Monday, February 2, 2015

အဟ်မဒီယာမွတ်စလင်အဖွဲ့၏ အကြီးအကဲ Humanity First (လူသားချင်းစာနာထောက်ထားရေး ဦးစားပေး) လူမှုကူညီရေးအဖွဲ့၏ နိုင်ငံတကာညီလာခံတွင် မိန့်ခွန်းပြောကြား



ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် သခင်က လှူဒါန်းပေးကမ်းခြင်းနဲ့ လိုအပ်နေတဲ့သူတွေကို ကူညီတာဟာ အစ္စလာမ်သာသနာရဲ့ အခြေခံအစိတ်အပိုင်းဖြစ်တယ်လို့ပြောကြားပါတယ်။



ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်အဖွဲ့၏ ဦးစီးခေါင်းဆောင် ပဥ္စမမြောက် ခလီဖာသခင် ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် ဟာ ( ၂၀၁၅ ) ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ Humanity First (လူသားချင်းစာနာထောက်ထားရေး ဦးစားပေး) လူမှုကူညီရေးအဖွဲ့ရဲ့ နိုင်ငံတကာ ညီလာခံမှာ အရေးပါတဲ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

လန်ဒန်မှာရှိတဲ့ ဘိုင်တုလ် ဖူတူ (Baitul Futuh) ဗလီမှာ ၂ ရက်ကြာ ကျင်းပတဲ့ ဒီညီလာခံကို ကမ္ဘာအနှံ့ နိုင်ငံ ၁၅ နိုင်ငံက ကိုယ်စားလှယ်ပေါင်း (၁၃၀) တက်ရောက်ခဲ့ပါတယ်။

မိန့်ခွန်းပြောကြားရာမှာ  ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် သခင်က လူသားအကျိုးပြုတာဝန်ထမ်းဆောင်ခြင်းဟာ အစ္စလာမ့် အခြေခံသွန်သင်ချက်ဖြစ်ပြီး Humanity First လူမှုကူညီရဲ့အဖွဲ့အစည်းဟာ ဒီသွန်သင်ချက်ရဲ့ နှိုးဆော်မှုကြောင့်ဖြစ်တယ်လို့ပြောဆိုပါတယ်။ သခင်က ဒီအဖွဲ့အစည်းရဲ့ နာမည်ကိုယ်၌က ရည်ရွယ်ချက်နဲ့ ဦးတည်ချက်တွေကိုဖော်ပြနေပြီး .... လူတစ်ဦးတစ်ယောက်ဟာ မိမိရဲ့ ပုဂ္ဂလလိုအပ်ချက်ထက် အခြားသူတွေရဲ့ လိုအပ်ချက်တွေကို စဉ်းစားအလေးထားဖို့ ညွှန်းဆိုနေပါတယ်။

သခင်က အဟ်မဒီယာမွတ်စလင်အဖွဲ့ကို တည်ထောင်သူ ဟာဇရတ် မီရ်ဇာ ဂူလာမ် အဟ်မဒ် သခင် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ရဲ့ ရေးသားချက်ကို ညွှန်းဆိုပြီး မိန့်ခွန်းကို စတင်ပါတယ်။

"အီမာန်ယုံကြည်မှုနဲ့ ပတ်သတ်လို့ အပိုင်းနှစ်ပိုင်းပဲရှိပါတယ်။ အဲ့ဒီမှာ တစ်ခုက ဘုရားသခင်ကို ချစ်ဖို့နဲ့ အခြားတစ်ခုက လူသားချင်းမေတ္တာထားဖို့ဖြစ်ပါတယ်။ လူသားချင်းမေတ္တာထားတဲ့နေရာမှာ တခြားသူတစ်ဦးတစ်ယောက် ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ စမ်းသပ်ချက်တွေကို မိမိခံစားနေရတဲ့အလား စဉ်းစားတွေးတောပြီး သူတို့အတွက် သင့်တော်တာကိုလုပ်ကိုင်ဆောင်ရွက်ပြီး ဘုရားသခင်ထံ ဆုတောင်းပေးတဲ့ အတိုင်းအတာအထိဖြစ်ရပါမယ်။"



ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် သခင်က အဟ်မဒီ မွတ်စလင်တွေဟာ အလ္လာဟ်အရှင်မြတ် နှစ်သက်ဖို့အတွက် နိုးကြားကြတာဖြစ်တဲ့အလျှောက် ဒီလူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လှူဒါန်းမှု ဆောင်ရွက်ချက်တွေအတွက်လည်း အရှင်မြတ်ထံကပဲ အကူအညီတောင်းခဲ့ကြတယ်။


ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် သခင်ပြောကြားရာမှာ ..

