Monday, August 10, 2015

သဘာဝဘေးအန္တရာယ်လား ၊ ဘုရားရှင် အပြစ်ပေးဒဏ်ခတ်မှုလား?


တကယ်လို့ထာဝရဘုရားရှင် ဆိုတာရှိတယ်ဆိုရင် သူဟာ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ဆူနာမီတွေ၊ မုန်တိုင်းတွေ၊ ရေကြီးမှုတွေကို ဘာကြောင့်ဖြစ်စေတာလဲ? အဲ့ဒါတွေဟာ သဘာဝအတိုင်းဖြစ်တာလား ဘုရားသခင် ဒဏ်ခတ်တာလား?

ဒီထက်ပိုပြီးမေးကြတာက ဘာကြောင့်များ ထာဝရဘုရားရှင်က လူတွေခံစားနာကျင်စရာတွေပြုလုပ်ထားတာလဲ၊ ဘာလို့ခံစားနာကျင်စေရတာလဲ? အကြောင်းအရင်းက ထာဝရဘုရားသခင်ဟာ စကြာဝဠာကမ္ဘာလောကကို ထိန်းကျောင်းတဲ့ သဘာဝဓမ္မ (သို့) သဘာဝဥပဒေကို ဖန်ဆင်းထားတယ်။ ဥပမာအားဖြင့် အကြောင်းနဲ့အကျိုး၊ သက်ရောက်မှုနဲ့ တန်ပြန်သက်ရောက်မှု စတာတွေဟာ သဘာဝတရားဥပဒေတွေဖြစ်ကြတယ်။ ခံစားနာကျင်ရတဲ့ ဒုက္ခအခက်အခဲအများစုဟာ လူတွေပြုမူတဲ့ တစ်ချို့သောလုပ်ရပ်တွေရဲ့ တန်ပြန်သက်ရောက်မှုပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားသခင်ဟာ ဒီအကျိုးတရား၊ တန်ပြန်သက်ရောက်မှုတွေကို ဟန့်တားကာကွယ်ပေးထားနိုင်စွမ်းရှိတယ်။ ဒါပေမယ့် ဒုက္ခအခက်အခဲတွေဟာ လူသားကို စမ်းသပ်စစ်ဆေးတဲ့ ပုံစံတစ်မျိုးဖြစ်တာကြောင့် အဲ့ဒီအပေါ်မှာ ကြံ့ကြံ့ခံ သည်းခံမြံမြဲမှုနဲ့ တုန့်ပြန်မယ်ဆိုရင် ဘုရားသခင်နဲ့ နီးစပ်မှုရရှိမှဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ ဆုံးရှုံးမှုတွေအတွက် ဘုရားရှင်ကို မနာခံအပြစ်တင်မယ်ဆိုရင်တော့ ဒီစမ်းသပ် စစ်ဆေးမှုမှာ ကျရှုံးမှာဖြစ်ပြီး ဘုရားရှင်နဲ့ ဝေးရာကို ရောက်ရှိမှာဖြစ်တယ်။ ဒီသဘောတရားကို တွေးတောကြည့်မယ်ဆိုရင် တကယ်လို့ ဒုက္ခအခက်အခဲတွေကို ထာဝရဘုရားရှင်က ဖယ်ရှားလိုက်မယ်ဆိုရင် တပြိုင်နက်တည်း ကျွန်ုပ်တို့လူသားတွေတိုးတက်ဖွံ့ဖြိုးနိုင်တဲ့ အစွမ်းသတ္တိတွေပါ ဖယ်ရှားလိုက်သလိုဖြစ်သွားမှာဖြစ်တယ်။ ဖန်ဆင်းထားတဲ့ သဘာဝဓမ္မဥပဒေအရ တစ်ချို့သဘာဘေးအန္တရာယ်တွေဖြစ်ပျက်ရမှာဖြစ်ပြီး ဘုရားရှင်က ဒါတွေကို တားဆီးမှာမဟုတ်ဘူး။

