Sunday, March 9, 2014

ကျွန်ုပ်တွေ့ကြုံခဲ့ရသော ကတိတော်လာ မဆီဟ်သခင်




၁၉၀၃ ခုနှစ် တစ်နေ့၌ ကျွန်ုသည် ကာဒီယံမြို့သို့ ခရီးထွက်ခွာလာခဲ့ရာ လမ်းခုလတ် ဘတ်တလာမြို့ မြင်းလှည်းတစ်စီးပေါ်တွင် အာရဗ် လူငယ်တစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။ သူက မိမိ်ကိုယ်ကို မဆီဟ်ဟု ကြေငြာသော မီရ်ဇာသခင်အား တွေ့ရန် ထွက်လာခဲ့ခြင်းဖြစ်ကြောင်းပြော၏။ ကာဒီယန်သို့ ရောက်သောအခါ ကျွန်ုသည် သူ့အား ဧည့်ဂေဟာသို့ ခေါ်သွားပြီး ညနေပိုင်းတွင် မိုဘာရက်ဗလီ၌ မဆီဟ်သခင်နှင့်တွေ့ရန် သွားမည်ဟု ပြောခဲ့သည်။


ထိုသူသည် ညနေဝတ်ပြုချိန် ပြီးသောအခါမှာသာ မိုဘာရက်ဗလီသို့ ရောက်လာပြီး မဆီဟ်သခင်ကို ကိုယ်တိုင်သွားရောက် မိတ်ဆက်သည်။ ဘဂ္ဂဒက် ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲဲ႕ ရရှိခဲ့ပြီး လက်ခနောင်မြို့တွင် လက်တွေ့ကွင်းဆင်းခဲ့ကြောင်း ပြောပြသည်။ ဆက်၍ မဆီဟ်နှင့် မဟ်ဒီ ဟု ကြေညာခဲ့သော ခင်ဗျား၏ ကြေငြာချက် မှန်မမှန် လေ့လာရန်သက်သက် ကျွန်တော် ကာဒီယန်သို့ လာခြင်းဖြစ်သည်ဟု ပြောဆိုပါသည်။ မဆီဟ်သခင်ကလည်း နွေးထွေးစွာ နှုတ်ခွန်းဆက်သလျှက် ကြိုက်သလောက်ဆက်နေနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။

ယင်းလူငယ်သည် အရပ်မြင့်သူဖြစ်ပြီး ဥရောပ ဝတ်စုံကို ဆင်မြန်းကာ တူရကီဦးထုပ် ဆောင်းထားသည်။ အူရဒူစကားကို ကောင်းမွန်စွာ ပြောဆိုတတ်သူဖြစ်သော်လည်း နိုင်လိုမင်းထက် ပြုမူတတ်သူဖြစ်ကြောင်း ၎င်း၏ အပြောအဆိုကို ကြည့်ခြင်းဖြင့်သိနိုင်သည်။

၎င်းက မဆီဟ်သခင်အား ခင်ဗျား အာရဗီဘာသာကို အံ့ဩလောက်သည့်နည်းဖြင့် သင်ခဲ့သည်ဟု ကြေငြာပြီး  အိုင်န် နှင့် ဖေ၏ အသံထွက်ကို အာရဗီ စစ်တွေလို အသံမထွက်နိုင်ဘူး။ နောက်ပြီး ထစ်ငေါ့မှုလည်း ဖြစ်နေသည့်အတွက် မှန်ကန်နိုင်ပါမည်လားဟု မထီလေးစား ပြောဆိုပါသည်။

ယင်းအပြုအမူသည် မဆီဟ်သခင်၏ သာဝကကြီးများအား အမျက်ထွက်ရန် ဆွသကဲ့သို့ ဖြစ်နေရာ တစ်ဦးမှာ စိတ်ကို မချုပ်တီးနိုင်၍ ထိုသူ၏ မျက်နှာအား လက်သီးဖြင့် လှမ်းထိုးလေသည်။ သို့သော် မဆီဟ်သခင်က ထိုသူ၏လက်ကို လျင်မြန်စွာ ဖမ်းထားလိုက်သည်။ ၎င်းအာရဗ်က "ဧည့်သည်ကို မည်သို့ ပြုစုဆက်ဆံရမည်ကို မသိသောသူတို့၏ လုပ်ရပ်ပင်ဖြစ်သည်" ဟု မှတ်ချက်ချလေသည်။ သခင်က ထိုသူအား ကျွန်ုပ်ရေးသော အာရဗီစာအုပ်များကို ဖတ်ပါ။ ပြီးလျှင် အရေးအသား ကောင်းမကောင်း ကိုယ်တိုင်ဆုံးဖြတ်ပါဟု ဆိုလေသည်။

