Tuesday, December 24, 2013

(Truth About Christmas) ခရစ်စမတ် ဟူသည်



Historical Background (သမိုင်းနောက်ခံ)


တန်ခိုးဩဇာ ကြီးမားသော ရောမအင်ပါယာကြီးသည် ဘီစီ
၆၃ ခန့်တွင် ပါလက်စတိုင်းနိုင်ငံငယ်လေးကို သိမ်းပိုက်ထားပြီးဖြစ်သည်။
ပါလက်စတိုင်းနိုင်ငံအနောက်ပိုင်းတွင် နာဇရတ်မည်သော တောင်ကုန်းငယ်လေး
တစ်ခုရှိပြီး ထိုတောင်ကုန်းအနီး ရွာကလေးတစ်ရွာတွင် အင်မရာန်နှင့်
ဟန်နာတို့၏သမီးလေး မာရိမည်သော အပျိုစင်လေးတစ်ဦးရှိလေ၏။
မိခင်ဖြစ်သူဟန်နာသည် မာရိမမွေးမီအလျင်ကပင် မွေးဖွားလာမည့်ကလေးအား
ဂျေရုစလင်ဝတ်ကျောင်းတော်အား အလုပ်အကျွေးပြုရန် စွန့်လှူပါမည်ဟု
သစ္စာဆိုဓိဋ္ဌာန်ပြုခဲ့လေသည်။ ဟန်နာသည် ဝတ်ကျောင်းတော်၌ အလုပ်အကျွေး
ပြုရန် သားယောက်ျားလေးကို ရရှိရန်ဆုတောင်း ခဲ့၏။ အကြောင်းမူ ထိုခေတ်
ထိုအခါတွင် သားယောက်ျားလေးသာ ဝတ်ကျောင်းတော်အား အလုပ်အကျွေး
ပြုရန်သင့်တော်ပြီး ဘုရားလူကြီးများကလည်း လက်ခံထားကြသည့် ထုံးစံရှိ
သောကြောင့် ဖြစ်လေသည်။ သို့သော် သားယောက်ျားလေး မွေးဖွားမလာဘဲ
သမီးမိန်းကလေး မာရိ ဖွားမြင်လေ၏။ ထိုသောအခါ ဟန်နာသည် သူမ၌
သမီးမိန်းကလေး မွေးဖွားလာခြင်းအတွက် သောကကြီးစွာဖြစ်လျက်
ထာဝရဘုရားသခင်ထံ၌ ဤသို့မြည်တမ်းလေ၏။
'အို-အရှင်၊ ကျွန်တော်မျိုးမသည် သမီးမိန်းကလေးကို ဖွားမြင်ပါ၏။'
(ကုရ်အာန် ၃:​၃၇)
ထိုသည့်အခါ အရှင်မြတ်က 'အသင်မ မည်သည်ကို ဖွားမြင်ခဲ့ကြောင်း ငါအရှင်
သည် ပိုမို၍ ကောင်းစွာသိရှိတော်မူ၏' (ကုရ်အာန် ၃;၃၇)ဟု ပြန်လည်
ဖြေကြားလေသည်။ ဆိုလိုသည်မှာ ဤမိန်းကလေးတွင် ထူးကဲသော စွမ်းအင်
အရည်အသွေးတို့ ကိန်းဝပ်နေသည်ကို ငါအရှင်သိတော်မူ၏ဟူ၍ ဖြစ်သည်။

