များမှာ ဘာသာစကားပေါင်း ၄၅ မျိုးဖြင့် ထုတ်ဝေဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း သခင်ကြီးမှ ဖော်ပြခဲ့သည်။

သခင်ကြီးမှ လွန်ခဲ့သည့် ၁၂ လအတွင်း နိုင်ငံပေါင်း ၁၁၈ နိုင်ငံ၌ အဟ်မဒီယာသာသနာပြုမစ်ရှင် စင်တာ အသစ် ၁၁၇ ခု တိုးချဲ့နိုင်ခဲ့သဖြင့် ယခုအခါ အဟ်မဒီယာသာသနာပြုမစ်ရှင်စင်တာပေါင်းမှာ ၁၄၄၃ ထိ ရှိသွားပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့မှ ကျမ်းမြတ်ကုရ်အာန်ကို ဘာသာစကားပေါင်း ၇၀ ဖြင့် ပြန်ဆိုထုတ်ဝေ ခဲ့ပြီးဖြစ်သည်။ ထို့ပြင် အခြားဘာသာစကား ၁၅မျိုးဖြင့်လည်း ဘာသာပြန်ဆိုလျက်ရှိရာ ပြီးစီးသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

အဆက်အသွယ်ပြတ်တောက်လျက်ရှိသည့် အဖွဲ့ဝင် အသစ်ပေါင်း ၉ သိန်းကိုလည်း ပြန်လည်ဆက်သွယ် နိုင်ခဲ့ကြောင်း သိရသည်။

သခင်ကြီးမှ ကူးပြောင်းဝင်ရောက်လာသူများ၏ ကိုယ်တွေ့ဖြစ်ရပ်များကို တင်ပြရင်း အများစုကြီးမှာ အဟ်မဒီမဟုတ်သူ မွတ်စလင်မ်တရားဟောဆရာများ၏ စိတ်နေသဘောထားများကို စိတ်ပျက်ခြင်းကြောင့် အမှန်တရားကို ရှာဖွေရာမှ အဟ်မဒီယာသ်တည်းဟူသည့်အစ္စလာမ်အစစ် အမှန်ထဲသို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုတရားဟောဆရာများမှာ မွတ်စလင်မ်များ အခက်အခဲ တွေ့ကြုံနေရသည့် နေရာများတွင် ကူညီစောင်မခြင်းမျိုး မရှိကြခြင်းသည်လည်း အကြောင်းတစ်ရပ်ဖြစ် ကြောင်း တင်ပြတော်မူခဲ့သည်။

မြောက်အမေရိကတိုက်တွင် မီလီယံနှင့်ချီသော မိသားစုများမှာ အဟ်မဒီယာမွတ်စလင်မ်များ၏ ငြိမ်းချမ်းရေးလက်ကမ်းစာစောင်များကို လက်ခံရရှိခဲ့ကြသည်။ ၎င်းတို့သည် ထိုလက်ကမ်းစာစောင်များ ကို အဟ်မဒီများ၏ အိမ်တိုင်ရာ ရောက် တံခါးခေါက်ပေးဝေသည့်နည်းစနစ်အားဖြင့်လည်းကောင်း၊ လျှပ်စစ်ကြော်ငြာဆိုင်းဘုတ်များကြောင့်လည်း ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဥရောပနိုင်ငံများ၊ ဩစတေးလျနှင့် အာဖရိကတို့မှ လူအများသည်လည်း အစ္စလာမ်သာသနာသည် မိမိနေထိုင်ရာ နေရာဒေသ တိုင်းပြည်အပေါ် သစ္စာရှိဖို့ သွန်သင်သည့် ဘာသာဖြစ်ကြောင်း ကို သိရှိနားလည်ခွင့် ရခဲ့သည်။

ဂျာမနီတစ်နိုင်ငံထဲတွင် လက်ကမ်းစာစောင်ပေါင်း ၃ သန်းကို ဝေငှပေးနိုင်ခဲ့သည်။ 

ယူကေနှစ်ပတ်လည်ညီလာခံကို Muslim Television Ahmadiyya International မှ ထုတ်လွှင့်ပေးနေပြီး အင်တာနက် မှလည်း ဘာသာစကားအမျိုးမျိုးဖြင့် ကြည့်ရှုနိုင်သည်။

ဝက်ဘ်ဆိုဒ်လင့်ခ်မှာ - www.mta.tv ဖြစ်သည်။

သတင်း - ahmadiyyatimes.blogspot.sg/2012/09/uk-over-half-million-souls-worldwide.html 

ယူကေ - နိုင်ငံတကာ အစ္စလာမ်မစ်ကွန်ဖရင့်တွင် လူထောင်ပေါင်းများစွာတက်ရောက်



၄၆ ကြိမ်မြောက် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ယူကေနိုင်ငံလုံးဆိုင်ရာ နှစ်ပတ်လည်ညီလာခံကို စက်တင်ဘာ ၇ ရက်နေ့ (သောကြာ)နေ့မှ စတင်၍ စက်တင်ဘာ ၉ ရက် (တနင်္ဂနွေ)နေ့ထိ ကျင်းပလျက်ရှိသည်။

ဒါဇင်နှင့်ချီသော နိုင်ငံအများအပြားမှ ကိုယ်စားလှယ်များတက်ရောက်လျက်ရှိသော သုံးရက်ကြာကျင်း ပမည့် ထိုညီလာခံကြီးသည် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို အထူးရရှိလျက်ရှိသည်။ နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ် ၃ သောင်းကျော်ထိ တက်ရောက်လာကြောင်းလည်း သိရသည်။

ညီလာခံကြီး၏ ပထမနေ့တွင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ် (သခင့်အပေါ်သို့ ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) မှ သောကြာနေ့ ဝတ်ပြုဆုတောင်းမှု မိန့်ခွန်းကို မြွက်ကြားခဲ့ပြီး အခမ်းအနား၏ ပထမကဏ္ဍတွင်လည်း အဖွင့်မိန့်ခွန်း မြွက်ကြားခဲ့သည်။ ၎င်းပြင် ညီလာခံဖွင့်လှစ်ခြင်းအထိန်းအမှတ်အဖြစ် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ အလံနှင့် ယူကေနိုင်ငံအလံတို့ကို သခင်ကြီးမှ ခေါင်းဆောင်၍လွှင့်ထူခဲ့သည်။

သောကြာမိန့်ခွန်းတွင် သခင်ကြီးမှ ညီလာခံကျင်းပရခြင်း၏ အချို့သော ရည်ရွယ်ချက်များကို မိန့်ကြားခဲ့သည်။ သခင်ြကီးမှ ဤညီလာခံကြီးမှာ ဝိညာဉ်ရေးရာညီလာခံကြီးသာဖြစ်သဖြင့် တက်ရောက်လာကြသူများအား ကိုယ်ချင်းစာတရားတိုးတက်မြင့်မားရန်နှင့် ကောင်းမှုကုသိုလ်စိတ်ဓာတ်များ တိုးတက်မြင့်မားလာဖို့ ရည်ရွယ်ကြောင်း မိန့်ကြားခဲ့သည်။

သခင်ြကီးမှ ယနေ့မွတ်စလင်မ်ကမ္ဘာတွင် တွေ့ကြုံနေရသည့် အချို့သော ပြဿနာများကိုလည်း တင်ပြခဲ့သည်။ ယင်းသို့သော ပြဿနာများတွေ့ကြုံနေရခြင်းမှာ ၎င်းတိုင်းပြည်များအနေဖြင့် ကျမ်းမြတ်ကုရ်အာန်၏ စစ်မှန်၍ ငြိမ်းချမ်းသော သွန်သင်ချက်များကို လျစ်လျူပြုထား၍ ဖြစ်ကြောင်း မိန့်ကြားရှင်းပြခဲ့သည်။

သခင်ကြီးမှ ယနေ့ခေတ်ကာလရှိ မွတ်စလင်မ်ခေါင်းဆောင်များမှာ မိမိတို့၏ အုပ်ချုပ်ရေးပါဝါနှင့် နေရာတည်မြဲရေး စိုးရိမ် စိတ်ဖြင့်သာ ဝါးမြိုခံထားရပြီး ထိုအုပ်ချုပ်ရေးပါဝါကို ၎င်းတို့၏ ပြည်သူများကိုပင်အစုလိုက်အပြုံလိုက်သတ်ဖြတ်နေခြင်းဖြင့် လက်လွတ်ဆုံးရှုံးခြင်းမရှိရလေအောင် ထိန်းသိမ်းနေကြကြောင်း၊ ထိုသို့သော ကြံဆည်လုပ်ဆောင်မှုများမှာ ကျရှုံးရမည်သာလျှင်ဖြစ်ကြောင်း၊ ထိုသို့သော ခေါင်းဆောင်များမှာ ၎င်းတို့၏အာဏာကို အဆုံးစွန်ဆုံးရှုံးရမည်သာမက သူတို့၏လုပ်ရပ် အတွက်လည်း အပြစ်ဒဏ်ခတ်ခံရမည်လိမ့်မည်ကြောင်း မိန့်ကြားခဲ့သည်။