၎င်းမေးခဲ့သော အိုင်န် နှင့် ဖေ တို့၏ အသံထွက်နှင့် ပတ်သတ်၍ ယခင်က မိမိသည် မည့်သည့်အခါမျှ အာရဗ်များကဲ့သို့ အသံထွက်န်ိုင်သည်ဟု မကြေငြာခဲ့ပါ။ မိမိသည် အာရဗီနှင့် သက်ဆိုင်သော အသိပညာနှင့် ကိုရ်အာန်ကျမ်းမှ ပညာအလင်းရောင်ကို အလ္လာဟ့်ထံမှ ရရှိခဲ့သည်ဆိုသော ကန့်သတ်မှုအတွင်းမှသာ ကြေငြာခဲ့ပါသည်။ မိမိထပ်တလဲလဲ စိန်ခေါ်နေသည့်တိုင် မည်သူမျှ ယှဉ်ပြိုင်ရန် လာရောက်ခြင်းမရှိကြောင်း ပြောပြပါသည်။

မဆီသခင်က ဆက်လက်၍ မိမိစကား အနည်းငယ် ထစ်ခြင်းမှာ အရည်အချင်းမပြည့်စုံသောကြောင့် မဟုတ်။ မဆီဟ်နှင့် မဟ်ဒီသည် စကားထစ်သူဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်များ၏ မှန်ကန်ကြောင်း သက်သေပင်ဖြစ်လိမ့်မည်ဟု ရှင်းလင်းပြောဆိုပါသည်။

ထို့နောက် သခင်က ထိုသူမှတ်ချက်ချခဲ့သောအ မိမိ၏ သာဝကအပြုအမူနှင့် ပတ်သတ်၍ အသင်၏မျက်နှာကို လက်သီးဖြင့်ထိုးရန် ရည်ရွယ်သောသူမှာ ဆတ်ဆတ်ထိမခံသော အာဖဂန်အမျိုးသားတစ်ဦးဖြစ်သည်။ ယင်း၏လုပ်ရပ်နှင့် ပတ်သတ်၍ နှိုင်းယှဉ်စရာတစ်ခုရှိသည်။ တမန်တော်မြတ်ကြီး(ဆွ) အား ရိုင်းစိုင်းစွာ ပြောဆိုနေစဉ် အဗူဗကရ်သခင်က လက်သီးဖြင့်ထိုးရန် ရွယ်ဖူးကြောင်း မှတ်တမ်းရှိသည်။ ဤသည်မှာ ၎င်း၏နှလုံးထဲ၌ မိမိသခင်အား အလွန်အမင်း ချစ်မြတ်နိုးသောစိတ်ဓာတ် ကိန်းအောင်းနေသောကြောင့် ဖြစ်သည်ဟု မိန့်ဆိုပါသည်။

ဤမိန့်ဆိုချက်သည် မဆီဟ်သခင်၏ သာဝကကြီးများအား အလွန်ဝမ်းမြောက်စေခဲ့ပြီး ၎င်းတို့ထဲမှ ( ဆာဟိဘ် ဇာဒါ ဆယတ် အဗဒွလ် လသစ်- ခို့ခ် မြို့သား ) သည် အဗူဗကရ် သခင်ပြုလုပ်ခဲ့သော လုပ်ရပ်အတိုင်း ပြုလုပ်ခဲ့ကြောင်း သိရပေသည်။ အေရှာ နမာဇ်ဝတ်ပြုရန် အာဇန်ပေးသောကြောင့် ဧည့်သည်က မနက်မှ ဆက်လက်ဆွေးနွေးရန် တင်ပြလာသည်။

နောက်တစ်နေ့နံနက်တွင် သခင်လမ်းလျှောက်ရန်ထွက်လာသောအခါ သာဝကအချို့နှင့် ဧည့်သည်လည်းပါလာသည်။ ခါတိုင်းကဲ့သို့ပင် သခင်သည် ရှည်လျှားသော လမ်းလျှောက်ခြင်းကို ပြုခဲ့ပြီး ဧည့်သည်အား မိမိ၏ ကြေငြာချက် မှန်ကန်သော အထောက်အထားစသည်တို့နှင့် ပတ်သတ်၍ ၎င်း၏ မှားယွင်းသော ထင်မြင်မှုများမှ လွတ်မြောက်လာစေရန် ပညာအလင်းရောင် ပေးခဲ့ပါသည်။

ထိုကဲ့သို့ သုံးရက်တိုင်တိုင် စုံစမ်းပြီးနောက်ဆုံးတွေင် ယင်းအာရဗ်လူမျိုး ဧည့်သည်သည် ပြည့်ဝသော ကျေနပ်မှုကို ရရှိ၍ မဆီဟ် သခင်၏ အသင်းဝင်အဖြစ် ၎င်းအားလက်ခံပါရန် လျှော်က်ထားလိုက်တော့သည်။

ကတိတော်လာ မဆီဟ် နှင့် မဟ်ဒီ သခင်


(၁၉၇၉ ခု၊ မတ်လထုတ် - TERIKI - JADID စာစောင်မှ MY REMINISCENOCES OF THE PROMISED MESSIAH BY HAKIM DIN MUHAMMED) ကို ကော်နှုတ်၍ ဆီလျော်အောင် ပြန်ဆိုသည်။
ထွန်းသန်း

(သတင်းကောင်းစာစောင်မှ ကောက်နှုတ်ဖော်ပြသည်)

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-