Thursday, April 17, 2014

မလေးရှားတွင် အဟ်မဒီမွတ်စလင်မ်များ သောကြာနေ့ဝတ်ပြုမှုပုဒ်မဖြင့် အဖမ်းခံရ




မလေးရှားနိုင်ငံတွင် အစ္စလာမ်မစ် ဘာသာရေးဆိုင်ရာ ဌာနမှ ဦးဆောင်ပြီး အဟ်မဒီမွတ်စလင်မ်များကို "သောကြာနေ့ဝတ်ပြုမှု" အတွက် ဖမ်းဆီး ခဲ့ကြောင်း မလေးရှားနိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

သောကြာနေ့တွင် အစ္စလာမ်ဘာသာဝင်များ ဘုရားဝတ်ပြုခြင်းမှာ တာဝန်တစ်ရပ်ဖြစ်ပြီး ကမ္ဘာတလွှားမွတ်စလင်မ်များကလည်း ထိုနေ့တွင် အထူး အလေးထားကာ ဘုရားဝတ်ပြုကြသည်။ သို့သော ်အဟ်မဒီမွတ်စလင်မ်များက လူစုလူဝေးဖြင့် ဘုရားဝတ်ပြုခြင်းကို ယခုကဲ့သို့ ဖမ်းဆီးခြင်းကြောင့် မလေးရှားနိုင်ငံရှိ အဟ်မဒီများသာမက ကမ္ဘာတလွှားရှိ အဟ်မဒီမွတ်စလင်မ်များပါ တုန်လှုပ်ခြောက်ခြားခဲ့ကြရသည်။

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါရှိ အဟ်မဒီမွတ်စလင်မ်များ၏ ၀တ်ပြုကျောင်းဆောင်တွင် ပြီးခဲ့သည့် သောကြာနေ့ (ဧပြီလ ၁၁) ၌ ယင်းကဲ့သို့သော အမှုအခင်းဖြစ်ပွားခဲ့ပြီး သောကြာ(ဂျွမ္မာ)၀တ်ပြုမှုကို ဆောင်ရွက်ခဲ့ကြသည့် အဟ်မဒီမွတ်စလင်မ် ၄၁ ဦးကို ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။ ဖမ်းဆီးမှုကို Selangor Islamic Religious Department (JAIS) က ဦးစီးဦးဆောင် ပြုခဲ့ခြင်းဖြစ်သည်။

Selangor Islamic Religious Department (JAIS) မှ တာဝန််ခံများက အဟ်မဒီမွတ်စလင်မ်ဝတ်ပြုဆောင်သို့ ဖမ်းဝရမ်းများဖြင့် ၀င်ရောက်စီးနင်း ခဲ့သလို ၀တ်ပြုဆောင်အတွင်း၌လည်း ကြမ်းကြမ်းတမ်းတမ်းဖြင့် မွှေနှောက်ရှာဖွေခဲ့ကြောင်း၊ ၄င်းတို့၏ ဖမ်းဝရမ်းပါ ဖော်ပြချက်အရ Islamic Religious Department မှ အသိအမှတ်ပြုထားခြင်းမရှိသော ဘာသာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တရားမဝင် ဆောင်ရွက်နေသဖြင့် ဖမ်းဆီး ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားအဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ထုတ်ပြန်ချက်အရ ဖမ်းဆီးထိန်းသိမ်းခံရ သူများကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ သာသနာပြုမှူးသာမက အခြားသော အဖမ်းဆီးခံရသူများအားလုံးကို တရားရုံး တွင် လာရောက်ဖြေရှင်းရန် ရက်ချိန်းများပေးလိုက်ကြောင်း၊ အဟ်မဒီခေါင်းဆောင်များကမူ အောက်တိုဘာ ၂၃၊ ၂၀၁၄ တွင် တရားရုံး၌ ရင်ဆိုင်ဖြေရှင်းရန် ဆင့်ခေါ်ခြင်း ခံထားရကြောင်း၊ ဖမ်းဆီးရန် လာရောက်ကြသည့် သူများအထဲ၌ ဒေသဆိုင်ရာ မီဒီယာတစ်ခုမှ မီဒီယာသမားများ ပါ၀င်ခဲ့ကြောင်း၊ ယင်းမီဒီယာသမားများမှာလည်း Islamic Religious Department ၏ ၀န်ထမ်းများအသွင် ဟန်ဆောင် ထားကြကြောင်း သိရှိရသည်။

မလေးရှားအဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ထုတ်ပြန်ချက်၌ ဆီလန်ဂေါမှာ မလေးရှားနိုင်ငံတွင် အဖွံ့ဖြိုးဆုံးဒေသတစ်ခုဖြစ်ကြောင်း၊ မလေးရှားနိုင်ငံမှာ ၄င်းတို့ကိုယ်ကို ခေတ်မီတိုးတက်ပြီး စံပြအစ္စလာမ်မစ်နိုင်ငံ တစ်ခုအနေဖြင့် ကြေညာရပ်တည်နေသော်လည်း ဤသို့သော အမှုအခင်းဖြစ်ပွားခြင်းမှာ ရှက်ဖွယ်ပင်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မလေးရှားအဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ထုတ်ပြန်ချက်ကို အဖွဲ့၏ သာသနာပြုမှူးချုပ်နှင့် ပြန်ကြားရေးတာဝန်ခံ အိုင်နွလ်ယာကီးန် အမ်.ဇိန်၏ လက်မှတ်ထိုးဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-