ထို့ပြင် သခင်ကြီးက မကြာသေးမီကာလများအတွင် လူထုအခြေခံ တော်လှန်ပြောင်းလဲရေးများဖြစ်ပေါ် ပြီး ထွက်ပေါ်လာသည့် အစိုးရများသည်လည်း အတိတ်ကာလက ပေါင်းစုထားသော ရက်စက်ကြမ်းကြုတ်မှုများကိုသာ ဆက်လက်ကျင့်သုံးနေကြပေရာ ယင်းသည် တိုင်းပြည်နိုင်ငံများ၏ အင်အားကို ဆုတ်ယုတ်ကျဆင်းစေခြင်းသာမည်ကြောင်း မိန့်ကြားခဲ့သည်။

သခင်ကြီး မိန့်ကြားသည်မှာ - "အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာ မွတ်စလင်မ်ကမ္ဘာကို အသိဉာဏ် အမြော်အမြင် ချီးမြှင့်ပေးသနားနိုင်ပါတယ်။ ကျွန်တော်တို့အားလုံး ဒီအတွက် ဆုတောင်းပတ္ထနာပြုကြ ရမယ်။"

ညနေပိုင်းအချိန်တွင်ကျင်းပသော နှစ်ပတ်လည်ညီလာခံအစီအစဉ်ကဏ္ဍတွင် သခင်ကြီး၊ ဟာဇရသ်မီရ်ဇာ မဆ်ရူးရ်အဟ်မဒ်က အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီးအား လက်မွန်မဆွ အုတ်မြစ်ချ တည်ထောင်တော်မူခဲ့သည့် ခေတ်အခါ၏ အလင်းပြပုဂ္ဂိုလ်၊ မဆီဟ်နှင့် မဟ်ဒီဘွဲ့ခံအရှင်သူမြတ် မီရ်ဇာဂူလာမ်အဟ်မဒ်သခင်၏ အပေါင်းအဖော် သာ၀ကကြီးများအကြောင်း မိန့်ကြားတင်ပြခဲ့ပြီး ထိုသာ၀ကကြီးများသည် ကောင်းကင်ယံ၏ တန်ခိုးအားဖြင့် အစ္စလာမ့်တရားတော် အစစ်အမှန်၊ အဟ်မဒီယာသ်သို့ မည်သို့မည်ပုံ လမ်းညွှန်ခြင်းခံခဲ့ရခြင်းများအကြောင်းကိုလည်း တင်ပြတော်မူခဲ့သည်။

ထိုပြင့် သခင်ကြီးက ယနေ့အဟ်မဒီများသည်လည်း အတိတ်ခေတ်က အဟ်မဒီများကဲ့သို့ ဝိညာဉ်ရေးရာ မြင့်မားသည့်အဆင့်အတန်းများရရှိနိုင်ကြပြီး ဖြောင့်မတ်မှန်ကန်သူများဖြစ်ကြစေဖို့ ဆုတောင်းပတ္ထနာပြုကြောင်းကိုလည်း မိန့်ကြားတော်မူခဲ့သည်။

ထို့နောက် ပထမနေ့အခမ်းအနားကို ငြိမ်သက်စွာဆုတောင်းခြင်းဖြင့် ရုတ်သိမ်းခဲ့သည်။

ယခုနှစ် နှစ်ပတ်လည်အခမ်းအနားတွင် အမျိုးမျိုးသော ပြခန်းများကိုလည်း  ပြသထားသလို ဓာတ်ပုံပြခန်းများမှလည်း အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ သမိုင်းကြောင်းကို ပုံများဖြင့် ဖော်ပြပေးထားသည်။ အချို့သော ပြခန်းများတွင်မူ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ဝင်များအနေဖြင့် တိုင်းပြည်နိုင်ငံအချို့တွင် ဖိနှိပ်ညှင်းပမ်းမှု ခံစားနေရပုံများသို့ ၎င်းတို့၏ သည်းခံခြင်းတရားလက်ကိုင် ထားကြပုံများ၊ ငြိမ်းချမ်းရေးဖြင့်သာ တုန့်ပြန်ကြပုံများအကြောင်းကိုလည်း တင်ပြထားသည်။

နှစ်ပတ်လည်ညီလာခံကို မွတ်စလင်မ် တယ်လီဗွီးရှင်း အဟ်မဒီယာ (sky 787) မှ တိုက်ရိုက်ထုတ်လွှင့် ပေးလျက်ရှိသည်။ ထို့ပြင် www.mta.tv ဝက်ဘ်ဆိုဒ်တွင်လည်း ကြည့်ရှုနိုင်သည်။


Saturday, September 1, 2012

Muslims for Life 2012 : စက်တင်ဘာ ၁၁ ရက်နေ့ အောက်မေ့ဖွယ်အထိမ်းအမှတ် သွေးလှူဒါန်းပွဲ



ဧကန်စင်စစ် မည်သူမဆို အကြင်သူတစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏ အစားလည်း မဟုတ်ဘဲ၊ တိုင်းပြည်၌ ဆူပူသောင်းကျန်း (မှုကို ပြုလုပ်)ခြင်းကြောင့်လည်းမဟုတ်ဘဲ (မတရား သက်သက်) သတ်ဖြတ်ခဲ့ပါလျှင်၊ ထိုသူသည်လူခပ်သိမ်းတို့ကို သတ်ဖြတ်ဘိသကဲ့သို့ပင်ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို လူတဦးတယောက် ကို (အသက်ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းအား ဖြင့်) အသက်ရှင်စေခဲ့ပါမူ၊ ထိုသူသည်လူအပေါင်းတို့အား အသက်ရှင်စေဘိသကဲ့သို့ပင်ဖြစ်၏။ (အလ်ကုရ်အာန် ၅:၃၃)


မွတ်စလင်မ်များ၏ သွေးဖြင့် အသက်ကယ်မည်။

စက်တင်ဘာ ၁၁ ရက်နေ့ အောက်မေ့ဖွယ်အထိမ်းအမှတ် သွေးလှူဒါန်းပွဲကို ယမန်နှစ်ကအတိုင်း အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အစည်းကို ကြီးမှူး၍ အမေရိကန်နိုင်ငံတဝှမ်း စဉ်နွှဲသွားမည်ဖြစ်သည်။

ယမန်နှစ်က အမေရိကန်နိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့မှ သွေးအိတ်ပေါင်း ၁ သောင်းရရှိစေရန် ရည်ရွယ်၍ ၉/၁၁ အောက်မေ့ဖွယ် သွေးလှူဒါန်းမှုကို ဦးစီးကောက်ခံခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ အထူးအောင်မြင်မှုလည်း ရရှိခဲ့သည်။ အချက်အလက်များအရ ယမန်နှစ်က သွေးအိတ်ပေါင်း ၁ သောင်းထက် ကျော်လွန်ကာ ကောက်ခံရရှိခဲ့ကြောင်းသိရသည်။

ဂျော်ဂျီယာပြည်နယ်တစ်ခုတည်းတွင် သွေးအိတ်​ပေါင်း ၁၂၂၅ အိတ် ရရှိခဲ့သည်။ ဂျော်ဂျီယာပြည်နယ် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့က LifeSouth အဖွဲ့ ၊ ကြက်ခြေနီအဖွဲ့များ နှင့်ပူးပေါင်းကာ အခမဲ့လုပ်အား ပေးခြင်းဖြင့် သွေးလှူဒါန်းဌာနများကို ဖွင့်လှစ်ကောက်ခံခဲ့သည်။ ပူးပေါင်းပါဝင်ကူညီသူများနှင့် သွေးလှူဒါန်းခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်း ဂျော်ဂျီယာပြည်နယ် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့က ဖော်ပြထားသည်။

ဒုတိယအကြိမ်မြောက် Muslims for Life ဟုအမည်ပေးထားသည့် ၂၀၁၂ခုနှစ်၊ စက်တင်ဘာ ၁၁ အောက်မေ့ဖွယ် သွေးလှူဒါန်းမှုကို ဩဂုတ်လ ၁၁ ရက်မှစတင်ကာ သွေးလှူးဒါန်းဌာနများဖွင့်လှစ် ကောက်ခံလျက်ရှိသည်။ ထိုကောက်ခံမှုကို ၂၀၁၂ စက်တင်ဘာ ၁၁ အထိ ဆင်နွှဲသွားမည်ဖြစ်သည်။ ဂျော်ဂျီယာပြည်နယ်ရှိ ပထမဆုံးသော သွေးကောက်ခံဌာနကို ဩဂုတ်လ ၁၉ ရက်၊ ၂၀၁၂ တွင်ကျရောက်သော မွတ်စလင်မ်များ၏ ဝါကျွတ်အီးဒ်ပွဲတော်နေ့တွင် Lucky Shoals ပန်းခြံ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဂျော်ဂျီယာပြည်နယ်အတွင်းတွင် အခြားနေရာများ၌လည်း သွေးလှူဒါန်းဌာနများကို ဖွင့်လှစ်သွားမည်ဖြစ်သည်။ ဂျော်ဂျီယာပြည်နယ်အတွင်းရှိ သွေးလှူဒါန်းနိုင်သည့် ဌာနများမှာ အောက်ပါအတိုင်းဖြစ်သည်။


August 19th Lucky Shoals Park, 4651 Britt Road, Norcross, GA 30093 10a.m. to 3p.m.


