Sunday, August 9, 2020

အေမာမ်မဟ်ဒီ၏ အခန်းကဏ္ဍ

 

ဟာဇရတ် မေရ်ဇာ ဂူလာမ် အဟ်မဒ်သခင်

အေမာမ် မဟ်ဒီဆိုတဲ့ စကားရပ်မှာ အေမာမ်နဲ့ မဟ်ဒီ ဆိုတဲ့ ဝေါဟာရနှစ်ခုပါဝင်ပါတယ်။ အေမာမ်ဆိုတာကတော့ အာရဗီစကားလုံးဖြစ်ပြီး အားလုံးသိကြတဲ့အတိုင်း ဝတ်ပြုမှုကို ဦးဆောင်သူကို ခေါ်တာဖြစ်တယ်။ သူ့ရဲ့နောက်မှာ အားလုံးဟာ နောက်လိုက်နာခံရတယ်။ ဝတ်ပြုတဲ့အခါ အေမာမ်ဦးဆောင်သူဟာ အမှားလုပ်မိပါစေ သူ့ရဲ့နောက်ကို အခြားသူတွေက လိုက်နာကြရတယ်။ ဒါဟာ မွတ်စလင်တွေအားလုံး အေမာမ်ကို နာခံလိုက်နာကြတဲ့ ပုံစံဖြစ်ပြီး သူဟာ မွတ်စလင်တွေရဲ့ခေါင်းဆောင်ဖြစ်တယ်။ မဟ်ဒီဆိုတာကတော့ လမ်းညွှန်ခြင်းခံရသူ တနည်းအားဖြင့် အလ္လာဟ်အရှင်မြတ်က လမ်းညွှန်တဲ့ပုဂ္ဂိုလ်ကိုဆိုလိုတာဖြစ်တယ်။ သူ့ကို အလ္လာဟ်အရှင်မြတ်က ဘာကြောင့်လမ်းညွှန်တာလဲ? သူကတစ်ဆင့် မွတ်စလင်တွေအားလုံးကိုထပ်ဆင့် လမ်းညွှန်ပြဖို့အတွက်ပဲဖြစ်တယ်။ ဒီနေရာမှာ မေးစရာရှိတာက မွတ်စလင်တွေကို တစ်ခါပြန်ပြီး လမ်းညွှန်ပြဖို့ လိုအပ်လို့လား? အလ်ဟမ်ဒုလိလ္လာဟ် ကျွန်တော်တို့မှာ တမန်တော်မြတ်(ဆွ) ထံကို ချပေးထားတဲ့ ကျမ်းတော်မြတ်ကိုရ်အာန် မူရင်းမပျက်ရှိနေတယ်။ ကိုရ်အာန်ကျမ်းစာကို နားလည်ဖို့ တမန်တော်မြတ်ရဲ့ ဓလေ့တော်တွေ၊ ဒါ့အပြင် အစ္စလာမ့်သင်ကြားချက်တွေကို နားလည်ဖို့ ဟဒီးစ်တော်တွေလည်းရှိတယ်။ ဒါတွေဟာ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ပွင့်ပေါ်လာရခြင်းရဲ့ အဓိကရည်ရွယ်ချက်လည်းဖြစ်တယ်။ ကျွန်တော်တို့ဟာ ကျမ်းတော်မြတ်ကိုရ်အာန်ကို လိုက်နာပြီး ကောင်းမွန်တဲ့ မွတ်စလင်တွေဖြစ်အောင် ဘယ်လိုနေထိုင်၊ လုပ်ဆောင်ရမလဲဆိုတာ တမန်တော်မြတ်ဟာ လာရောက်ပြသခဲ့တယ်။