ရှေးအချိန်ကာလကတည်းက သဘာဝဘေးအန္တရာယ်တွေဟာ ဖြစ်ပွားနေခဲ့ပြီး ယခုအချိန်အထိလည်း ဆက်လက်ဖြစ်ပွားနေဆဲပါ။ သဘာဝဘေးအန္တရာယ်ရဲ့ ရလာဒ်ဟာ တစ်ချို့အကျိုးကျေးဇူးတွေ ဖြစ်နိုင်သလို တစ်ချို့ဘေးအန္တရာယ်တွေဖြစ်စေနိုင်တယ်။ တစ်ခါတစ်ရံမှာ သဘာဝဘေးအန္တရာယ်ကြောင့် ရှားပါးမှု၊ ဒုက္ခအခက်အခဲတွေနဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်ပြီး တစ်ခါတစ်ရံမှာ ပေါများကြွယ်ဝမှုတွေနဲ့ သက်တောင့်သက်သာဖြစ်စေတဲ့ ဘဝအခြေအနေမျိုးကို ရရှိနိုင်တတ်တယ်။ ဖန်ဆင်းထားတဲ့ အကြောင်းအကျိုးနိယာမအတိုင်း သဘာဝဘေးအန္တရာယ်တွေကို ဖြစ်ပျက်စေမလား ဒါမှမဟုတ် ကာကွယ်ထားမလားဆိုတာကို ထာဝရဘုရားရှင်ကပဲ ရွေးချယ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဘုရားရှင်ဟာ ဝင်ရောက်ဟန့်တားမှာမဟုတ်ဘဲ ကျွန်ုပ်တို့မည်သို့မည်ပုံတုန့်ပြန်မလဲဆိုတာကို ကြည့်ရှု့မှာဖြစ်တယ်။ပုံမှန်အားဖြင့် လူသားဟာ စိတ်ပျက်အားလျော့ရတဲ့အချိန်မှာ ဘုရားရှင်ဘက်ကို ဦးလှည့်တတ်တယ်။ လူအုပ်စုတစ်ခုဟာ ဘုရားရှင်နဲ့ ဝေးရာဘက်ကိုလှည့်သွားပြီဆိုရင် ထာဝရဘုရားရှင်ဟာ တမန်တော်တွေစေလွှတ်ပြီး မှန်ကန်တဲ့ လမ်းဘက်ကို လမ်းညွှန်ပြသစေတယ်။ တကယ်လို့ လူတွေဟာ ဘုရားရှင်ဘက်က သတင်းစကားကို ငြင်းပယ်ပြီး သူတို့ရဲ့ မကောင်းမှုတွေထဲမှာ ဆက်လက်နစ်မွန်းနေမယ်ဆိုရင် သူတို့ကို ဒဏ်ခတ်အရေးယူခြင်းနဲ့ သတိပေးတော်မူမယ်။ ဒါမှမဟုတ် ဒီမကောင်းတဲ့အုပ်စုအားလုံးကို အတူတကွဖျက်စီးတော်မူပြီး လူကောင်းသူကောင်းတွေကိုပဲ ဆက်လက်တိုးတက်ဖွံ့ဖြိုးစေမယ်။ ကမ္ဘာ့ဘာသာအသီးသီးက ကျမ်းစာတွေဟာလည်း ဒီအတိုင်းဖော်ပြကြတယ်။ ကျမ်းမြတ်ကိုရ်အာန်မှာ လာရှိတာက ....

" ငါအရှင်မြတ်သည် မည်သည့်မြို့ရွာသို့မဆို တမန်တော် တစ်ပါးပါးကိုစေလွှတ်တော်မူလေတိုင်း ယင်း၌နေထိုင်သူတို့အားတစ်ခါတစ်ရံ ကျပ်တည်းမှုဖြင့်လည်းကောင်း၊ တစ်ခါတစ်ရံ
ဆင်းရဲဒုက္ခဖြင့်လည်းကောင်း ကြုံတွေ့စေတော်မူ၏၊ သို့ဖြင့် သူတို့နှိမ့်ချကျိုးနွံကြစေခြင်းအလို့ငှာဖြစ်၏။ထို့နောက်တွင် ငါအရှင်မြတ်သည် သူတို့၏ဆိုးဝါးသောအခြေအနေ
ကို ကောင်းသောအခြေအနေဖြင့် ပြောင်းလဲပေးတော်မူခဲ့၏။နောက်ဆုံးတွင် ထိုသူတို့သည် (ယင်းကို)လျစ်လျူပြုခဲ့ကြပြီးဆင်းရဲဒုက္ခသည်လည်းကောင်း ပျော်ရွှင်လွယ်ကူမှုသည်လည်းကောင်း ငါတို့၏ဘိုးဘေးတို့အားလည်း  သက်ရောက်လေ့ရှိခဲ့ကြ၏။ (ယခုငါတို့အပေါ်ကျရောက်လည်း အရေးမကြီး) ဟု ပြောဆိုကြ၏။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့သတိမမူခိုက်မှာပင် ရုတ်တရက် ဖမ်းဆီးတော်မူခဲ့ပေသည်။ (ကိုရ်အာန် ၇ း ၉၅-၉၆) "