  • August 22nd University of Georgia, Creswell Community, 415 Baxter St. Athens, GA, 30609 1p.m. to 7p.m.
  • August 22nd University of Georgia, Ramsey Center, 330 River Rd, Athens, GA, 30602 2p.m. to 6p.m.
  • August 24th Tanger Outlets, 800 Steven B Tanger Blvd, Suite 201, Commerce, GA 30529 2p.m. to 6p.m.
  • September 1-3rd Mall of Georgia, 3333 Buford Dr., Buford, GA, 30159 12p.m. to 5p.m.
  • September 1-3rd Town Center Mall, 400 Ernest W Barrett Pkwy NW, Kennesaw, GA 30144 12p.m. to 5p.m.
  • September 8, 9th Discover Mills Mall, 5900 Sugarloaf Pkwy, Lawrenceville, GA, 30043 1p.m. to 6p.m.
RED CROSS BLOOD DONATION CENTERS

August 11th to September 11th (Use M4LIFE Code) ALL of Georgia

Call 1-800-RED CROSS or visit http://www.redcrossblood.org/donation-centers/southern

အမေရိကန်နိုင်ငံတဝှမ်းရှိ Muslims for Life မှကြီးမှူးကောက်ခံနေသော သွေးလှူဒါန်းနိုင်သည့် ဌာနများထဲမှ မီယာမီနှင့် ဖလော်ရီဒါပြည်နယ်များအတွင်းရှိ ဌာနများစာရင်းကို http://www.amcmiami.info/home/muslims-for-life တွင် လေ့လာနိုင်ပါသည်။


ပဉ္စမမြောက်ခလီဖတုလ်မဆီဟ် ၊ ဟာဇရသ်မီရ်ဇာ မဆ်ရူးရ်အဟ်မဒ်၏ ဝါရှင်တန်ဒီစီ၊ ကပ္ပီတဲလ်တောင်ကုန်းတွင် တင်ပြခဲ့သော မိန့်ခွန်း



ငြိမ်းချမ်းရေးလမ်း - ကမ္ဘာ့နိုင်ငံများအကြား ဆက်ဆံရေး


ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီး၏ ဦးစီးခေါင်းဆောင် ပဉ္စမမြောက်ခလီဖတုလ်မဆီဟ် ၊ ဟာဇရသ်မီရ်ဇာ မဆ်ရူးရ်အဟ်မဒ်၏ ဝါရှင်တန်ဒီစီ၊ ကပ္ပီတဲလ်တောင်ကုန်းတွင် တင်ပြခဲ့သော မိန့်ခွန်း

ဇွန်လ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်

အတ်စလာမို့အလိုက်ကွမ်း ၀ရာဟ်မသွလ္လာဟ် ၀ဘရကာတိုဟု

ဂုဏ်သရေရှိ လူကြီးမင်းများအားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ငြိမ်းချမ်းခြင်းနှင့် ကောင်းချီး မင်္ဂလာအဖြာဖြာ ကျရောက်ပါစေ။

ဒီလို ထူးကဲလှတဲ့အခွင့်အခါမှာ ကျွန်တော်အနေနဲ့ တစုံတရာမပြောကြားမီ အချိန်ပေးပြီး လာရောက်နား သောတဆင်ကြတဲ့ ပရိသတ်ကို ကျေးဇူးတင်ရှိပါကြောင်း ကနဦး ပြောကြားလိုပါတယ်။
  
ကျွန်တော့်ကို အလွန်တရာကြီးမားကျယ်ပြန့်လှတဲ့ အကြောင်းအရာနဲ့ပတ်သတ်ပြီး တင်ပြပေးဖို့ မေတ္တာရပ် ခံထားကြပါတယ်။
အဲဒီအကြောင်းအရာမှာ ရှုထောင့်များစွာရှိနေတာကြောင့် အဲဒီရှုထောင့်တွေအားလုံးကို ရရှိထားတဲ့ အချိန်တို အတွင်းမှာ တင်ပြဖို့ မဖြစ်နိုင်ပါဘူး။

ကျွန်တော့်ကို တင်ပြပေးဖို့ မေတ္တာရပ်ခံထားတဲ့ အကြောင်းအရာကတော့ ကမ္ဘာ့ငြိမ်းချမ်းရေး အခြေပြု စတင် နိုင်ဖို့ဆိုတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။

ဒီအကြောင်းအရာကတော့ ယနေ့ကမ္ဘာပေါ်မှာ အဓိကအကျဆုံးနဲ့ အာရုံစူးစိုက်မှုအခံရဆုံး ပြဿနာရပ် လည်း ဖြစ်နေပါတယ်။
အချိန်က အကန့်အသတ်ရှိနေပေမယ့်လည်း ကျွန်တော့်အနေနဲ့ နိုင်ငံအချင်းချင်း တရားမျှတစွာ၊ သာတူညီမျှစွာ ဆက်ဆံကြခြင်းအားဖြင့် ငြိမ်းချမ်းရေးကို စတင်အခြေပြုနိုင်မယ့်အကြောင်း အစ္စလာမ့် ရှုထောင့်ကနေ အတိုချုန်း တင်ပြသွားပါ့မယ်။

ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုတို့က ခွဲခြားမရစကောင်းပါဘူး။ ငြိမ်းချမ်းရေးရှိပြီး တရားမျှတမှုပျောက် နေတာမျိုးလည်း မဖြစ်နိုင်သလို တရားမျှတမှုရှိရင်းနဲ့မှ ငြိမ်းချမ်းရေးပျောက်ဆုံးနေတာမျိုးလည်း မရှိနိုင်ပါဘူး။

အမြော်အမြင်တရားနဲ့ ပြည့်စုံတဲ့ ထက်မြက်သူတွေအားလုံးက ဒီနည်းနာကို သဘောပေါက် နားလည်ကြပါတယ်။

ကမ္ဘာပေါ်မှာ မငြိမ်မသက်မှုတွေ ဖန်တီးကြဖို့ စိတ်ဇောထက်သန်နေသူတွေကို တစ်ဘက်မှာ ထားကြည့် လိုက်ပါမယ်။ နိုင်ငံတစ်နိုင်ငံချင်းစီမှာပဲဖြစ်ဖြစ်၊ ကမ္ဘာကြီးတစ်ခုလုံးမှာပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းမှာ မဆို မငြိမ်မသက်ဖြစ်ပြီး ငြိမ်းချမ်းရေးပျောက်ဆုံးနေပေမယ့် တရားမျှတမှုနဲ့ သာတူညီမျှဆက်ဆံမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်လို့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ တင်ပြပြောဆိုနိုင်မယ် မဟုတ်ပါ။

ဘယ်လိုပဲရှိနေပါစေ၊ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့နေရာတော်တော်များများမှာ မငြိမ်မသက်မှုတွေ၊ ငြိမ်းချမ်း ရေးကင်းမဲ့မှုတွေဟာ အများအပြားဖြစ်ပေါ်နေတယ်ဆိုတာကို တွေ့ရှိနေရပါတယ်။

ဒီလိုမျိုး မငြိမ်မသက်မှုတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံနဲ့ အခြားတစ်နိုင်ငံ ဆက်ဆံကြတဲ့ နိုင်ငံခြားရေးမူဝါဒတွေမှာပဲဖြစ်ဖြစ် တွေ့မြင်နေရပါတယ်။

နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင် အစိုးရတွေအားလုံးကတော့ တရားမျှတမှုအပေါ်မှာ အခြေခံပြီး နိုင်ငံတော်ရဲ့မူဝါဒတွေကို ပြုလုပ်ဆောင်ရွက်နေတာပါလို့ ဆိုနေကြပေမယ့် ဒီလိုမျိုး မငြိမ်မသက်မှုတွေ ခါးသီးမှုတွေက ရှိနေဆဲဖြစ်ပါတယ်။ ဒီလိုပါပဲ၊ ငြိမ်းချမ်းရေးအခြေပြုစတင်နိုင်ဖို့က မိမိတို့ရဲ့ အဓိက ရည်ရွယ်ချက်ပါလို့လည်း အားလုံးကဆိုနေကြပါတယ်။ 

ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ကမ္ဘာပေါ်မှာ ကြောင့်ကြမှုတွေ၊ စိုးရိမ်သောကတွေ တိုးတက်ဖြစ် ထွန်းလာတာနဲ့အမျှ မငြိမ်မသက်မှုလည်း ပျံ့နှံ့နေရတယ်ဆိုတာကိုတော့ သံသယသေးသေးကလေး ဖြစ်ဖြစ် ရှိနေကြရပါတယ်။ ဒါကြောင့် ဒီဖြစ်ရိုးဖြစ်စဉ်တစ်လျောက်ရဲ့ နေရာတစ်ခုမှာတော့ တရားမျှတမှုအခြေခံ လိုအပ်ချက်ကို ဖြည့်ဆီးဆောင်ရွက်ခြင်း ကင်းမဲ့နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းကြီး သက်သေပြု ဖော်ပြနေပါတယ်။

ဒါကြောင့် မတရားမှုတွေကို ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မျိုးမှာပဲဖြစ်ဖြစ် အဆုံးသတ်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။
ဒါကြောင့် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်တစ်ဦးအနေနဲ့ တရားမျှတမှု အပေါ်မှာ အခြေခံတဲ့ ငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင်ဆောင်ရွက်ဖို့ လိုအပ်တဲ့ အကြောင်းနဲ့ နည်းလမ်း တွေကို အနည်းငယ်စိစစ်တင်ပြသွားလိုပါတယ်။ 

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကတော့ သာသနာရေးဆိုင်ရာ သီးသန့်အဖွဲ့ပဲဖြစ်ပါတယ်။