အချိန်ကာလတို့သည် တရွေ့ရွေ့ကုန်ဆုံးလာပြီး မာရိသည်လည်း
အရွယ်ရောက်လာ၏။ အရွယ်ရောက်သည့်အခါ သူမသည် ပါလက်စတိုင်းတွင်
အမြင့်မြတ် အစင်ကြယ်ဆုံးသော အပျိုစင်လေးတစ်ဦးအဖြစ် ထင်ရှားလေ၏။
တစ်နေ့၌ ဝတ်ကျောင်းတော်အတွင်း သူမဝတ်ပြုနေစဉ် ကောင်းကင်တမန်
တစ်ပါးသည် ဘုရားသခင်ထံမှ သားတော်တစ်ပါးရရှိမည့်အကြောင်း သတင်း
စကားကို ဆောင်ယူလာကာ သူမရှေ့တွင် ကိုယ်ထင်ပြ၏။ ကောင်းကင်
တမန်သည် အလွန်လှပခန့်ညားသော လူငယ်အသွင်ဖြင့် သူမရှေ့တွင်
ပေါ်လာခြင်းဖြစ်သည်။ သူမသည် စင်ကြယ်မြင့်မြတ်သော အပျိုစင်ဖြစ်ရကား
ထိုသို့ သူစိမ်းယောက်ျားတစ်ဦးက သူမအနီး ချဉ်းကပ်လာသည်ကိုမြင်လေသော်
တုန်လှုပ်ခြောက်ခြားလျက် နောက်သို့ဆုတ်လိုက်ပြီး- 'ကျွန်တော်မျိုးမသည်
ဘုရားသခင်ထံတော်ပါး၌ ခိုလှုံပါ၏။ အကယ်၍များ အသင်သည်
အရှင်မြတ်အား ရိုကျိုးဦးခိုက်သူဖြစ်ပါမူ ယခုပင် အကျွန်မထံမှ ခွာလော့' ဟု
ဆိုလိုက်လေသည်။

ထိုအခါ ကောင်းကင်တမန်က 'ကျွန်ုပ်သည် ထာဝရဘုရားရှင်ထံမှ
အသင်မထံ စေလွှတ်ခြင်းခံရသော စေတမန်တပါး ဖြစ်ပါ၏။ အသင်မတွင်
များမကြာမီ ပဋိသန္ဓေစွဲကာ သားယောက်ျားလေး ဖွားမြင်မည့်အကြောင်း
သတင်းကောင်းပါးရန် လာရခြင်းဖြစ်ပါသည်'ဟု ပြောလေ၏။
ကောင်းကင်တမန်ထံမှ ထိုသည့် သတင်းစကားကြားရသည့်အခါ သူမ၌
ကြီးစွာသော စိုးရိမ်မှုကို ဖြစ်စေ၏။ အကြောင်းမူ သူမသည် မည်သည့်
ယောက်ျားသား တစ်ဦးတစ်ယောက်နှင့်သော်မျှ ကျွမ်းဝင်ခဲ့ဖူးခြင်း မရှိသော
ကြောင့်ဖြစ်၏ ။