ျမြင့်မြတ်တဲ့ကျမ်းစာတွေမှာ ဘုရားရှင်ရှိကြောင်း၊ ဘုရားရှင်လမ်းတော်ကို လိုက်နာဖို့ အရေးကြီးကြောင်း သင်ကြားပေးဖို့ တမန်တော်တွေစေလွှတ်ခဲ့ကြောင်း ကျွန်ုပ်တို့ ဖတ်ရှုရတယ်။ တမန်တော် အားလုံးဟာသတိပေးနှိုးဆော်သူတွေဖြစ်ပြီး လူသားဟာဘုရားရှင်ဘက်မလှည့်ဘူးဆိုရင် အပြစ်ပေးခံရမှာဖြစ်တဲ့အကြောင်း ရှင်းလင်းပြသခဲ့ကြတယ်။ ထာဝရဘုရားရှင်ရဲ့ အပြစ်ပေးဒဏ်ခတ်မှုဟာ သဘာဝဘေးအန္တရာယ်ပုံစံတွေပဲဖြစ်တယ်။ ကျမ်းမြတ်ကိုရ်အာန်မှာ တမန်တော်နူးဟ် ( သမ္မာကျမ်းစာတွင် နောဧ) ခေတ်ကာလ မယုံကြည်သူတို့အားရေလွှမ်းမိုးခြင်း အကြောင်းကိုခုလို ဖော်ပြထားတယ်။

"တမန်တော် နူးဟ် ၏အမျိုးသားတို့သည် သူတို့ရှေ့မှောက်ရှိ အမှန်တရားကို ငြင်းပယ်ခဲ့ကြပြီ။ သူတို့သည် ငါအရှင်၏ အစေတော်ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲခဲ့ကြပြီးရူးသွပ်သူ ဟု ပြောဆိုကြ၏။
 ထိုအခါ သူသည် မိမိအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံ ကျွန်တော်မျိုးသည် ဧကန်ပင် အရေးမလှရှုံးနိမ့်သူဖြစ်နေပါ၏။ ထို့ကြောင့် ကျွန်တော်မျိုးအားကူညီစောင်မတော်မူပါဟုပန်ကြားခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်သည် အဆက်မပြတ်ရွာသွန်းစေတော်မူသော မိုးရေအသွင်ဖြင့် ကောင်းကင်တံခါးများကို ဖွင့်ချလိုက်တော်မူ၏။ ထို့ပြင် ကမ္ဘာမြေပြင်မှ ရေများကို ခွဲ
ထွက်စေတော်မူ၏။ သို့ဖြစ်ရာ ရေသည် ကြိုတင်သတ်မှတ်ပြဋ္ဌာန်းခဲ့သော အမိန့်တော်အတိုင်း စုစည်း၍ သွားခဲ့လေသည်။၎င်းပြင် သူ(တမန်တော်နူးဟ်)အား ပျဉ်ချပ်များနှင့် သံများဖြင့်ပြီးသည့် (လှေသင်္ဘော)ပေါ်သို့ စီးနင်းစေတော်မူ၏။"  (ကိုရ်အာန် ၅၄ း ၁၀-၁၃)

အဲ့ဒီနောက် အာ့ဒ်လူမျိုးများအား ဟာရီကိန်းမုန်တိုင်းက ဖျက်စီးသွားခဲ့ပုံကို ...
 " အာဒ် (အမျိုးသား) တို့သည်လည်း (ငါအရှင်မြတ်၏တမန်တော်ကို) မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြ၏။ သို့ဖြစ်ရာ ငါအရှင်မြတ်၏ အပြစ်ဒဏ်နှင့် သတိပေးနှိုးဆော်မှုသည် မည်သို့ရှိခဲ့ပေသနည်း။ စင်စင်ငါအရှင်မြတ်သည် ကြာရှည်စွာတည်တံ့မည့်မင်္ဂလာမရှိသောနေ့ရက်တစ်ခုတွင် ယင်းတို့အပေါ် အလွန်ပြင်းထန်စွာတိုက်ခတ်သောလေကို စေလွှတ်တော်မူခဲ့၏။ " (ကိုရ်အာန် ၅၄ း ၁၉-၁၃)

