Thursday, June 7, 2012

ကျွန်ုပ်တို့အားလုံး၏ စကြ၀ဋာကမ္ဘာလုံးဆိုင်ရာ ညီအစ်ကိုရင်းခြာဖြစ်ခြင်းဆီသို့



ကျမ်းတော်မြတ်ကုရ်အာန်နှင့် အစ္စလာမ်သာသနာတော်၏ တမန်တော်မြတ် မုဟမ္မဒ် (သခင့်အပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ငြိမ်းချမ်းခြင်းကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်ပါစေသော်ဝ်) တို့က စကြ၀ဋာ ကမ္ဘာလုံးဆိုင်ရာ ညီအစ်ကိုရင်းခြာ၊ ညီအစ်မရင်းခြာဖြစ်ခြင်းသဘောတရားကို သင်ကြားပို့ချပေးပြီး စကြ၀ဋာကမ္ဘာလုံးဆိုင်ရာ လူ့အသိုင်းအဝိုင်းမိသားစုကြီးကို ကိုယ်ချင်းစာတရား စာနာစိတ်ထားကြနိုင်ကြဖို့ ဖန်တီးပေးခဲ့ပါသည်။

ကျမ်းမြတ်ကုရ်အာန်က အစ္စလာမ်သာသနာဝင်များအား လမ်းညွှန်ချက်ပေးထားသည့် ထင်ရှားသော မုက္ခပါတ်တော်များတွင် အစပြုဖော်ပြလေ့ရှိသည်မှာ "အို-သက်ဝင်ယုံကြည်သူအပေါင်းတို့" ဟူ၍ဖြစ် ပါသည်။ သို့သော် ကျမ်းမြတ်ကုရ်အာန်က စကြ၀ဋာ ကမ္ဘာလုံးဆိုင်ရာ ညီအစ်ကိုရင်းခြာ ဖြစ်မှုကို ဖော်ကျူးရန် ကမ္ဘာမိသားစုကြီးတစ်ခုလုံးအတွက် လမ်းညွှန်ချက်ပေးရာ၌ "အို-လူသားအပေါင်းတို့" (O mankind) ဟု ရည်ညွှန်းဖော်ပြပါသည်။

ကျမ်းမြတ်ကုရ်အာန်တွင် ဖော်ပြသည်မှာ -

အို-လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦး ကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော် မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံးကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသော သူဖြစ်၏။ စင်စစ် တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။ (အလ်-ကုရ်အာန် ၄၉.၁၄)

သက္ကရာဇ် ၆၃၀ စီအီး၌ တမန်တော်မြတ်မုဟမ္မဒ်(sa)က မိမိ၏နောက်ဆုံးသော ဟဂ်ျခရီးစဉ်တွင် ဤသည့်ကုရ်အာန့်ညွှန်းကြားချက်ကို လက်တွေ့အကောင်အထည်ဖော်ပြတော်မူခဲ့ပါသည်။ ထိုဟာဂ်ျ ခရီး စဉ်တွင် ကိုယ်တော်မြတ်က သမိုင်းဝင် မိန့်ခွန်းကို မြွက်ကြားတော်မူခဲ့ပါသည်။ ပရိသတ်ပေါင်း တစ်သိန်းကျော်ရှိနေသည့် ထိုကျက်သရေမင်္ဂလာနှင့်ပြည့်စုံသော အခါသမယ၌ ကိုယ်တော်မြတ်က စီးတော်ယဉ်၊ ကုလားအုတ် ကဆ်ဝါ၏ ကျော်ပေါ်တွင် မတ်တပ်ရပ်တော်မူကာ မိမိ၏ လက်ယာနှင့် လက်ဝဲဘက် လက်ညှိုးနှစ်ချောင်းကို ယှဉ်ပြတော်မူခဲ့သည်။ ထို့နောက်မိန့်ကြားသည်မှာ "ဤလက် နှစ်ဘက်မှ လက်ညှိုးနှစ်ချောင်းသည်တူညီနေဘိသကဲ့သို့ လူသားအားလုံးသည်လည်း တစ်ဦးနှင့် တစ်ဦး တန်းတူညီမျှရှိနေ၏။ မည်သူတစ်ဦးတစ်ယောက်မှ အခြားတစ်ဦးထက်သာလွန်သည်မရှိ၊ အခြားသူတစ်ဦးထက်ပို၍ အခွင့်ထူးခံလည်း မဟုတ်။ အသင်တို့အားလုံးသည်ကား ညီအစ်ကိုရင်းခြာ များသာတည်း။ အာရပ်တစ်ဦးသည် အာရပ်မဟုတ်သူတစ်ဦးထက်ပို၍ သာလွန်ခြင်းမရှိ။ အဖြူရောင် အသားအရေပိုင်ဆိုင်သော သူသည်လည်း သူ၏ညီအစ်ကို အမဲရောင်အသားအရေရှိသူထက်ပို၍ သာလွန်ခြင်းမရှိချေ။" 