အစ္စလာမ့်သွန်သင်ချက်အစစ်အမှန်အရ ကမ္ဘာလောကကြီးကို အလင်းရောင်ပေးမယ့် ယနေ့ခေတ် အခါသမယအတွက် ကြွရောက်လာဖို့ ရှိနေတဲ့ မဆိဟ်နဲ့ ပြုပြင်ပြောင်းလဲရေး ပုဂ္ဂိုလ်ဟာ ကြွရောက်လာပြီး ဖြစ်တယ်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ခိုင်ကျည်တဲ့ သက်ဝင်ယုံကြည်ချက်ပဲ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ရဲ့ အသင်းအဖွဲ့ကြီးကို စတင်အခြေပြုတည်ထောင်သူ ကာဒီယံမြို့သား ဟာဇရသ်မီရ်ဇာ ဂူလာမ် အဟ်မဒ်ကတော့ ကတိတော်အရပွင့်ပေါ်လာတဲ့ မဆီဟ်နဲ့ ပြုပြင်ပြောင်းလဲရေး ပုဂ္ဂိုလ်မွန် ပဲ ဖြစ်တာကြောင့် ကျွန်တော်တို့က သခင်ကြီးကို လက်ခံနောက်လိုက်ကြပါတယ်။

သခင့်ရဲ့ သွန်သင်ချက်တွေအပေါ်မှာ ကျွန်တော်တို့အားလုံးက ပြုမူနေထိုင်ကျင့်ကြံကြသလို အဲဒီ သွန်သင်ချက် ကြောင့်ပဲ ကျမ်းတော်မြတ် ကုရ်အာန်အပေါ်မှာ အခြေတည်တဲ့ အစ္စလာမ်သာသနာ တော်ရဲ့ စစ်မှန်တိကျတဲ့ လမ်းညွှန်ချက်တွေကို ဖြန့်ချိပါတယ်။

ဒါကြောင့် ကျွန်တော်တင်ပြမယ့် ငြိမ်းချမ်းရေး အခြေတည်အစပြုနိုင်မယ့်အကြောင်းတွေနဲ့၊ တရားမျှတမှုရှိတဲ့ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ အကြောင်းအရာတွေအားလုံးကတော့ ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင်ချက် တွေအပေါ်မှာသာ အခြေခံလိမ့်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ခင်ဗျားတို့အားလုံးဟာ ခင်ဗျားတို့ရဲ့ အမြင်တွေကို မကြာခဏဖော်ပြကြ သလို ကြီးမားတဲ့ အင်အားစိုက်ထုတ်မှုတွေလည်း ပြုလုပ်ကြပါတယ်။

ခင်ဗျားတို့ရဲ့ ဖန်တီးမှုအားကောင်းပြီး အမြော်အမြင်နဲ့ပြည့်စုံတဲ့ စိတ်ကူးစိတ်သန်းတွေက အထူးကောင်းမွန်တဲ့ အကြံပေးမှုတွေ၊ အစီအစဉ်တွေသာမက ငြိမ်းချမ်းရေးအမြင်တွေကိုပါ မွေးထုတ်ပေးစမြဲပါ။

ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး လောကီရေး ဒါမှမဟုတ် နိုင်ငံရေး ရှုထောင့်ကနေ တင်ပြပြောဆိုဖို့ မလိုအပ်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ အာရုံစူးစိုက်မှု အားလုံးကို သာသနာရေးရာရှုထောင့်ကနေ ငြိမ်းချမ်းအရေးအခြေပြုစတင်နိုင်ဖို့ ဆိုတဲ့အပေါ်မှာသာ အခြေခံသွားပါ့မယ်။

ဒါ့အပြင် သာသနာရေးရှုထောင့်ကနေ တင်ပြသွားမှာ ဖြစ်တဲ့အတွက် ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင် ချက်တွေအပေါ်မှာအခြေခံပြီး အရေးပါလှတဲ့ လမ်းညွှန်ချက်တွေကို ထုတ်နုတ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

လူသားတွေရဲ့ ဗဟုသုတနဲ့ ဉာဏ်စဉ်တွေဟာ လုံး၀ဥဿုံပြီးပြည့်စုံမှုမရှိဘူးဆိုတာ အမြဲမှတ်သားထားရမှာ ဖြစ်သလို အဲဒီလူသားဗဟုသုတနဲ့ ဉာဏ်စဉ်တွေမှာ အကန့်အသတ်တွေ ရှိနေပါတယ်။

ဒါကြောင့် ဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ အတွေးအခေါ်ပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ် အချို့သော အကြောင်းချင်းရာတွေဟာ လူသားတွေရဲ့ စိတ်ထဲကို မကြာခဏဝင်ရောက်လာ တာကြောင့် တစ်စုံတစ်ခုနဲ့ ပတ်သတ်ပြီး အဆုံးအဖြတ်ပြုလုပ်ကြတဲ့အခါ လူသားတွေရဲ့ (စိတ်ဝိညာဉ်ကို) တိမ်သလာဖုန်းလွှမ်း သွားစေနိုင်သလို၊ မိမိရဲ့ ပုဂ္ဂလအကျိုးအတွက် ရည်စူးဆောင်ရွက်တဲ့ လုပ်ဆောင်မှုတွေလည်း ဖြစ်ပေါ်သွားစေ နိုင်ပါတယ်။

အဆုံးမှာတော့ ဒီလိုဆောင်ရွက်မှုတွေကနေ တရားမျှတမှုကင်းတဲ့ ရလဒ်တွေ၊ အဆုံးအဖြတ်တွေသာ ထွက်ပေါ် လာနိုင်ပါတယ်။

ဒါပေမယ့် ဘုရားရှင်ရဲ့ ဥပဒေသကတော့ လုံး၀ဥဿုံ ပြီးပြည့်စုံသလို တသီးပုဂ္ဂလအကျိုးဖြစ်ထွန်း ရေး အတွက် သာ အခြေခံထားတာ မဟုတ်ဘဲ တရားမျှတမှုကင်းတဲ့ကိစ္စရပ်တွေအတွက် အထောက်အပံ့လည်း ရှိမနေပါဘူး။

ဘာကြောင့်လဲဆိုရင်တော့ ဘုရားရှင်ဟာ သူ့ရဲ့ဖန်ဆင်းမှုတွေကို ကောင်းမွန်မှုနဲ့ တိုးတက်ဖြစ်ထွန်း ခြင်းတွေ အပေါ်မှာသာ ဆန္ဒရှိတော်မူတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လဲ သူ့ရဲ့ ဥပဒေသက တရားမျှတမှု အပေါ်မှာသာ လုံး၀အခြေခံထားခြင်း ဖြစ်ပါတယ်။

ဒီလို အဓိကကျတဲ့ အရေးကြီးဆုံမှတ်ကိုသာ လူတွေနားလည်သဘောပေါက်သွားကြမယ်ဆိုရင်တော့ အဲဒီနေ့ မှာပဲ စစ်မှန်ပြီး ထာ၀ရတည်မြဲမယ့် ငြိမ်းချမ်းရေးအုတ်မြစ်ကို အခြေချသွားနိုင်မှာ ဖြစ်ပါတယ်။

ဒါမှမဟုတ်ရင်တော့ ကမ္ဘာ့ငြိမ်းချမ်းရေး အခြေပြုစတင်ဖို့ရာအတွက် အင်အားစိုက်မှုတွေ အဆုံးမရှိပြုလုပ် နေကြပေမယ့်လည်း၊ အဲဒီလိုကျိုးပမ်းနေကြသူတွေအနေနဲ့ ထိုက်တန်တဲ့ ရလဒ်တွေ ရရှိအောင် မစွမ်းဆောင် နိုင်ကြဘူးဆိုတာကို ကျွန်တော်တို့တတွေ ဆက်လက်တွေ့ရှိနေကြရပါလိမ့်မယ်။ 


ပထမကမ္ဘာစစ်အပြီးမှာတော့ အချို့သောတိုင်းပြည်ခေါင်းဆောင်ကြီးတွေဟာ အနာဂတ်မှာ ကမ္ဘာ့နိုင်ငံများ အားလုံးအကြား ကောင်းမွန်ပြီး ငြိမ်းချမ်းတဲ့ အဆက်အဆံကိုသာ ဆန္ဒရှိခဲ့ကြပါတယ်။ 

ဒါကြောင့်လည်း ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိဖို့ "နိုင်ငံပေါင်းချုပ်အသင်းကြီး" ကို ဖွဲ့စည်း တည်ထောင်ခဲ့ကြပါတယ်။

အသင်းကြီးရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းပြီး အနာဂတ်မှာ ဖြစ်လာမယ့် စစ်ပွဲတွေ ကို ကာကွယ်သွားဖို့ ဖြစ်ပါတယ်။

ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ အသင်းကြီးရဲ့ အခြေခံဥပဒေတွေနဲ့ ပြဿနာရပ်တွေအပေါ် အဖြေထုတ် ပေးမှုတွေမှာ မှားယွင်းမှုတွေ၊ အားနည်းချက်တွေ ပါဝင်နေတာကြောင့် အသင်းကြီးက လူတွေအားလုံးရဲ့ အခွင့်အရေးတွေ၊ နိုင်ငံအားလုံးရဲ့ အခွင့်အရေးတွေကို တန်းတူညီမျှ အကာအကွယ် မပေးနိုင်ခဲ့ပါဘူး။

