Friday, February 15, 2019

လောကလူသားအားလုံအတွက် ပွင့်ပေါ်လာသောတမန်တော်


တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)မှတပါး ရှေးအထက်က တမန်တော်များမှာ သူတို့နှင့်သက်ဆိုင်ရာ လူမျိုးစု၊ ဒေသတစ်ခုအတွက်သာ ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် အာဒမ်(အ)မှစ၍ ခေတ်အဆက်ဆက် ကမ္ဘာ့လူသားမျိုးနွယ်အသီးသီးထံသို့ သတိပေးနှိုးဆော်သူ တမန်တော်များစေလွှတ်တော်မူပြီး လူသားတို့အားလမ်းညွှန်တော်မူခဲ့၏။ဤသည်ကိုပင် ကျမ်းတော်မြတ်ကုန်အာန်၌-
'ဝလေကွလ်လေ ကောင်းမင်န် ဟားဒင်န်'
လူမျိုးတိုင်းအတွက် သတိပေးနှိုးဆော်သူ တမန်တော်တစ်ပါးစီရှိ၏ ဟူ၍အရှင်မြတ်က မိန့်ဆိုထားပေသည်။

ထိုရှေးအဆက်ဆက်ကပွင့်ပေါ်ခဲ့သော နဗီတမန်တော်တို့မှာ သူတို့နှင့်ဆိုင်ရာမျိုးနွယ်၊ ဒေသတစ်ခုအတွက် သာလျှင်ပွင့်ပေါ်လာခဲ့ရခြင်းဖြစ်ပြီး ကမ္ဘာလောကတစ်ခုလုံးရှိ လူသားအားလုံးအတွက် ပွင့်ပေါ်လာခဲ့ကြခြင်းမဟုတ်ချေ။ အလ္လာဟ်
အရှင်မြတ်သည် ထိုကဲ့သို့နဗီတမန်တော်များ အဆက်ဆက်စေလွှတ်ခဲ့ပြီး နောက်ဆုံးတွင်ကမ္ဘာ့လူသား အားလုံးကို လမ်းညွှန်ရန်အလို့ငှါ မဟာလူသားတမန်တော် မိုဟမ္မဒ်မွတ်စ်တဖာ (ဆွ)ကို စကြာဝဠာအပေါင်းအတွက် ကရုဏာတော်အဖြစ်စေလွှတ်တော်မူခဲ့ပေသည်။ တမန်တော်မြတ်ကြီး(ဆွ)အား အရှင်မြတ်ကကြငြောစေသည်မှာ-
'ကွလ် ယာအိုင်ယုဟန်နားစ် အင်နီရစူလွလ္လာဟေ အေလိုင်းကွန်မ်ဂျမီးအာ'
ပြောလော့၊ အို- လူသားအပေါင်း ကျွနု်ပ်သည် အသင်တို့အားလုံးအတွက်တမန်တော်အဖြစ် စေလွှတ်ခြင်းခံရ၏။ ( ရး ၁၅၉ )
ထို့ကြောင့် ကိုယ်တော်သည်ကမ္ဘာ့လူသားအားလုံး ကယ်တင်လွတ်မြောက်ရေးအတွက်လမ်းညွှန်တော်အဖြစ် ပွင့်ပေါ်လာခဲ့ပေသည်။
'ဝမာအရ် ဆလ်နားက အိလ္လာရာဟ်မသလ်လိလ်အာလမီန်'
ငါသည် အသင်တမန်တော်အား စကြာဝဠာကမ္ဘာလောကအပေါင်းအတွက်
ကရုဏာတော်အဖြစ် စေလွှတ်တော်မူ၏။( ၂၁း ၁ဝ၈ )

ထို့နောက် သမ္မာကျမ်း၌သခင်ယေရှု(ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) က မိမိနောက်တွင် ပွင့်ပေါ်လာမည့် တမန်တော်နှင့်စပ်လျဉ်း၍မိန့်ဆိုသည်မှာ-
'သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း သင့်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့သွန်သင်ပြသလိမ့်မည်။' (ရှင်ယောဟန် ၁၆း ၁၃)
ထို့အပြင်-
'ယခုမှစ၍ငါသည် သင်တို့နှင့်များစွာမပြောရ။ အကြောင်းမူ ဤလောက
ကိုအစိုးရသော မင်းသည်လာဆဲဖြစ်၏။' (ရှင်ယောဟန် ၁၄း ၃ဝ)
ဓမ္မဟောင်းကျမ်း၌ တမန်တော်မောရှေအား ထာဝရဘုရားသခင်ကမိန့်ဆိုသည်မှာ-
'သူတို့အမျိုးသားတို့အထဲ၌ သင်နှင့်တူသော ပရောဖက်တပါးကို သူတို့အဖို့ငါပေါ်ထွန်းစေ၏။' (တရားဟောရာကျမ်း ၁၈း ၁၈)

ထို့ကြောင့် စကြာဝဠာကမ္ဘာလောကတစ်ခုလုံးဆိုင်ရာ တမန်တော်မြတ်ကြီးကိုစေ လွှတ်ပြီးသည့်နောက်တွင် လူသားအားလုံးအဖို့ အရှင်မြတ်နှင့်နီးစပ်ရန် လမ်းကြောင်းမှာ လည်းတစ်ခုတည်းသာလျှင် ရှိပေတော့သည်။ ယင်းမှာ-
'ကွလ်အင်န်ကွန်သွန်မ် သုဟိဘ်ဘူးနလ္လာဟာ ဖသ်သဘေအူးနီ၊ ယိုဟ်ဘိဘ်ကုမွလ္လာဟ်' ( ၃း ၃၂ )

'ပြောလော့၊ အကယ်၍အသင်တို့သည် အလ္လာဟ်၏ ချစ်ခြင်းကိုခံယူလိုကြပါလျှင် ကျွန်ုပ်၏ နောက်သို့ထပ်ကြပ်မကွာလိုက်ကြလော့။သို့ဖြင့်အရှင်မြတ်အသင်တို့အား ချစ်မြတ်နိုးလာပေလိမ့်မည်။' ထို့ကြောင့် လူသားဖန်ဆင်းခံရခြင်း၏ ရည်ရွယ်ချက်ကို ပေါက်မြောက်ရန်၊ဘဝရှင်နှင့် ချစ်ခင်ပေါင်းစည်းရန်နည်းလမ်းမှာ တမန်တော်မြတ် မိုဟမ္မဒ်(ဆွ)၏နောက်သို့လိုက်ရန်သာရှိပေတော့သည်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-