ဒါမှမဟုတ် လူးတ် အမျိုးသားများဟာ မီးတောင်ပေါက်ကွဲမှုနဲ့အတူ အပြစ်ပေးအရေးယူခံကြရတယ်။" သို့ဖြစ်ရာ နံနက်မိုးသောက်သည်နှင့် ကျယ်လောင်မြည်ဟီးသော အပြစ်ဒဏ်သည် သူတို့ (လူးတ်လူမျိုးတို့)အား လာရောက်ဖမ်းဆီးခဲ့လေသည်။သို့ဖြင့် ငါအရှင်မြတ်သည် ထို(အရပ်)ကို အထက်အောက်ပြောင်းပြန်ဖြစ်စေတော်မူခဲ့၏။ ထို့ပြင်  ၎င်းတို့အပေါ် ကျောက်စရစ် ကျောက်ခဲမိုးကို ရွာချစေတော်မူခဲ့၏။" (ကိုရ်အာန် ၁၅ း ၇၄-၇၅)

ဒါပေမယ့် လူသားတွေဟာ ဒီအပြစ်ဒဏ်ခေတ်မှုတွေကို ပုံပြင်ဟောင်းတွေလို ဘေးဖယ်ထားကြတယ်။ ဒီမှာ မေးစရာရှိတာက ကျွန်ုပ်တို့ယခုခေတ်ကာလမှာ ကြုံတွေ့နေရတဲ့ ဘေးအန္တရာယ်တွေဟာ သဘာဝဘေးအန္တရာယ်လား ၊ ဘုရားရှင်ရဲ့ အပြစ်ဒဏ်ခတ်မှုလား ? နောက်ပြီးတော့ သဘာဝဘေးအန္တရာယ်နဲ့ ဘုရားသခင်ဒဏ်ခတ်မှုကို ဘယ်လိုခွဲခြားမလဲ? ဆူနာမီတွေ၊ ပါကစ္စတန် မြေငလျှင်လှုပ်တာတွေ၊ အမေရိကားက ကတ်ထရီးနားမုန်တိုင်းတွေ၊ နာဂစ်မုန်တိုင်းတွေ စတာတွေက ဘယ်လိုအမျိုးအစားထဲပါသလဲ? ဘုရားရှင်ရဲ့ အပြစ်ဒဏ်လို့ သိသာထင်ရှားတဲ့ အမှတ်လက္ခဏာက ဒီလိုအဖြစ်အပျက်အကြောင်းအရာတွေ မဖြစ်ပျက်မီက တမန်တော်တစ်ပါးပါးက ကြိုတင်ပြောကြားထားတာပဲဖြစ်တယ်။ တမန်တော်ဟာ ဒီသတင်းစကားကို ကြိုတင်ပြောကြားထားပြီးပြီ။ ဘုရားရှင်ဟာ သူတို့ကို အပြစ်ဒဏ်နဲ့ သတိမပေးမချင်း ဒါမှမဟုတ် ဖျက်စီးမှုမရောက်လာမချင်း သူတို့ဟာ ငြင်းပယ်ပြီး သူတို့ကိုယ်ပိုင်လမ်းစဉ်အတိုင်း ဆက်လက်ပြီး ဘုရားရှင်နဲ့ ဝေးရာကို သွားနေကြတယ်။ ဒီလိုဆိုရင် ကျွန်တော်ဟာ သတိပေးခံနေရပြီလား ?
ကျွန်ုပ်တို့ဟာ ကမ္ဘာ့နှောင်းပိုင်းခေတ်ကာလတွေကို ရောက်ရှိနေတာဖြစ်ပါတယ်။ ခရိယာန်သမ္မာကျမ်းစာမှာ ကမ္ဘာ့နောက်ဆုံးနေ့ရက်တွေနဲ့ ပတ်သတ်လို့ ဖော်ပြထားရာမှာ ခရစ်တော် သခင်ယေရှုက ...

" သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့ သောသိတင်းစကားကို၎င်း ကြားရကြလိမ့်မည်၊ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။ " (သမ္မာကျမ်းစာ - ရှင်မသဲခရစ်ဝင် အခန်းကြီး ၂၄ အခန်းငယ် ၆ မှ ၈ )


အာဖရိက အစာရေစာ ရှားပါးမှု



လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်အတွင်းမှာ ကြောက်လန့်ဖွယ်ရာ ကမ္ဘာစစ်ကြီးတွေ၊ ခေါင်းပါးငတ်မွတ်စေတဲ့ ကပ်ဘေးကြီးတွေ၊ AIDS ရောဂါလို ကပ်ဘေးတွေ၊ ကမ္ဘာအနှံ့လူအသေအပျောက်များလွန်းတဲ့ ငလျင်ကြီးတွေ စတာတွေကို ကျွန်တော်တို့တွေ့မြင်ခဲ့ရပြီးပါပြီ။ ဒီနေရာမှာ အထူးသတိပြုရမယ့်အချက်တစ်ခုက လွန်ခဲ့တဲ့နှစ်ပေါင်း (၁၁ဝဝ) ခုနှစ်အတောအတွင်းမှာ ပြင်းထန်တဲ့ ငလျင်ပေါင်း (၁၁) ခုပဲ လှုပ်ခတ်ခဲ့တယ်။ လူအသေအပျောက်ဟာလည်း (၅ဝ,ဝဝဝ) ကျော်မျှသာရှိခဲ့တယ်။ ဒါပေမယ့် ယခု (၁၉၀၅) ခုနှစ်ကနေ ယခုအချိန်ထိ နှစ်ပေါင်း (၁ဝဝ) အတောအတွင်းမှာ ကြောက်စရာကောင်းလှတဲ့ အလားတူငလျင်ပေါင်း (၁၃) ခုခန့်မက စံချိန်တင်လှုပ်ခတ်ခဲ့တယ်။ ဒါတင်မက ကမ္ဘာစစ်မီးကြီးတောက်လောင်ခဲ့ပြီး နိုင်ငံပေါင်း (၃၅) နိုင်ငံကိုပျံ့နှံ့ရာက လူပေါင်း (၉၅) သန်းခန့် အသက်ဆုံးရှုံးခဲ့ရတယ်။ အခုရာစုနှစ်အသစ်မှာလည်း ကြီးမားတဲ့ ဘေးအန္တရယ်တွေ အီရန်ငလျင်၊ ဆူနာမီ ၊ ကတ်ထရီးနာမုန်တိုင်း ၊ နာဂစ်၊ ပါကစ္စတန်ငလျှင် ၊ နီပေါငလျှင် ၊ ကမ္ဘာ့အနှံ့ ရေကြီးမှုတွေ၊ မိုးခေါင်တာတွေ စတာတွေဟာ ဆက်လက်ဖြစ်ပေါ်နေတယ်။