ဒါကြောင့်လည်း နိုင်ငံတစ်နိုင်ငံပြီးတစ်နိုင်ငံ အသင်းကြီးကနေ နုတ်ထွက်သွားခဲ့ကြပါတယ်။

တရားမျှတမှုမရှိခဲ့ခြင်းကြောင့်ပဲ တာရှည်ခံတဲ့ ငြိမ်းချမ်းရေးကို ထုတ်ဖော်ဆောင်ရွက်ခြင်း မရှိနိုင်ခဲ့ ပါဘူး။

နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ အင်အားစိုက်ထုတ်ကျိုးပမ်းမှုတွေ ကျဆုံးခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကို တိုက်ရိုက်ဦး တည်သွားခဲ့ပါတော့တယ်။

ဥပမာပေးဖို့တောင်မဖြစ်နိုင်တဲ့ အပျက်အစီးတွေ၊ ဆုံးရှုံးမှုတွေဟာ အပြစ်မဲ့ပြည်သူလူထုအများစုကြီး ထံ တိုက်ရိုက်သက်ရောက်စေခဲ့တယ်၊ ကမ္ဘာအနှံအပြားက ၇၅ မီလီယံရှိတဲ့ လူထုကြီး သေပွဲဝင်ခဲ့ရတယ်ဆိုတာ ကျွန်တော်တို့အားလုံး ကောင်းကောင်း သိရှိထားကြပါတယ်။

ဒီလို ကမ္ဘာစစ်ကြီးမျိုးမှာ လောကကြီးရဲ့ စက္ခုအာရုံကို ဖွင့်လှစ်ပေးနိုင်ဖို့ရာ လုံလောက်တာ ထက်တောင် ပိုမိုတဲ့ အစွမ်းရှိသင့်နေပါတယ်။ 

အဲဒီအစွမ်းကနေ လူ့အဖွဲ့အစည်းအားလုံးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့၊ အမြော်အမြင်နဲ့ပြည့်စုံတဲ့ ပေါ်လစီတွေ ဖြစ်ထွန်းလာစေနိုင်ရမယ်၊ ကမ္ဘာ့ ငြိမ်းချမ်းရေးကို အခြေပြုစတင်နိုင်ဖို့ ရာအတွက် အဲဒီပေါ်လစီတွေဟာလည်း တရားမျှတမှုအပေါ်မှာသာ အခြေခံထားရမယ်။

အဲဒီအချိန်မှာ ရှိခဲ့ကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကတော့ ငြိမ်းချမ်းရေးစတင်နိုင်ဖို့ အခြေအနေတစ်ရပ် အထိ အင်အားစိုက်ထုတ်ကျိုးပမ်းခဲ့ကြတာကြောင့် ကမ္ဘာ့ကုလသမ္မဂ္ဂဆိုပြီး ဖြစ်တည်လာခဲ့ပါတယ်။

ဒါပေမယ့် မကြာမြင့်မီ ကာလအတွင်းမှာပဲ ကမ္ဘာ့ကုလသမ္မဂ္ဂကို အထောက်အပံ့ပေးမယ့် ဘက်ပေါင်းစုံပြီး ပြည့်စုံတဲ့ ရည်ရွယ်ချက်တွေကို ဖြည့်ဆီးဆောင်ရွက်မှု မရှိနိုင်ခဲ့ဘူးဆိုတာကို ပေါ်ပေါ်လွင်လွင်ပဲ တွေ့ရှိလာ ရပါတယ်။

ယနေ့မှာတော့ အချို့သောအစိုးရအဖွဲ့တွေဟာ ကမ္ဘာ့ကုလသမ္မဂ္ဂရဲ့ အားနည်းချက်တွေကို သက်သေပြနိုင်တဲ့ ကြေငြာစာတမ်းတွေ ထုတ်ပြန်လာကြပါတော့တယ်။

ငြိမ်းချမ်းရေးအခြေပြုစတင်နိုင်မယ့် တရားမျှတမှုအပေါ်အခြေခံတဲ့ နိုင်ငံတကာဆက်ဆံရေးနည်းနာ နဲ့ပတ်သတ်ပြီး အစ္စလာမ်က ဘယ်လိုတင်ပြထားပါသလဲ ?

ကျမ်းမြတ်ကုရ်အာန် ကဏ္ဍတော် ၄၉၊ မုက္ခပါတ်နံပါတ်စဉ် ၁၄ မှာ အနန္တတန်ခိုးတော်ရှင် ဘုရားသခင်က နိုင်ငံအသီးအသီး၊ လူမျိုးစုအသွယ်သွယ်ကွဲပြားနေကြရတာဟာ တစ်ဦးနဲ့ တစ်ဦး ကွဲကွဲပြားပြားမှတ်မိသိရှိနေဖို့၊ (identity ရှိနေဖို့) အတွက်သာဖြစ်ပြီး အဲဒီလိုကွဲပြားနေမှုကြောင့် လူအုပ်စုတစ်ခုဟာ အခြားအုပ်စုထက် သာလွန်နေတာမျိုး၊ အင်အားကြီးထွားနေတာမျိုး စတဲ့ပုံစံတွေ လုံး၀မတည်ရှိကြောင်း ရှင်းရှင်းလင်းလင်း မိန့်ကြားလမ်းညွှန်တော်မူထားပါတယ်။ 

လူသားအားလုံးဟာ တန်းတူညီမျှ မွေးဖွားခံခဲ့ရကြောင်းကို ကျမ်းမြတ်ကုရ်အာန်က ရှင်းရှင်းလင်း ဖော်ပြပါ တယ်။ 

ဒါ့အပြင် တမန်တော်မြတ်မုဟမ္မဒ် (သခင့်အပေါ် ငြိမ်းချမ်းခြင်း သန္တိသုခအဖြာဖြာ သက်ရောက်ပါစေ) သခင်ရဲ့ နောက်ဆုံးသော ဟောပြောတင်ပြချက်မှာလည်း သခင်က အာရပ်တစ်ဦးဟာ အာရပ်မဟုတ်သူတစ်ဦးထက် သာလွန်ခြင်းမရှိသလို အာရပ်မဟုတ်သူတစ်ဦးကလည်း အာရပ်တစ်ဦး ထက်သာလွန်မနေဘူးဆိုတဲ့အကြောင်း အမြဲအမှတ်ရနေဖို့ရာ မွတ်စလင်မ်တွေကို လမ်းညွှန်မှာ ကြားတော်မူခဲ့ပါတယ်။

သခင်ကြီးက အသားဖြူတစ်ယောက်ဟာ အသားမဲတစ်ယောက်ထက် ဘယ်လိုမှ သာလွန်မြင့်မြတ်ခြင်း မရှိသလို အသားမဲတစ်ယောက်ကလည်း အသားဖြူတစ်ယောက်ထက် သာလွန်မြင့်မြတ်ခြင်းမရှိဘူးဆိုပြီးတော့လည်း သွန်သင်တော်မူခဲ့ပါတယ်။

ဒါ့ကြောင့် နိုင်ငံအသီးသီးက လူမျိုးစုအသွယ်သွယ်ဟာ တစ်စုနဲ့တစ်စု သာတူညီမျှသာဖြစ်တယ်ဆို တာကို ဒီသွန်သင်ချက်တွေက ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။

ဒါတွင်မကသေးဘဲ လူသားအားလုံးဟာ ခွဲခြားဆက်ဆံခံရမှု၊ တရားမမျှတတဲ့အဆုံးအဖြတ်စတာတွေ လုံး၀ဥဿုံ ကင်းစင်တဲ့ သာတူညီမျှအခွင့်အရေးကို ခံစားရရှိစေရမယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း လမ်းညွှန်ထား ပါတယ်။

ဒီလမ်းညွှန်ချက်တွေကတော့ ကွဲပြားတဲ့အုပ်စုတွေ၊ နိုင်ငံတွေအတွက် တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းတဲ့ စိတ်ဓာတ်အခြေခံအုတ်မြစ် အတွက် သော့ချက်တွေ၊ ရွှေရောင်လွှမ်းတဲ့ နည်းနာတွေပဲဖြစ်သလို ဒီနည်းနာတွေ ဟာ ငြိမ်းချမ်းရေးအခြေပြုစတင်နိုင်တဲ့ အခြေခံအုတ်မြစ်တွေလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ယနေ့ကာလများမှာတော့ အင်အားကြီးနဲ့ အင်အားနည်းနိုင်ငံများအကြား ကွဲပြားခြားနားချက်တွေ ၊ အတားအဆီးအကာအရံတွေ ရှိနေတာကို ကျွန်တော်တို့ တွေ့ရှိနေရပါတယ်။

ဥပမာ - ကမ္ဘာ့ကုလသမ္မဂ္ဂမှာ အချို့သောနိုင်ငံများအတွက် ကွဲပြားတဲ့ ဂုဏ်ထူးဝိသေသတွေ ရှိနေတာကို ကျွန်တော်တို့ တွေ့ရှိနေရပါတယ်။

ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေနဲ့ ယာယီအဖွဲ့ဝင်နိုင်ငံများဆိုပြီးတော့ ရှိပါတယ်။ 