သို့နှင့် မာရိက 'မည်သည့်ယောက်ျားတစ်ဦးမျှ အကျွန်မအား
ထိတွေ့ခြင်းမရှိပါဘဲလျက် အသို့လျှင် အကျွန်မ၌ ပဋိသန္ဓေစွဲကာ သား
ယောက်ျားလေး ရနိုင်ပါအံ့နည်း။'
ထိုသည့်အခါ ကောင်းကင်တမန်က- 'အသင်မ၏ဖန်ဆင်းရှင်သည်
ထသို သို့ အလိုရှိတော်မူ၏။ အရှင်အလိုတော်ရှိသည်တို့သည် မုချဖြစ်ရမည်။
အရှင်မြတ်သည် မိမိအလိုရှိသည့်အရာကို ပြုစွမ်းနိုင်တော်မူ၏။ (အသင်မ၏)
ထိုသားတော်သည် လူခပ်သိမ်းတို့အဖို့ အမှတ်လက္ခဏာတစ်ရပ်အဖြစ်
တွင်ကျန်လိမ့်မည်။ ထို့ပြင် အရှင်မြတ်ဘက်မှ ကရုဏာတော်လည်း ဖြစ်ချိမ့်မည်။
ဤသည် သတ်မှတ်ပြီးဖြစ်သောအရာ ဖြစ်သတည်း။' (ကုရ်အာန် ၁၉ : ၂၁-၂၂)
ထိုသို့ဖြင့် သခင်မလေး မာရိ၌ မည်သည့်ယောက်ျား တစ်ဦး
တစ်ယောက်မျှ၏ ထိတွေ့ခြင်းမရှိဘဲလျက် အရှင့်အလိုတော်ဖြင့် ပဋိသန္ဓေ
နေလေ၏။ မာရိသည် ထပ်၍တစ်ဖန် အိပ်မက်၌ ကောင်းကင်တမန်ကို မြင်၏။
အိပ်မက်တွင် ကောင်းကင်တမန်က သားတော်လေး၏ အမည်နာမကို မာရိ၏
သား မဆီဟာ၊ ယေရှု(အီစာ)အဖြစ် တွင်စေမည့်အကြောင်း သတင်းပေးလာ
ခြင်းဖြစ်၏။ ထို့ပြင် 'ထိုသားတော်လေးသည် ဤလောကကမ္ဘာတွင်
လည်းကောင်း၊ တမလွန်တွင်လည်းကောင်း ထာဝရဘုရားရှင်နှင့်
နီးစပ်သူတို့အနက်မှ ဖြစ်လိမ့်မည်' ဟု ပြောကြားလေသည်။

 The Birth of Jesus (သခင်ယေရှု ဖွားမြင်တော်မူခန်း)


သို့ဖြင့် သခင်မလေး မာရိသည် သားတော်ကို မွေးဖွားရန် အချိန်ကာလတို့
နီးသထက်နီးကပ်လာသည်နှင့်အမျှ ပဋိသန္ဓေမှာလည်း တစထက်တစ သိသာလို့
လာ၏။ လူတို့သည် သခင်မအား အမျိုးမျိုးအထွေထွေ လီဆယ်လုပ်ကြံကာ
ယိုးစွပ်ကြလေသည်။ မတတ်သာသည့်အဆုံး လူတို့နှင့်ဝေးရာအရပ်
Bethlehem ဒေသရပ်ဝန်း တောင်တန်း၊ တောင်ကြားများ ပေါများရာ
ဒေသတွင် သားတော်လေး မွေးဖွားရန် ပြောင်းရွေ့သွားလေ၏။ ထိုအရပ်သည်
ပင် သခင်ခရစ်တော် ဖွားသန့်စင်ရာ ဒေသလည်းဖြစ်သည်။ ထိုမြို့လေးသည်
နာဇရတ်မြို့နှင့် မိုင်ပေါင်း ၇ဝ မျှ ဝေးလံပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ
၂ဝဝဝ မျှမြင့်သော တောင်တန်းငယ်များဖြင့် ဝန်းရံကာစီးထားသည့်
ဒေသပင်ဖြစ်သည်။ ရေစီးသည် တောင်ကုန်းလေးများကြားမှ ကွေ့ကာဝိုက်ကာ
ဖြင့် လှပစွာ တသွင်သွင်စီးနေ၏။ အနီးဝန်းကျင်တွင် ထန်းအုန်းပင်များ
အနှံ့ပေါက်ရောက်လျက်ရှိပြီး စွန်ပလွံပင်များဖြင့်လည်း ပြည့်လျက်ရှိလေသည်။
ထိုသို့လှပစိမ်းစိုလျှက်ရှိသော အရပ် ဒေသသည်ပင် သားတော်လေး မွေးဖွားရာ
ဒေသဖြစ်သည်။ စွန်ပလွံသီးများသီးသော၊ ထန်းအုန်းပင်များ ရှင်သန်စိမ်းစို
သော ရာသီမှာ နွေရာသီဖြစ်ပြီး ဒီဇင်ဘာကဲ့သို့ ခိုက်ခိုက်တုန်အောင်အေးသော
ဆောင်းရာသီမဟုတ်ချေ။


