Saturday, May 3, 2014

ခလီဖာစနစ်၏ ကောင်းချီးမင်္ဂလာ


တမန်တော်မြတ်ကြီး (ဆွ) သည် မိမိမရှိတော့သည့်နောက်ဝယ်ဖြစ်ပေါ်လာမည့် ခေလာဖသ်စနစ်နှင့် မလူကီယသ် (ဘုရင်စနစ်) တို့၏ အမျိုးမျိုးသော ပုံပန်းသဏ္ဍန်ကို ဖော်ကျူးလျှက် ဤသို့ အနာဂတ္ထိဟောကိန်း မိန့်မြွက်ခဲ့ပေသည်။


ဟဇရသ် ဟိုဇိုင်ဖာ ဘင်န် ယမာန် ဆင့်ပြန်ပြောကြားချက်အရ တမန်တော်မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်မှာ  -
" အသင်တို့တွင် 'နဗူဝသ်' တမန်တော်စနစ်သည် အလ္လာဟ်အရှင်မြတ်အလိုတော်ရှိသော ကာလတစ်ရပ်အထိ တည်ရှိပေလိမ့်မည်။ ထို့နောက်အရှင်မြတ်သည် ယင်းတမန်တော်စနစ်ကို မ, ယူ ရုတ်သိမ်းလိုက်မည်။ ယင်းနောက် တဖန် " ကွတ်ဒ်ရသေဆာနီယာ' (ဒုတိယတန်ခိုးတော်) အဖြစ် 'ခေလာဖသ် အလာမင်န်ဟာဂျေ နဗူဝသ်' ( နဗူဝသ်ကို အခြေခံသော ခေလာဖသ်စနစ်) တည်ရှိလာပေလိမ့်မည်။ ထို့နောက် အလ္လာဟ်အလိုတော်ရှိသော ကာလတွင် ယင်း(ကောင်းကျိုးချမ်းသာ)ကိုလည်း မ, ယူ ရုတ်သိမ်းတော်မူမည်။ ထို့နောက် တဖန် အရှင်မြတ်၏ "သက်ဒီရ်တော်" စီရင်ချက်အတိုင်း ရက်စက်ကြမ်းကြုတ်သော ဘုရင်စနစ်ရပ်တည်လာပြီး ဆင်းရဲဒုက္ခ ခံစားကြရလိမ့်မည်။ ထိုသည့် ခေတ်ကာလကုန်ဆုံးသည့်အခါ အတင်းအဓမ္မစနစ်၊ ဆိုးသွမ်းမိုက်မဲသော ဘုရင်စနစ် တည်ရှိလာပြီး ၎င်းတို့၏ ဆိုးသွမ်းရက်စက်မှုကြောင့် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှာ ဆူပွက်အုံကြွလာကာ ဤသည့်ဆိုးသွမ်းမိုက်မဲသော ခေတ်ကာလကို ချုပ်ငြိမ်းစေလိမ့်မည်။ ထိုသည့်နောက် တဖန် ' ခေလာဖသ် အလာမင်န်ဟာဂျေနဗူဝသ်' ပြန်လည်တည်တံ့လာလိမ့်မည် " ကိုယ်တော်မြတ်ကြီး (ဆွ) သည် ထိုသို့မိန့်ကြားပြီးနောက် ဘာမျှထပ်မပြောတော့ဘဲ ခပ်မဆိတ် နေတော်မူလေသည်။ (မွတ်စ်နဒ်ဘင် အဟ်မဒ်)

ထိုသည့်အတိုင်းပင် တမန်တော်မြတ်ကြီး (ဆွ) ကွယ်လွန်အနိစ္စရောက်ပြီးနောက်တွင် 'ခေလာဖသ် အလာမင်န်ဟာဂျေ နဗူဝသ်' ဖြစ်တည်လာခဲ့သည်။ ထို့နောက် ဗနူအုမိုင်ယာ မင်းဆက်တည်ရှိလာခဲ့သည်။ ထို့နောက် အဘာဆီယာမင်းဆက်၊ ထို့နောက် တဖန် အွတ်စမာနီယာမင်းဆက် စသဖြင့် အဆက်ဆက်ပေါ်ထွန်းလာခဲ့သည်။ ထိုသည့်နောက် ဟစ်ဂျရီ (၁၃၂၆) ခု ခရစ်သက္ကရစ် (၁၉၀၈) ခုနှစ်တွင် ဟဇရသ် အေမာမ် မဟ်ဒီ - မဆီ မော်အုဒ်  ကွယ်လွန်တော်မူပြီးနောက်တွင် ' ခေလာဖသ် အလာမင်န်ဟာဂျေ နဗူဝသ် ' သည် ဒုတိယတစ်ဖန်ပြန်လည်ဖြစ်တည်လာခဲ့ပြီး ၎င်းမှာ (အင်ရှာအလ္လာဟ်) " ကေယာမသ် " ကမ္ဘာ့နောက်ဆုံးနေ့များတိုင် မြဲမြံစွာတည်ရှိလိမ့်မည်ဖြစ်ပေသည်။