"အဟ်မဒီမွတ်စလင်တွေဟာ စစ်မှန်တဲ့စာနာထောက်ထားမှုစိတ်ဓာတ်၊ ကရုဏာ လူသားချင်းမေတ္တာတရားထားရှိ ကူညီနိုင်တဲ့အင်အားရရှိဖို့ အလ္လာဟ်အရှင်ရှေ့မှောက်မှာ ရိုသားစွာ ဦးညွတ်ဆုတောင်းမှုတွေပြုခဲ့ကြတယ်။ သူတို့ဟာ ကိုယ်ကျိုးမဖက်တဲ့စိတ်ဓာတ်နဲ့ တခြားသူတွေရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို သူတို့ကိုယ်တိုင်ရဲ့ နာကျင်ပူဆွေးမှုတွေအလား စဉ်းစားပြီး အရှင်မြတ်ထံမှာ အကူအညီတောင်းခံခဲ့ကြတယ်။ သူတို့ဟာ တခြားသူတွေရဲ့ စမ်းသပ်ချက်တွေနဲ့ နာကျင်ခံစားရမှုတွေကို ဖယ်ရှားပေးနိုင်ဖို့ ဆုတောင်းကြတယ်။ "

သခင်က ကတိတော်ရ မဆီဟ်သခင်ဟာ အဟ်မဒီယာ မွတ်စလင်အဖွဲ့ကို  မိမိနဲ့ဘဝတူလူသားတွေရဲ့အကျိုးကိုဆောင်ရွက်ဖို့ စဉ်ဆက်မပြတ် တိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ပြောပါတယ်။ 

ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် သခင်ပြောကြားတာက ...

" မှတ်သားကြပါ ... ကတိတော်ရ မဆီဟ်သခင်က သူ့ရဲ့နောက်လိုက်တွေကို ဝကဖ် စွန်လွှတ်လှူဒါန်းမှု ပုံစံတစ်မျိုးကို သွန်သင်ခဲ့တယ်။ အဲ့ဒါဟာ အရှင်မြတ်အတွက် မိမိဘဝကို ပုံအပ်ခြင်းပဲဖြစ်တယ်။ ဘုရားရှင်ရဲ့ ဖန်ဆင်းခံတွေကို အကျိုးပြုဖို့ ဒီနောက် သူတို့အပေါ်မေတ္တာထားဖို့ပဲဖြစ်တယ်။ ဒီအတွက် အစစ်အမှန် ကိုယ်ကျိုးမဖက်မှုနဲ့ အခြားသူတွေကို ချစ်မြတ်နိုးမှုလိုအပ်တယ်။"

ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် သခင်က

"လူသားချင်းစာနာထောက်ထားကူညီရာမှာ လူတစ်ယောက်ဟာ တခြားသူတစ်ဦးတစ်ယောက်ရဲ့ အခက်အခဲတွေနဲ့  ဝန်ထုပ်ဝန်ပိုးကို သူ့ရဲ့ပုခုံးပေါ်တင်ပြီး ဖြေရှင်းခြင်းမပြုရသေးသမျှကာလပတ်လုံး အနားမယူဘဲနေထိုင်ဖို့လိုတယ်။ တစ်ဦးတစ်ယောက်ရဲ့ နှလုံးသားမှာ အခြားသူတွေကို ချစ်ခင်တဲ့ စိတ်နဲ့ပြည့်နေပြီး မိမိသက်တောင့်သက်သာရှိဖို့ကို ဂရုမထားဘဲ အခြားသူတွေသက်သာရာရဖို့အတွက် စဉ်းစားပေးတာဖြစ်တယ်။ တစ်ဦးတစ်ယောက်ဟာ တခြားသူတွေရဲ့ စိတ်ပျက်အားငယ်မှုတွေကို မိမိကိုယ်တိုင်ခံစားရတဲ့အလား စဉ်းစားပြီး ဒီအတွက် ကြံ့ကြံ့ခံဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေတာဖြစ်တယ်။ သူဟာ တခြားသူတွေ အေးချမ်းရောင်ရဲ့စွာနေနိုင်ဖို့ မိမိကိုယ်တိုင် စိုးရိမ်ပူပန်မှုတွေကို သည်းခံ ခံယူဖို့အတွက် အဆင့်သင့်ဖြစ်နေတာဖြစ်တယ်။ "