ထို့ပြင် သမ္မာကျမ်းစာလာ 'ထိုပြည်မှာ သိုးထိန်းတို့သည် ညဉ့်အခါ
တောအရပ်၌ တည်းခိုလျက် မိမိသိုးစုကို စောင့်နေကြသည်' (ရှင်လုကာ ၂ း ၈)
ဟူသည့် ရှင်လုကာခရစ်ဝင်ကျမ်းချက်အရလည်း ဒီဇင်ဘာလမဟုတ်ကြောင်း
ထင်ရှားလေသည်။ အကြောင်းမူ ပါလက်စတိုင်းနိုင်ငံ၏ ဆောင်းရာသီသည်
အလွန်ချမ်းအေးလှ ပြီး တောအရပ်ကွင်းပြင်တွင် အကွယ်အကာမရှိဘဲ ဟင်းလင်း
ဗလာဖြင့် ညအိပ်ဖို့ရာမဖြစ်နိုင်ဘဲ တောင့်ခဲ၍သေကုန်ကြမည့်အရေးကို
စိုးရိမ်စရာရှိသောကြောင့်ပင် ဖြစ်သည်။

သခင်ယေရှု ဖွားသန့်စင်ရန်အချိန်သို့ရောက်လတ်သော် မယ်တော်မာရိ
သည် စွန်ပလွံပင်အောက်သို့ဝင်လျက် မှီထိုင်ကာ နာကျင်မှုဒဏ်ကို အလူးအလဲ
ခံစားရရှာလေသည်။ ထိုသို့ဖြင့် သူမသည် ကြီးစွာသော အသံဖြင့် ငြီးငြူလေ၏။
'ဤအရာအားလုံးမတိုင်မီ အကျွန်မသည် သေဆုံးသွားလျှင်သော်လည်းကောင်း၊
မေ့မျောသွားလျှင်သော်လည်းကောင်း ကောင်းပေစွ။'
ထိုသည့်အခါ သူမထံ တောင်ကြားဝန်းကျင်မှ ဘုရားသခင့် အသံတော်
သည် ရောက်ရှိလာလေသည်။
'အသင်မ မှီလျက်ရှိသော အပင်ကို လှုပ်ခါပါလေ။ မှည့်ဝင်းနေသော
စွန်ပလွံသီးတို့သည့် အသင်မထံကြွေကျလာလိမ့်မည်။ ထိုအသီးတို့ကိုစား၍
အသင်မအနီးရှိ တသွင်သွင်စီးသောစမ်းမှ ရေကြည်ကိုသောက်သုံးလျက် နားနေ
လော့။' (ကုရ်အာန် ၁၉ : ၂၄-၂၇)
အကယ်၍ ဆောင်းရာသီဖြစ်ပါမူ စမ်းချောင်းမှရေသည် စီးတွေနိုင်မည်
မဟုတ်ဘဲ အေးခဲနေပါလိမ့်မည်။
အချုပ်ဆိုရသော် ယေရှုခရစ်တော် ဖွားသန့်စင်သည့်ကာလမှာ
ဆောင်းရာသီ(ဒီဇင်ဘာ)မဟုတ်ဘဲ စွန်ပလွံပင်များ သီးပွင့်နိုင်သော၊
ထန်းအုန်းပင်များ စိမ်းလန်းရှင်သန်နိုင်သော၊ တောင်ကျစမ်းရေများ
တသွင်သွင်စီးတွေနိုင်သော၊ လယ်ကွင်းပြင်၌ သိုးထိန်းတို့သည် အကွယ်အကာ
မရှိ ခြုံစောင်မလိုဘဲ အိပ်စက်နိုင်သော နွေရာသီ (ဇူလိုင်၊ ဩဂုတ်လများ)၌သာ
ဖွားသန့်စင်နိုင်စရာ ရှိမည်တည်း။

( www.themuslimtimes.org မှ ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြလိုက်
ပါသည်။)

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-