ဒီလိုမျိုး ခွဲခြားထားမှုကတော့ စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်ပျက်အားလျော့မှုအကျဉ်းအကျပ်တွေ အတွက် အတွင်းပိုင်းဆိုင်ရာ အရင်းအမြစ်အင်အားတွေဖြစ်ကြောင်း သက်သေပြနေပါတယ်။ ဒါကြောင့်လည်း အချို့သောနိုင်ငံများက ဒီလိုမမျှမတဖြစ်နေမှုအပေါ် ဆန့်ကျင်တဲ့အကြောင်း ဖော်ပြချက်တွေကို ကျွန်တော်တို့ မကြာခဏကြားသိနေကြရပါတယ်။

အစ္စလာမ်သာသနာတော်ကတော့ အကြောင်းကိစ္စအားလုံးမှာ လုံး၀ဥဿုံတရားမျှတဖို့နဲ့ သာတူညီမျှဖြစ်ဖို့ကို သွန်သင်ထားပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ အခြားသော အရေးကြီးတဲ့သွန်သင်ချက်တစ်ခုကို ကျမ်းမြတ်ကုရ်အာန် ကဏ္ဍတော် ၅၊ မုက္ခပါတ်တော် နံပါတ်စဉ် ၃ မှာ တွေ့ရှိလေ့လာနိုင်ပါတယ်။

အဲဒီမုက္ခပါတ်တော်မှာ ဖော်ပြထားတာက တရားမျှတမှုလိုအပ်ချက်အရ မလိုမုန်းထား ရန်လိုမှုတွေမှာ အကန့်အသတ်မဲ့ကျူးလွန်နေကြသူတွေကိုတောင် သာတူညီမျှစွာ၊ တရားမျှတစွာ ဆက်ဆံကြရမယ့် အကြောင်း ဖော်ပြထားပါတယ်။

ဒါ့ပြင် ဘယ်သူတစ်ဦးတစ်ယောက်က မဆို၊ ဘယ်နေရာ၊ ဘယ်နေအထားမှာပဲဖြစ်ဖြစ် ကောင်းမှုကုသိုလ် ဘက်ကို ဆွဲဆောင်တင်ပြလာရင် လက်ခံသင့်တဲ့အကြောင်း သွန်သင်ထားသလို၊ ဘယ်သူတစ်ဦးတစ်ယောက်က မဆို၊ ဘယ်နေရာ၊ ဘယ်နေအထားမှာပဲဖြစ်ဖြစ် မတရားမှုနဲ့ အကုသိုလ်အမှုတွေကို ဆွဲဆောင်တင်ပြလာရင် တော့ ငြင်းဆန်ပယ်ချသင့်ကြောင်း သွန်သင်ထားပါတယ်။

အစ္စလာမ်က သွန်သင်ပြဌာန်းတဲ့ တရားမျှတမှုရဲ့ စံပုံစံက ဘယ်လိုရှိသလဲဆိုတာကတော့ သဘာ၀အတိုင်း မေးလာနိုင်တဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန် ကဏ္ဍတော် ၄ ၊ မုက္ခပါတ်နံပါတ်စဉ် ၁၃၆ မှာတော့ မည်သူတစ်ဦးတစ်ယောက်မဆို မိမိဆန္ဒနဲ့ဆန့်ကျင်၍ဖြစ်စေ၊ မိမိမိဘများနဲ့ ဆန့်ကျင့်၍ဖြစ်စေ၊ မိမိရဲ့ အချစ်ခင်အနှစ်သက်ဆုံးသော သူများနဲ့ ဆန့်ကျင်၍ဖြစ်စေ အမှန်တရားအတွက် သက်သေခံရမယ်ဆိုရင် သက်သေခံများအဖြစ် ရပ်တည်ရမယ့် အကြောင်း၊ အဲဒီလိုသက်သေခံခြင်းဖြင့် တရားမျှတမှုနဲ့ အမှန်တရားတို့ကို လက်ဆုပ်လက်ကိုင်ပြုခြင်း မည် ကြောင်း ဖော်ပြလမ်းညွှန်ထားပါတယ်။

အင်အားကြီးပြီး ချမ်းသာတဲ့နိုင်ငံတွေဟာ အင်အားနည်းပြီး ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အခွင့်အရေးရပိုင်ခွင့်တွေကို မိမိတို့ကိုယ်ပိုင် အခွင့်အရေးတွေ တာရှည်ခံဖို့ ရည်ရွယ်ပြီး တားဆီးပိတ်ပင်ဖို့ မသင့်သလို မိမိတို့ထက် ပိုပြီးဆင်းရဲတဲ့ နိုင်ငံတွေအပေါ်မှာ တရားမျှတမှုကင်းစွာ အဆက်အဆံပြုလုပ်ကြဖို့လည်း မသင့်လျော်ပါဘူး။

ဒီလိုပါပဲ၊ အင်အားနည်းပြီး ဆင်းရဲတဲ့နိုင်ငံတွေကလည်း အင်အားကြီးပြီး ချမ်းသာတဲ့နိုင်ငံများကို ထိခိုက်စေမယ့် အချင်းကိစ္စရပ်တွေကို အခွင့်အရေးရတိုင်း ရှာဖွေဆောင်ရွက်နေကြဖို့လည်း မသင့်လျော်ပါဘူး။

ဒီလိုပြုလုပ်နေကြမယ့်အစား အင်အားကြီးရော အင်အားနည်းနိုင်ငံများကပါ တရားမျှတမှုအခြေခံ နည်းနာတွေအတိုင်း လိုက်နာကျင့်သုံးနိုင်ဖို့ လုံလစိုက်ကျိုးပမ်းနေသင့်ပါတယ်။ ဒါကပဲ နိုင်ငံများအကြား အဆက်အဆံမှာ ငြိမ်းချမ်းရေးတာရှည်ခံဖို့ အလွန်ရေးကြီးလှတဲ့ အကြောင်းကိစ္စတစ်ရပ်ပဲ ဖြစ်ပါတယ်။

နိုင်ငံများအကြား ငြိမ်းချမ်းစွာ အဆက်အဆံပြုလုပ်နိုင်ကြဖို့ရာ အခြားသော လိုအပ်ချက်တစ်ခုကို ကျမ်းမြတ် ကုရ်အာန် ကဏ္ဍတော် ၁၅၊ မုက္ခပါတ်တော် နံပါတ်စဉ် ၈၉ မှာ ဖော်ပြထားပြန်ပါတယ်။ အဲဒီမုက္ခပါတ်တော်မှာပဲ မည်သည့်အုပ်စုကမှ အခြားအုပ်စုတစ်ခုခုရဲ့ ချမ်းသာကြွယ်၀မှုတွေနဲ့ အခြေခံအရင်းအမြစ်တွေအပေါ်မှာ မနာလိုဝန်တိုစိတ်၊ ရလိုဇောရမက်တွေနဲ့ မကြည့်ရှုကြဖို့ လမ်းညွှန်ထားပါတယ်။ 

ဒီလိုပါပဲ၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ အခြားနိုင်ငံတစ်နိုင်ငံကို အပြင်ပန်းမှာ အကူအညီပေးသလို သဘောမျိုးသက် ရောက်နေပေမယ့် တရားမျှတမှုကင်းနေပြီး၊ ဆိုးရွားတဲ့ရည်ရွယ်ချက်တွေနဲ့ အကူအညီအထောက်အပံ့ပေးပြီး အဲဒီနိုင်ငံက အရင်းအမြစ်သယံဇာတတွေကို ရယူဖို့အတွက်လည်း ရှာဖွေကျိုးပမ်းမနေသင့်ပါဘူး။

ဒါကြောင့် အစိုးရအဖွဲ့အစည်းတွေအနေနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမှုတွေကို အခြေခံပြီး အခြားနိုင်ငံတစ်နိုင်ငံအပေါ်မှာ တရားမမျှတတဲ့ ကုန်သွယ်ရေးသဘောတူညီမှုတွေ၊ စာချုပ်စာတမ်းတွေနဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်ဖို့ မပြုလုပ်သင့်ပါဘူး။

ဒီလိုပါပဲ၊ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ကျွမ်းကျင်မှုအကူအညီတွေပေးပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ ထွက်တဲ့ သဘာ၀အရင်းအမြစ်တွေ၊ အဖိုးတန်ပစ္စည်းတွေကို ထိန်းချုပ်ခြယ်လှယ်နိုင်ဖို့ကိုလည်း ကျိုးပမ်းဆောင်ရွက်ဖို့ မသင့်လျော်ပါဘူး။
အဲဒီဖွံ့ဖြိုးဆဲနိုင်ငံတွေက ပညာမဲ့လူထုတွေ၊ အစိုးရအဖွဲ့တွေကို သူတို့ကိုယ်ပိုင် သဘာ၀အရင်းအမြစ် တွေနဲ့ပတ်သတ်ပြီး ဘယ်လိုဘယ်ပုံ နည်းစနစ်တကျ ထုတ်ယူသုံးစွဲနိုင်မလဲဆိုတဲ့ အကြောင်း သင်ကြားပြသ ပေးသင့်ပါတယ်။

နိုင်ငံတွေ၊ အစိုးရအဖွဲ့အစည်းတွေက အဲဒီလို ကံမကောင်း၊ အကြောင်းမလှဖြစ်နေတဲ့ သူတွေကို ကူညီဆောင်ရွက်ပေးကြဖို့ အမြဲတမ်း ရှာဖွေကြံဆနေသင့်ပါတယ်။