ပဥ္စမမြောက် ခလီဖာ ဟဇရသ် မိရ်ဇာ မတ်စ်ရူရ် အဟ်မဒ်
ပဥ္စမမြောက် ခလီဖာ ဟဇရသ် မိရ်ဇာ မတ်စ်ရူရ် အဟ်မဒ်

ကျမ်းတော်မြတ်ကိုရ်အာန်တွင်လည်း အလွန်ထင်ရှားရှင်းလင်းစွာ မိန့်ကြားထားသည်မှာ -
"အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် အီမာန် သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်စွာ ကျင့်မူဆောက်တည်သူတို့အား ၎င်းတို့အလျှင်က ရှိခဲ့ကြသူတို့တွင် ခလီဖာ ခန့်ထားအုပ်ချုပ်စေတော်မူခဲ့သည့်နည်းတူ ၊ ၎င်းတို့အားလည်း ကမ္ဘာမြေဝင် ခလီဖာ ခန့်ထားအုပ်ချုပ်စေတော်မူမည်ဟု ကတိပြုတော်မူသည်။ " ကိုရ်အာန် ( ၂၄ : ၅၆)

ဤမုက္ခပါဒ်တော်အားဖြင့် သိရှိရသည်မှာ အီမာန် (သက်ဝင်ယုံကြည်မှု) နှင့် အအ်မာလေဆွာလေဟ် (ကောင်းမြတ်စွာကျင့်သုံးဆောက်တည်ခြင်း) မရှိသူတို့အဖို့ " ခေလာဖသ်" တည်းဟူသော အလ္လာဟ်အရှင်မြတ်၏ ကောင်းချီးမင်္ဂလာကို မည်သို့ရရှိနိုင်ပါအံ့နည်း။ အလ္လာဟ်အရှင်မြတ်၏ ထိုသည့် ကတိစကားမှာ " အီမာန် " နှင့် " အအ်မာလေဆွာလေဟ် " ဟူသော ခြွင်းချက်ဖြင့် ပြုထားခြင်းဖြစ်ပေသည်။ အကယ်၍ ယင်းအရည်အသွေးများမရှိပါက ထိုကတိတော်မှာလည်း ပြည့်စုံလာလိမ့်မည် မဟုတ်ချေ။ တမန်တောမြတ်ကြီး မိန့်ကြားတောမူခဲ့သော ဟဒီးစ်တော်အားဖြင့် အထင်အရှားသိရှိရသည်မှာ ကိုယ်တော်သည် မွတ်စလင် အွမ္မသ်၏ ဆုတ်ယုတ်ကျဆင်းမှုကို ဖော်ပြမိန့်ကြားခဲ့သည်နှင့်အတူ ထိုအချိန်အခါတွင် ' အေမာမ် မဟ်ဒီ ' အားဖြင့် သာသနာတော်ကို ရှင်သန်စေမည့်အကြောင်း သတင်းကောင်းလည်းပါးခဲ့ပေသည်။ ထို့ပြင် အေမာမ်မဟ်ဒီအားဖြင့် " အီမာန်" နှင့် "အအ်မာလေဆွာလေဟ် " ဟူသော စည်းကမ်းကန့်သတ်ချက်ကို အပြည့်အဝနာယူပြီး "ခေလာဖသ် အလာမင်န်ဟာဂျေ နဗူဝသ်" ဟူသော ကောင်းချိးမင်္ဂလာတော်ကို အမွေခံထိုက်သည့် ဂျမာအသ် အစုအဖွဲ့တစ်ခု ပေါ်ထွန်းလာမည်ဖြစ်ကြောင်းလည်း သတင်းကောင်းပါးခဲ့ပေသည်။