"ဒီအခြေခံအကျဆုံး ရည်ရွယ်ချက်နဲ့ Humanity First (လူသားချင်း စာနာထောက်ထားရေး ဦစားပေး) ကို အမည်ပေးထားတာဖြစ်တယ်။ လူသားထုတစ်ရပ်လုံးက ပထမ မိမိကိုယ်ပိုင်ပျော်ရွှင်မှုနဲ့ သက်တောင့်သက်သာရှိဖို့က ဒုတိယဖြစ်တယ်။ ဒါကြောင့် Humanity First နဲ့ ဆက်စပ်လုပ်ကိုင်နေကြတဲ့သူတွေ စီမံခန့်ခွဲရေးပိုင်းဆိုင်ရာကဖြစ်စေ၊ ပါဝင်လုပ်ဆာင်သူတွေ၊ လုပ်အားပေးတွေဖြစ်စေ ဒီသဘောတရားနဲ့ ဒီစိတ်ဓာတ်ကို နားလည်ထားဖို့လိုအပ်တယ်။ "




သခင်က Humanity First ရဲ့ အောင်မြင်မှု သော့ချက်ဟာ ဝတ်ပြုဆုတောင်းခြင်းသာ ဖြစ်တယ်လို့ နိဂုံးချုပ်ပြောကြားပါတယ်။ သမိုင်းဟာ Humanity First ရဲ့ လုပ်ငန်းဆောင်တာတွေမှာ အလ္လဟ်အရှင်မြတ်ရဲ့ ကောင်းချီးပေးမှုရှိတယ်ဆိုတာ သက်သေခံနေပြီလည်းဖြစ်ပါတယ်။

"အဖွဲ့ဝင်တိုင်း သတိရရမှာက ဝတ်ပြုခြင်းသာဖြစ်ပြီး ၊ ဝတ်ပြုခြင်းသက်သက်ကသာ တစ်ဦးတစ်ယောက်ရဲ့ ကြိုးစားဆောင်ရွက်ချက်တွေကို ကောင်းချီးပေးခြင်းခံရစေမှာဖြစ်တယ်။ ကောင်းမွန်တဲ့ အကျိုးရလာဒ်တိုင်းဟာ အရှင်မြတ်ရဲ့ ကောင်းချီးသက်သက်သာဖြစ်တယ်။ ကျွန်တော်တို့ ကြိုးပမ်းအားထုတ်မှုတွေအပေါ် ကောင်းချီးပေးခံရခြင်းရဲ့ ခိုင်မာတဲ့ အကြောင်းအရင်းဟာလည်း ဝတ်ပြုခြင်းသာဖြစ်ပြီး အင်ရှာအလ္လာ အရှင်မြတ်အလိုတော်နဲ့ အမြဲတမ်း ဒီလိုဖြစ်သွားပါစေ။ သေချာတာက Humanity First အဖွဲ့ရရှိတဲ့ ငွေကြေးထက် လုပ်ကိုင်ဆောင်ရွက်မှုရလာဒ်တွေဟာ သာလွန်လျှက်ရှိပါတယ်။ "

ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် သခင်က ဆုတောင်းနဲ့ မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။



"အလ္လာဟ်အရှင်မြတ်က Humanity First အဖွဲ့ကို အင်အား တိုးသထက် တိုးတက်ပြီး၊ ကတိတော်ရ မဆီဟ် ပျိုးထောင်သင်ကြားပေးခဲ့တဲ့အတိုင်း ရိုးသားတဲ့စိတ်ဓာတ်၊ လူသားခြင်း စာနာမေတ္တာထားမှုတို့ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အင်အားပေးပါစေ။ " (အာမင်)

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-