ဒါပေမယ့် အဲဒီလို ကူညီဆောင်ရွက်ပေးမှုများက မိမိနိုင်ငံရဲ့ နိုင်ငံရေးသို့မဟုတ် အမျိုးသားအကျိုးစီးပွား အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးနေတယ်ဆိုတာမျိုး မဖြစ်စေဖို့နဲ့ မိမိတို့ ကိုယ်ပိုင် ပုဂ္ဂလိကအကျိုးကျေးဇူး အတွက် ဆောင်ရွက်နေတာမျိုး မဖြစ်စေဖို့ လိုအပ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၆ ခု၊ ၇ ခုလောက်အတွင်းမှာပဲ ကမ္ဘာ့ကုလသမ္မဂ္ဂကဆင်းရဲတဲ့ တိုင်းပြည်နိုင်ငံတွေ တိုးတက် ဖြစ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး အစီအစဉ်ပေါင်းမြောက်မြား စွာကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ တယ်ဆိုတာ ကျွန်တော်တို့ လေ့လာတွေ့ရှိနိုင်ပါတယ်။

ဒီလိုအကောင်အထည်ဖော်ဆောင်ရွက်ဖို့ရာအတွက် ကုလသမ္မဂ္ဂအဖွဲ့အစည်းတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ သဘာ၀သယံဇာတတွေကို ရှာဖွေလေ့လာသုံးသပ်ခဲ့ကြပါတယ်။

ဒီလိုမျိုး အင်အားစိုက်ကျိုးပမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း ဆင်းရဲတဲ့ ဘယ်တိုင်းပြည်နိုင်ငံ တစ်နိုင်ငံကမှ ဖွံ့ဖြိုးပြီး တိုင်းပြည်တစ်ပြည်ရဲ့ အဆင့်အတန်းမျိုး ရောက်ရှိမလာခဲ့ပါဘူး။

ဒီလိုဖြစ်ရခြင်းရဲ့ အခြေခံအချက်တစ်ခုကတော့ အဲဒီဆင်းရဲမွဲတေနေတဲ့ နိုင်ငံတွေရဲ့ အစိုးရအဖွဲ့အစည်း အများ စုကြီးမှာ ကျယ်ပြောလှတဲ့ အကျင့်ပျက်ခြစားမှုတွေ မုချတည်ရှိနေလို့ပါပဲ။

ဒီလိုမျိုးဖြစ်နေတာတောင်မှ ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ အဲဒီလိုမျိုးအစိုးရအဖွဲ့အစည်းတွေနဲ့ပဲ သူတို့ကိုယ်ပိုင် အကျိုးစီးပွားအတွက်သာ ရှေးရှုပြီး ဆက်လက်လက်တွဲဆောင်ရွက်နေတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ မလွဲမရှောင်သာ ထုတ်ဖော်ပြောဆိုရပါလိမ့်မယ်။ ကုန်သွယ်ရေးလုပ်ငန်းတွေ၊ နိုင်ငံတကာအထောက်အပံ့တွေနဲ့ စီးပွားရေးဆိုင်ရာ စာချွန်လွှာတွေကို ဆက်လက်ပြီး ဆောင်ရွက်လုပ်ကိုင်နေကြပါတော့တယ်။

ရလဒ်အနေနဲ့ အဖွဲ့အစည်းထဲက ဆင်းရဲမွဲတေနေတဲ့ အစိတ်အပိုင်းကတော့ စိုးရိမ်ကြောင့်ြကမှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ မြင့်မားစွာဖြစ်ထွန်းလာရသလို အဲဒီလိုဖြစ်ထွန်းမှုတွေကနေ နိုင်ငံတွင်း သူပုန်ထမှုတွေ၊ မငြိမ်မသက်မှုတွေ ဆက်လက်ဖြစ်ပေါ်လာပါတော့တယ်။

ဖွံ့ဖြိုးဆဲနိုင်ငံများက ဆင်းရဲမွဲတေနေတဲ့ လူအုပ်စုကတော့ စိုးရိမ်ကြောင့်ကြမှုအရှိန်ကြောင့်ပဲ သူတို့နိုင်ငံရဲ့ ခေါင်းဆောင်တွေကိုသာမက အင်အားကြီးအနောက်နိုင်ငံများကိုပါ ဆန့်ကျင်လာကြပါတော့တယ်။

အစွန်းရောက်အုပ်စုတွေက ဒီအချက်ကိုပဲ သူတို့လက်ထဲထည့်ပြီး လိုသလိုအသုံးချသွားကြတာပါ။ အစွန်းရောက် အုပ်စုတွေက အဲဒီစိုးရိမ်ကြောင့်ကြမှုတွေကို အမြတ်ထုတ်ကြသလို စိုးရိမ်ကြောင့်ကြနေကြရသူတွေကို စည်းရုံး ပြီး သူတို့အထဲမှာ အဖွဲ့ဝင်အဖြစ်ပါဝင်လာစေ ပါတော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့ အမုန်းတရားတွေ ကြီးထွားနေတဲ့ အမြော်အမြင်ကို အထောက်အပံ့ ဖြစ်လာစေပါတယ်။

ဒီလိုအဖြစ်အပျက်များရဲ့ နောက်ဆုံးရလဒ်ကတော့ ကမ္ဘာပေါ်က ငြိမ်းချမ်းရေးဟာ လုံး၀ဖျက်ဆီး ခံလိုက်ရ ခြင်းပါပဲ။
အစ္စလာမ်သာသနာတော်ဟာ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ရဲ့ စူးစိုက်မှုအာရုံကို ဆွဲဆောင်ထားပါတယ်။

အဲဒီမှာတော့  

- လုံး၀ဥဿုံ တရားမျှတမှု လိုအပ်ပါတယ်။
- မှန်ကန်တဲ့ သက်သေခံမှုကို အမြဲတစေထွက်ဆိုဖို့ လိုအပ်ပါတယ်။
- ကျွန်တော်တို့ရဲ့ စက္ခုအာရုံတွေဟာ အခြားသူများရဲ့ ချမ်းသာကြွယ်၀မှုအပေါ်မှာ မနာလိုဝန်တိုစိတ်နဲ့ မကြည့်မိကြဖို့ လိုအပ်ပါတယ်။
- ဒါ့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ မိမိတို့ရဲ့ ပုဂ္ဂလဆန္ဒများကို တဖက်မှာချန်ထားရစ်ပြီး တကိုယ်ကောင်းမဆန်တဲ့ သဘောထားစိတ်ဓာတ်တွေနဲ့ ဖွံ့ဖြိုးမှုနှေးကွေးတဲ့တိုင်းပြည်တွေ၊ ဆင်းရဲတဲ့တိုင်းပြည်တွေကို အကူအညီပေးဖို့ လိုအပ်ပါတယ်။

ဒီနည်းလမ်းများအားလုံးကို စိစစ်ဆောင်ရွက်မယ်ဆိုရင်တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အခြေပြု စတင်နိုင်မှာပဲဖြစ်ပါတယ်။
မတရားမှုရှိနေသမျှကာလပတ်လုံး ငြိမ်းချမ်းရေးဆိုတာ ဖြစ်ပေါ်လာနိုင်မှာမဟုတ်ဘူးဆိုတာကို မှတ်သား ထားကြရပါမယ်။ 

ဒါ့ပြင် တိုင်းပြည်နိုင်ငံတစ်နိုင်ငံက စည်းမျဉ်းစည်းကမ်းအားလုံးကို ဖျောက်ဖျက်ကျူးလွန်ပြီး အခြားနိုင်ငံ တစ်နိုင်ငံကို တိုက်ခိုက်မယ်၊ အဲဒီနိုင်ငံရဲ့ အရင်းအမြစ်သယံဇာတတွေကို မတရားသဖြင့် ခြယ်လှယ်ဖို့ကြိုးစား မယ်ဆိုရင် အခြားတိုင်းပြည်နိုင်ငံတွေအနေနဲ့ အဲဒီလို ရက်စက်ကြမ်းကြုတ်မှုကို တားဆီးဖို့ရန် ကြိုးပမ်းဆောင် ရွက်ရပါမယ်။ 

ဒါပေမယ့် အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ အခြားတိုင်းပြည်နိုင်ငံများက တရားမျှတမှုကို အမြဲတစေ ကျင့်သုံးကြ ဖို့တော့ လိုအပ်ပါတယ်။

နိုင်ငံတစ်နိုင်ငံနဲ့ ဆန့်ကျင်ပြီး အရေးယူဆောင်ရွက်ဖို့ရာအတွက် အစ္စလာမ့်သွန်သင်ချက် အသေးစိတ်ကို ကျမ်းမြတ်ကုရ်အာန်ရဲ့ ကဏ္ဍတော် ၄၉၊ မုက္ခပါတ်တော် အမှတ်စဉ် ၁၀ မှာ ဖော်ပြပါရှိပါတယ်။

အကယ်၍ နိုင်ငံနှစ်နိုင်ငံဟာ အချင်းများပြီး အဲဒီကနေတဆင့် စစ်ပွဲဆီကို ဦးတည်မယ်ဆိုရင် အခြားတိုင်း ပြည်နိုင်ငံတွေဟာ အဲဒီနိုင်ငံနှစ်နိုင်ငံပါဝင်စေပြီး  စေ့စပ်ဆွေးနွေးခြင်းနဲ့ အပြုသဘောဆောင်တဲ့ နည်းနာ တွေအပေါ်အခြေခံတဲ့ အတွေးအမြင်ဖလှယ်ရေးကို အထူးအင်အားစိုက်ထုတ် ပြုလုပ်ဆောင်ရွက်သင့် ကြပါ တယ်။ ဒီလိုဆောင်ရွက်ကြရင်းနဲ့မှ စေ့စပ်ဆွေးနွေးရေး အခြေခံနည်းနာကနေ ထုတ်ပေးလိုက်တဲ့ သဘော တူညီမှုတွေ၊ ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ ရလဒ်တွေကို ရရှိနိုင်ပါလိမ့်မယ်။