ဤသို့ဖြင့် ထိုသည့် အနာဂတ္ထိဟောကိန်းအတိုင်းပင် အေမာမ်မဟ်ဒီအားဖြင့် အစ္စလာမ်သာသနာတော်ရှင်သန်ရေးနှင့် ရှရီအသ်ဓမ္မဥပဒေခိုင်မာစိုးမိုးရေး လုပ်ငန်းလုပ်ဆောင်မူများမှာ စတင်ခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် သာသနာဖြန့်ချီရေး လုပ်ငန်းသည်လည်း အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် ခလီဖာစနစ် အရိပ်အောက်ဝယ် ကမ္ဘာလောကတစ်ခုလုံးသို့ ဖြန့်ကျက်လုပ်ဆောင်နေပြီ ဖြစ်သည်။ အေမာမ် မဟ်ဒီ မဆီဟ်မော်အုဒ် အား အရိုက်အရာဆက်ခံသော ခလီဖာကြီးများအားဖြင့် အစ္စလာမ် သာသနာတော်ဖြန့်ချီရေးမှာ လွန်စွာကြီးမား ကျယ်ပြန့်ခဲ့ပြီး ယခုအခါ ပဥ္စမမြောက် ခလီဖာ ဟဇရသ် မိရ်ဇာ မတ်စ်ရူရ် အဟ်မဒ် ၏ အုပ်ချုပ်ကွပ်ကဲမှုအောက်ဝယ် အဖွဲ့ဝင်တိုင်းက သာသနာ့အလုပ်အကျွေးကို ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်နေကြပါသည်။ နှစ်စဉ်နှစ်တိုင်း ဘာသာအသီးသီး၊ ဂိုဏ်းကဏ္ဍ အသီးသီးမှ ထောင်သောင်းမက သိန်းပေါင်းများစွာသော ဖြူစင်သူများမှာ အဖွဲ့တွင်းသို့ ဝင်ရောက်လာကြလျှက်ရှိပေသည်။ အလ္လာဟ်အရှင်မြတ်က ကိုယ်တော်မြတ်ကြီး (ဆွ) ထံ ပို့ချပေးတော်မူခဲ့သော နောက်ဆုံး ကျမ်းဂန်မြတ် ကိုရ်အာန်ကျမ်းကိုလည်း အထင်အရှား ကမ္ဘာ့ဘာသာစကားအသီးသီးဖြင့် ပြန်ဆိုခဲ့ပြီး ခေလာဖသ် အေးရိပ်ဆာယာ၏ အကျိုးကျေးဇူးဖြင့် ဖြန့်ချီခဲ့ပြီးဖြစ်ပါသည်။ အကယ်၍ ဤအဖွဲ့အစည်းက ခေလာဖသ် သို့ အလ္လာဟ်အရှင်မြတ်၏ ကြိုးကို မြဲမြံစွာ စွဲကိုင်ထားမှုမရှိပါက ၎င်းတို့သည်လည်း အခြားသော မွတ်စလင် အသင်းအဖွဲ့များကဲ့သို့ပင် အစိတ်စိတ်အမွှာမွှာ ကွဲပြားခြားနားခြင်းတွင်နစ်လျှက် အစ္စလာမ့်အလုပ်အကျွေးပြုခြင်းတည်းဟူသော လက်တွေ့ကွင်းပြင်တွင် ဘာမျှစွမ်းဆောင်ပေးနိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ယနေ့မွတ်စလင်ထုကြီး တစ်ရပ်လုံး လုံခြုံငြိမ်းချမ်းရေးနှင့် သုခချမ်းသာ ရရှိရေးအတွက် တမန်တော်မြတ်ကြီး (ဆွ) မိန့်ကြားထားခဲ့သည့်အတိုင်း အေမာမ်မဟ်ဒီ အားဖြင့် တည်တံ့လာသော ခေလာဖသ် စနစ်ကို လက်ခံလိုက်ပြီး အရှင်မြတ်ထံတော်မှ စေလွှတ်ခြင်းခံရသော ခေတ်ကာလ၏ အေမာမ် ခေါင်းဆောင်နှင့် ၎င်းကိုအကြောင်းပြု၍ တည်တံ့လာသည့် မင်္ဂလာရှိလှစွာသော ခလီဖာစနစ်နှင့် ဆက်နွယ်လိုက်ခြင်းဖြင့် ၎င်းတို့၏ သာသနာရေး၊ လောကီရေး သဘောထားကွဲပြားမှုပြဿနာ အလုံးစုံမှာ ဖြေရှင်း ပြေငြိမ်းသွားစေနိုင်ပေသည်။ တမန်တော်မြတ်ကြီး (ဆွ) က " ဟကမ် " နှင့် " အဒလ် " ( တရားမျှတသော ခုံသမာဓိ) အဖြစ်သတ်မှတ်ပေးခဲ့သူ အရှင်သူမြတ်အား စွန့်ပယ်လျှင် မွတ်စလင်တို့မှာ အကျိုးယုတ် ပျက်စီးခြင်းမှတပါး အခြားဘာကိုမျှ ရရှိလိမ့်မည်မဟုတ်ချေ။ ထို့ပြင် ၎င်းတို့သည် မည်သည့်အရာကိုမျှလည်း စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ချေ။ ၎င်းတို့ ယခုကဲ့သို့ မျက်နှာလွှဲဖယ် မသိကျိုးကျွံ ပြုနေခြင်းမှာ စင်စစ် ကိုယ်တော်မြတ်ကြီး၏ အမိန့်အား ပွင့်လင်းထင်ရှားစွာ မနာခံ ဖီဆန်သူများအဖြစ် ရှိနေကြသရွေ့ " ကေယာမသ် " နေ့တိုင်အောင် မိမိတို့ အချင်းချင်း မညီမညွတ် တိုက်ခိုက်နေမှုများမှ လွတ်မြောက်ကြရမည်မဟုတ်သလို အစ္စလာမ့် ရန်သူများနှင့် ယှဉ်ပြိုင်ရာတွင်လည်း အစဉ်အမြဲ ရှုံးနိမ့်ကျဆင်းနေပေလိမ့်ည်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-