သမ္မတကြီး အေဗရာဟင်လင်ကွန်း၏ အထူးကျော်ကြားလှသော ဂတ်တီစဘားက်မိန့်ခွန်းထက် အဆ ပေါင်းများစွာပို၍ တမန်တော်မြတ်ကြီး (sa) ၏ ဤမိန့်ခွန်းတော်ကားအစ္စလာမ့်သမိုင်းစာမျက်နှာ တွင် တောက်ပလင်းထိန်လျက်ရှိသည်။

အစ္စလာမ်သည် စကြ၀ဋာကမ္ဘာလုံးဆိုင်ရာ ညီအစ်ကိုရင်းခြာ၊ မောင်နှမရင်းခြာဖြစ်ခြင်းအား ကနဦး ရှေ့ ဆောင်လမ်းပြသည့် သာသနာဖြစ်ပါသည်။

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့အား တည်ထောင်သူအရှင်သူမြတ်၊ တမန်တော်မြတ်ကြီး (sa) ၏ စစ်မှန်သော ကျေးကျွန်များ၏ ခေါင်းဆောင် ဟာဇရသ်မဆီဟ်မော်အုဒ်၊ မဟ်ဒီမော်အုဒ်သခင်ကြီး (as) သည် လွန်ခဲ့သောနှစ်ပေါင်း ၁၂၀ ကျော်က အိန္ဒိယနိုင်ငံတွင် ပွင့်ပေါ်လာပြီးဖြစ်၏။ သခင်ကြီး ပွင့်ပေါ်လာရခြင်း၏ အဓိကအကြောင်းရင်းများထဲတွင် လူသားအားလုံးနှင့် ဘာသာသာသနာအားလုံး ကို ပေါင်းစည်းရန်လည်းပါဝင်သည်။ သာသနာများ၏ တည်ထောင်သူအရှင်သူမြတ်များဖြစ်ကြသော ကွန်ဖြူးရှပ်စ်၊ ဗုဒ္ဓ၊ တာအို၊ ကရစ်ရှနား၊ ရာမ၊ မောရှေနှင့် ယေရှုတို့အားလုံးမှာ တမန်တော်မြတ်များ ဖြစ်ကြသည့်နည်းတူ ထိုသည်ကိုအခြေခံလျက် လူတိုင်းအတွက် သာသနာရေးရာလွတ်လပ်ခွင့်ကို မဆီဟ်မဟ်ဒီသခင်ကြီးက အဓိကလမ်းညွှန်ပြသခဲ့ပါသည်။