သို့သော် တဖက်ဖက်က ဒီလိုသဘောတူညီမှုကို လက်သင့်မခံဘဲ စစ်ပွဲဆင်နွဲခဲ့မယ်ဆိုရင်တော့ အခြားတိုင်း ပြည်နိုင်ငံများက ပူးပေါင်းပြီး ဖျောက်ဖျက်ကျူးလွန်သူကို တားဆီးဖို့ရာ တိုက်ပွဲဝင်ကြရပါမယ်။

ဖျောက်ဖျက်ကျူးလွန်တဲ့ နိုင်ငံဟာ ချေမှုန်းခံရပြီးတဲ့နောက်မှာ နှစ်ဦးနှစ်ဖက် စေ့စပ်ညှိုနှိုင်းဖို့ သဘောတူ လာခဲ့မယ်ဆိုရင် အခြားအဖွဲ့အစည်းနိုင်ငံအားလုံးဟာ တာရှည်ခံမယ့် ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး တွေအတွက် သဘောတူညီချက်တစ်ခု ရလာဖို့ရာ ဆောင်ရွက်လုပ်ကိုင်သင့်ပါတယ်။

တိုင်းပြည်နိုင်ငံတစ်ခုကို ကျဉ်းထဲကြပ်ထဲရောက်သွားမယ့် ပြင်းထန်ပြီး တရားမျှတမှုမရှိတဲ့ အခြေအနေမျိုး ကိုတော့ ဖိအားပေးဖန်တီးဖို့ မပြုလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုရင် ရေရှည်မှာ အဲဒီအကျဉ်းအကြပ်ကနေ စိုးရိမ်ကြောင့်ကြမှုတွေဖြစ်လာပြီး ပေါက်ကွဲပျံ့နှံ့လာနိုင်လို့ပါပဲ။

အဲဒီစိုးရိမ်ကြောင့်ကြမှုကပဲ အနာဂတ်မှာ မငြိမ်မသက်မှုတွေကို ဖြစ်ပေါ်လာစေတာပါ။

အုပ်စုနှစ်ခုအကြားမှာ ကြားဝင်ပြီး ရင်ကြားစေ့ရေးဆောင်ရွက်မယ့် တတိယအစိုးရအဖွဲ့အစည်းများ အနေနဲ့ မိမိတို့ဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ရိုးရိုးသားသားနဲ့ ဘက်လိုက်မှုကင်းစွာ ဆောင်ရွက်ကြရပါ့မယ်။

အကယ်၍ တဘက်ဘက်က မိမိတို့ဆောင်ရွက်နေတဲ့ တရားမျှတမှုရှိပြီး ဘက်မလိုက်တဲ့ ကိစ္စရပ်တွေအပေါ်မှာ ဆန့်ကျင်တဲ့စကားမျိုး ဆိုလာခဲ့သည့်တိုင် အဲဒီဘက်မလိုက်တဲ့ ဆောင်ရွက်မှုမျိုးကို တည်တံ့နေစေရပါမယ်။ ကြားဝင် ဆောင်ရွက်နေတဲ့နိုင်ငံအနေနဲ့ အဲဒီလိုအခြေအနေမျိုးတွေအတွက် အမျက်ဒေါသကို မဖော်ပြသင့် သလို ကလဲ့စားချေဖို့ဘဲဖြစ်ဖြစ်၊ မတရားမှုတစ်ခုခုကိုပဲကျူးလွန်လိုက်တာမျိုးနဲ့ပဲဖြစ်ဖြစ် မတုန့်ပြန်သင့်ပါဘူး။ 

ဘယ်အဖွဲ့အစည်းကိုမဆို သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပေးသင့်ပါတယ်။ 

ဒါကြောင့် တရားမျှတမှုကို အကောင်အထည်ဖော်ကြရာမှာ တိကျတဲ့အဖြေတစ်ခုရဖို့ စေ့စပ်ညှိုနှိုင်း ပေးနေတဲ့ ကြားခံတိုင်းပြည်နိုင်ငံများအနေနဲ့ မိမိတို့ရဲ့ ပုဂ္ဂလိက အကျိုးကျေးဇူးတွေအတွက် ရည်စူးဆောင်ရွက်နေဖို့ မသင့်လျော်သလို ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းပြည်နိုင်ငံနှစ်ခုလုံးဆီကနေ တရားဝင်စံနှုန်းများနဲ့ ညိစွန်းနေတဲ့ အကျိုးကျေးဇူးတွေ ရယူနေတာမျိုး၊ ရယူဖို့ကြိုးစားတာမျိုးတွေလည်း မလုပ်သင့်ပါဘူး။ 
ကြားဝင်စေ့စပ်သူများက ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းပြည်နိုင်ငံနှစ်ခုလုံးကို မတရားသဖြင့် ဝင်ရောက်စွက် ဖက်တာမျိုး၊ မတရားသဖြင့် ဖိအားပေးတာမျိုးတွေ မပြုလုပ်သင့်ပါဘူး။

ဘယ်တိုင်းပြည်နိုင်ငံရဲ့ သဘာ၀သယံဇာတကိုမှ အမြတ်ထုတ်ဖို့ ကြိုးစားတာမျိုးတွေလည်း မပြုလုပ်သင့်ပါဘူး။

အဲဒီလိုနိုင်ငံတွေကို မလိုလားအပ်တဲ့ မတရားသဖြင့် ကန့်သတ်ချုပ်ခြယ်ကြတာမျိုးကိုလည်း ရှောင်ရှားကြ ရပါမယ်။

ဘာကြောင့်လဲဆိုရင် အဲဒီလိုပြုမူခြင်းက တရားမျှတမှုမရှိသလို တိုင်းပြည်နိုင်ငံများအကြား အဆက်အဆံကို တိုးတက်ဖြစ်ထွန်းစေနိုင်တဲ့ ဗဟိုချက်မဖြစ်ပါတယ်ဆိုပြီးတော့လည်း သက်သေပြနိုင်လိမ့်မှာမဟုတ်ပါဘူး။

အတိုချုပ်ကတော့ ကျွန်တော်တို့အနေနဲ့ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးကို အခြေပြုတည်ဆောက်လို ကြတယ်ဆိုရင် သာလွန်ထူးကဲမှုတွေအတွက် ကျွန်တော်တို့ရဲ့ ပုဂ္ဂလဆန္ဒတွေ၊ အာသာရမက်တွေကို ချန်ထားရစ်ခဲ့ပြီး တရားမျှတမှုအပေါ်မှာသာ လုံး၀အခြေခံတဲ့ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးမျိုးကို စတင်အကောင်အထည် ဖော်ကြရပါမယ်။

ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပါပဲ၊ မဟာမိတ်နိုင်ငံတွေသာမက ယာယီမိတ်ဖွဲ့ နိုင်ငံအစုတွေလည်း အများအပြားရှိနေတာကြောင့် ကမ္ဘာပေါ်မှာ မငြိမ်သက်မှုတွေ တိုးပွားလာမယ်၊ အဲဒီကနေတဆင့် ကြီးမားတဲ့ အပျက်အစီးတွေ အဆုံးသတ်မှာ ဖြစ်ပေါ်လာပါလိမ့်မယ်။

ဒီလိုဖြစ်ပျက်လာမယ့် စစ်မက်တွေနဲ့ အပျက်အစီးတွေဟာ မျိုးဆက်ပေါင်းများစွာကြာမြင့်တဲ့အထိ အကျိုးသက် နေစေမယ်ဆိုတာကလည်း မြေကြီးလက်ခတ်မလွဲဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့အင်အားအကြီးဆုံးအဖွဲ့အစည်းကြီးဖြစ်တဲ့ ကုလသမ္မဂ္ဂအ​နေနဲ့ မှန်ကန်တဲ့တရားမျှတမှုကို ကျင့်သုံးပြီး မိမိရဲ့ အခန်းကဏ္ဍကို အကောင်အထည်ဖော်ဆောင်ရွက်သင့်သလို ကျွန်တော် တင်ပြခဲ့တဲ့အတိုင်း၊ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေကိုလည်း ထားရှိကြဖို့လည်း လိုအပ်ပါတယ်။

ဒီလိုသာပြုမူဆောင်ရွက်ခဲ့ကြမယ်ဆိုရင်တော့ ကမ္ဘာလောကကြီးက ခင်ဗျားတို့ရဲ့ မဟာအင်အားစိုက် ထုတ်မှုကြီး ကို အမြဲတစေ သတိတရဖြစ်နေကြ၊ အထင်ကြီးလေးစားနေကြမှာပဲဖြစ်ပါတယ်။

ဒီမြော်လင့်ချက်ဟာ အမှန်တကယ်ဖြစ်ပေါ်လာပါစေလို့ ကျွန်တော်ဆုတောင်းပတ္ထနာပြုပါတယ်။

ကျေးဇူးတင်ပါတယ်။

မြန်မာပြန် - www.ahmadipostmyanmar.org

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-