နီပေါငလျင်
ဒီလိုဘေးအန္တရာယ်တွေဟာ ကမ္ဘာ့နှောင်းပိုင်းကာလကို ညွှန်ပြတဲ့ နိမိတ်လက္ခဏာတွေဖြစ်မယ်ဆိုရင် နောက်ပြီး ကျွန်တော်တို့ဟာ ဘုရားရှင် ဒဏ်ခတ်မှုကို ခံနေကြရတာဆိုရင် ဒီမတိုင်ခင် သတိပေး နှိုးဆော်တဲ့သူက ဘယ်မှာလဲ? တမန်တော်မိုဟမ္မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ဟာ လူသားမျိုးနွယ်တစ်ခုလုံးအတွက် ပွင့်ပေါ်ခဲ့တဲ့ တမန်တော်ဆိုတာကို ကျွန်တော်တို့အားလုံးယုံကြည်ကြတယ်။ သူဟာ ကျမ်းတော်မြတ်ကိုရ်အာန်မှာ တွေ့ရတဲ့ မုက္ခပတ်တော်အားဖြင့်လူသားထုကို ဘုရားသခင်ရဲ့ သတင်းစကားပါးခဲ့တယ်။ ဒါတင်မက ဘုရားသခင်ရဲ့ သတင်းစကားအတိုင်းမလိုက်နာရင် ကြုံတွေ့ရမယ့် အပြစ်ဒဏ်အကြောင်းကိုလည်းသတိပေးခဲ့တယ်။ ဒါ့အပြင် တမန်တော်မိုဟမ္မဒ်သခင် (ဆွ) က နှောင်းပိုင်းကာလမှာ လာရောက်မယ့် ကတိတော်လာ မဆီဟ် (မဆိုင်ယာ -ကယ်တင်ရှင်) လာရောက်မယ့်အကြောင်းကိုလည်း ကြိုတင်အသိပေးပြောကြားခဲ့တယ်။ ဒီတူညီတဲ့အကြောင်းအရာကို ခရိယာန်သမ္မာကျမ်းစာမှာလည်း ထင်ထင်ရှားရှားဖော်ပြထားတယ်။ ဟာဇရတ် မီရ်ဇာ ဂူလာမ် အဟ်မဒ် သခင် (ငြိမ်ချမ်းခြင်းသက်ရောက်ပါစေ) ဟာ တမန်တော်မိုဟမ္မဒ် ကြိုတင်ကတိပေးထားတဲ့ မဆီဟ် ဖြစ်ကြောင်း ကြေငြာခဲ့ပြီး (၁၈၈၉) ခုနှစ်မှာ လုပ်ငန်းဆောင်တာတွေလုပ်ဆောင်ခဲ့ပြီး (၁၉၀၈) ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်။ သူ့ရဲ့သတင်းစကားက တမန်တော် မိုဟမ္မဒ် (ဆွ) နဲ့ ကျမ်းတော်မြတ်ကိုရ်အာန် အလေးအနက်ပြန်လည်တင်ပြဖို့ဖြစ်တယ်။ စိတ်မကောင်းစရာက လူသားမျိုးနွယ်ဟာ ဒီသတင်းစကားဖိတ်ခေါ်မှုဘက်ကို ဦးလှည့်ခြင်းမရှိဘဲ ဘုရားရှင်နဲ့ဝေးရာဘက်ကိုဆက်လက်လျှောက်လှမ်းလျှက်ရှိနေတယ်။ ဒါကြောင့် ဒီသဘာဝဘေးအန္တရာယ်တွေဟာ လူသားကို သတိပေးနှိုးဆော်မှုတွေဖြစ်ပြီး သူတို့ဟာ သူတို့ရဲ့လက်ရှိဦးတည်ချက်ကို မပြောင်းလဲဘူးဆိုရင်ဘုရားရှင်ဟာ သူတို့ကိုဖျက်စီးမှာဖြစ်ပြီး သူ့ကို ယုံကြည်သူတွေကိုပဲ ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်တယ်။ သတိပြုရမဲ့အချက်တစ်ခုက ဘုရားသခင်ဒဏ်ခတ်မှုကျရောက်တဲ့အခါမှာ သူဟာယုံကြည်သူတွေကို ဖျက်စီးလိမ့်မှာမဟုတ်ဘူး။ အထက်မှာ ဖော်ပြခဲ့တဲ့ဥပမာတွေအတိုင်းပဲ တမန်တော် နူးဟ်( နောဧ) ၊ အာ့ဒ် ၊ လူးတ် လူမျိုးတွေဆီစေလွှတ်တဲ့ တမန်တော်နဲ့ သူ့ရဲ့နောက်လိုက်တွေဟာ ကယ်တင်ခြင်းခံရပြီး မယုံကြည်သူတွေသာ ဖျက်စီးခြင်းခံရတယ်။


နှောင်းခေတ်ကာလ၏ နိမိတ်လက္ခဏာများ


ဒါကြောင့် ယခုအချိန်ဟာ လူသားတွေအတွက် မကောင်းမှုတွေကို စွန့်လွှတ်ရမယ့် အချိန်ဖြစ်ပြီး ဘုရားရှင်ဘက်ကို နာခံခြင်းဖြင့် ဦးလှည့်ရမယ့် အချိန်ဖြစ်တယ်။ သူတို့ဟာ ယခုလိုလုပ်ဆောင်မယ်ဆိုရင် ဘုရားရှင်ရဲ့ ဒဏ်ခတ်အပြစ်ပေးခြင်းကလွတ်ကင်း ကာကွယ်နိုင်မှာဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ သူတို့ရဲ့အစဉ်အလာပြုမူကျင့်ကြံမှုတွေအတိုင်းဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် သဘာဝဘေးအန္တရာယ်တွေဆက်လက်ကျရောက်နေမှာဖြစ်ပြီး လူသားဟာ နောက်ထက်ကမ္ဘာစစ်တစ်ခုမှာ မိမိကိုယ်ကို ပျက်စီးစေမှာဖြစ်တယ်။

နာဂစ်မုန်တိုင်း (မြန်မာ)

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-