သခင်ကြီးသည် တမန်တော်မြတ်ကြီး မုဟမ္မဒ်(sa) ၏ တင်ကြိုဟောကိန်းနှင့်အညီ အစ္စလာမ်သာသနာ တော်ကို မူရင်းအစစ်အမှန်အတိုင်း ပြန်လည်ဖြစ်ထွန်းစေခဲ့ပါသည်။ အစ္စလာမ်သာသနာတွင် စုစည်းညီညွတ်ရေး ပါရာဒိုင်းကြီး ရှိနေပါသည်။ အစ္စလာမ်က အေဗရာဟင်မ်၊ အိုင်ဆက်၊ ဒေးဗစ်၊ ဆော်လမွန်၊ ယောဟန်၊ ယေရှု၊ ဗုဒ္ဓ၊ ကရစ်ရှနား၊ ရာမ၊ ကွန်ဖြူးရှပ်စ်၊ တာအိုနှင့် ဇိုရိုအေစရာတို့ကို ထာ၀ရဘုရားရှင် အလ္လာဟ်အရှင်မြတ်၏ တမန်တော်အစစ်အမှန်များဖြစ် တင်ပြသည်သာမက ထိုတမန်တော်များသည် အရှင်မြတ်၏စေခိုင်းမှုဖြင့် တစ်ပါးတည်းသော အရှင်မြတ်ကိုသာ ချစ်ကြည် မြတ်နိုး ကိုးကွယ်ကြသလို လူသားထုကြီးကိုလည်း ချစ်ခြင်းမေတ္တာကိုသာ ပေးသွားခဲ့ကြပါ သည်။

ကျွန်ုပ်တို့၏ ဤသည့် ကမ္ဘာရွာကြီးတွင် သာသနာအသီးသီး၏ သွန်သင်ချက်များကို အစစ်အမှန် အတိုင်း ပြန်လည်လေ့လာကြဖို့ လိုအပ်နေပါသည်။ ဂျူးများ၊ မွတ်စလင်မ်များ၊ အချို့သော ခရစ်ယာန်များ၊ ဟိန္ဒူများနှင့် အချို့သော ဗုဒ္ဓဘာသာဝင်များ၊ ဆိခ်များ၊ ဇိုရိုအေစတာဘာသာဝင်များ တို့၏ တစ်ပါးတည်းသော အနန္တတန်ခိုးတော်ရှင် ထာ၀ရဘုရားကို ရှာဖွေဖို့ လိုအပ်နေပါပြီ။ အိမ်နီး ချင်းဆိုသည်မှာ အဘယ်နည်း။ ယခုခေတ်ကာလတွင် အိမ်နည်းချင်းဆိုသည်မှာ ကမ္ဘာအရပ်ရပ်ရှိ မိသားစုဝင်အချင်းချင်းကို ခေါ်ဆို၍ ရနိုင်ပြီဖြစ်သည်။

ကျမ်းမြတ်ကုရ်အာန်၏ တင်ကြိုနိမိတ်ဟောကြားချက်အတိုင်း စကြ၀ဋာကမ္ဘာလုံးဆိုင်ရာ ညီအစ်ကို ရင်းခြာမောင်နှမရင်းခြာဖြစ်ခြင်းသဘောတရားသည်ကား လာမည့်ဆယ်စုနှစ်များအတွင်း အထ မြောက်အောင်မြင်လာလိမ့်မည်သာတည်း။ ကျွန်ုပ်တို့အချင်းချင်း လောကီမျက်စိများဖြင့် ကြည့်မြင် ကြပါမူ အင်တာနက်ကမ္ဘာဆိုသည့်အချက်က စကြ၀ဋာဆိုင်ရာ မောင်နှမရင်းခြာဖြစ်ခြင်းကို မီးမောင်း ထိုးပြနေပေသည်။ ၁၉ရာစု၏ ကျော်ကြားလှသော ဂျာမန်ဒဿနပညာရှင်ကြီး ဂျော့ဝီလ်ဟမ် ဖရိုင်းဒရစ် ဟီဂယ်က "ဆင်ခြင်စဉ်းစားမှုကမ္ဘာသာ ပြောင်းလဲခဲ့ပါမူ အမှန်တရားသည် တာရှည်စွာ ဆုပ်ကိုင်ဖုန်းကွယ်ထားနိုင်မည်မဟုတ်။" ဟု ပြောဆိုခဲ့ဖူးပါသည်။

စာဖတ်သူမိတ်ဆွေ - အမှန်တရားအတွက် ဆင်ခြင်စဉ်းစားမှုဉာဏ်စဉ်မြှင့်တင်နိုင်ပါစေသား။


တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-