ကျွန်တော်တို့မှာ လိုအပ်တဲ့ လမ်းညွှန်ချက်တွေအားလုံးရှိတယ်။ ဒါဆိုဘာများလိုအပ်သေးလို့လဲ? အဖြေကတော့ ကျွန်တော်တို့ဟာ ဘယ်လိုလမ်းညွှန်ချက်ကိုမှ မလိုတော့ဘူး။ ကျွန်တော်တို့မှာ အကောင်းဆုံးဆိုတဲ့ လမ်းညွှန်ချက်တွေ ရှိနှင့်ပြီးသားဖြစ်တယ်။ ဒါပေမယ့် မေးစရာရှိတာက မွတ်စလင်တွေဟာ ဒီလမ်းညွှန်ချက်တွေကို လိုက်နာနေကြရဲ့လား? အဖြေကတော့ ရှင်းလင်းပါတယ်။ အစ္စလာမ်ဟာ ညီညွတ်ရေးပဲဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်ကလည်း တစ်ပါးတည်းဖြစ်တယ်။ ဒီအတိုင်းပဲ မွတ်စလင်တွေအားလုံးဟာ ညီအစ်ကိုတွေပဲဖြစ်သင့်တယ်။ ဝမ်းနည်းစရာကောင်းတာက မွတ်စလင်တွေဟာ လက်တွေ့မှာ ဒီလိုမဟုတ်ပါဘူး။ မွတ်စလင်တွေဟာ ကွဲပြားနေကြတယ်။ ကျွန်တော်တို့အချစ်တော် တမန်တော်မြတ် (ဆွ) ရှင်းရှင်းလင်းလင်းမိန့်ကြားတာက ' မွတ်စလင် တစ်ဦးဟာ အခြားမွတ်စလင်တစ်ဦးကို ထိခိုက်အောင် မလုပ်ရဘူး။ မသတ်ဖြတ်ရဘူး။' ဒါပေမယ့် မွတ်စလင် ကမ္ဘာကိုကြည့်လိုက်မယ်ဆိုရင် မွတ်စလင်တွေဟာ သူတို့အချင်းချင်းကြားမှာ တစ်ဦးနဲ့တစ်ဦး ထိခိုက်နစ်နာအောင် ပြုလုပ်နေကြတယ်။ တစ်ဦးကို တစ်ဦး ကာဖိရ် မိစ္ဆာဒိဌိ လို့စွပ်စွဲပြောဆိုနေကြတယ်။ ဒါ့အပြင်တစ်ဦးနဲ့တစ်ဦး သတ်ဖြတ်နေကြတယ်။ ဒါတွေကို ကြည့်ရင် မွတ်စလင်တွေဟာ ညီညွတ်နေတယ်လို့ပြောနိုင်ပါ့မလား။ အစ္စလာမ်ဟာ ငြိမ်းချမ်းတဲ့ ဘာသာတရားဖြစ်တယ်။ အစ္စလာမ်ဆိုတဲ့ စကားလုံးကိုယ်တိုင်က 'ငြိမ်းချမ်းခြင်း၊ နာခံခြင်း၊ ဘုရားရှင် အလိုအတိုင်း ဦးညွတ်ခြင်း' လို့အဓိပ္ပာယ်ရတယ်။ ဒါပေမယ့် မွတ်စလင် ကမ္ဘာမှာ ငြိမ်းချမ်းခြင်းရှိပါရဲ့လား ?

အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကိုရ်အာန်ကိုချပေးခဲ့တယ်။ စွန်နဟ် နဲ့ ဟဒီးစ် ကျမ်းဂန်တွေရှိပြီးဖြစ်တယ်။ ဒါကြောင့် ဒီလိုလမ်းညွှန်ချက်တွေတော့ မလိုတော့ပါဘူး။ ဒါပေမယ့် ဒီလမ်းညွှန်ချက်တွေကို လိုက်နာဖို့လိုတယ်။ ကျွန်တော်တို့ဟာ နေ့စဉ် စူရာဖာတီဟာမှာ ' အေ့ဟ်ဒေနတ်စ် ဆေရာသလ် မွတ်စ်သကီး ' ဆိုပြီး ဖြောင့်မှန်တဲ့ လမ်းကို ပြဖို့ အကြိမ်ပေါင်း (၃၀) ကျော် ဆုတောင်းတယ်။ အလ္လာဟ်အရှင်မြတ်က ဒီဆုတောင်းကို လက်ခံပြီး ကိုရ်အာန်ရဲ့ သင်ကြားချက်တွေကို လိုက်နာစေဖို့နဲ့ မွတ်စလင်တွေအားလုံးကို တစ်စုတစ်စည်းတည်းဖြစ်စေဖို့ ကျွန်တော်တို့ဆီကို အလ္လာဟ်အရှင်မြတ်ဘက်က လမ်းညွှန်ခြင်းခံရတဲ့ အေမာဟ်မဟ်ဒီကို စေလွှတ်ပွင့်ပေါ်စေခဲ့တယ်။

ဒါကြောင့် တမန်တော်မြတ်(ဆွ) မိန့်ကြားတာက ....

"အသင်တို့ဟာ မဟ်ဒီကို ရှာဖွေတွေ့ရှိမယ်ဆိုရင် သူရဲ့လက်မှာ ဘိုင်အတ် (နာခံရန် ကတိသစ္စာပြုခြင်း) ကို ခံယူပါ။ အသင်တို့ဟာ သူ့ထံကို သွားကြရမယ်။ ရေခဲနေတဲ့ တောင်တွေကို ဖြတ်ပြီး ဒူးထောက်သွားရပါစေဦး သူ့ဆီကို အရောက်သွားကြရမယ်။ သူဟာ (အလ္လာဟ်ထံမှလမ်းညွှန်ခံရသူ) မဟ်ဒီ ဖြစ်တယ်။ ဒါ့အပြင်သူဟာ ခလီဖာ (ဦးစီးဦးဆောင်) လည်းဖြစ်တယ်။ " (အိဗ်နေ့မာဂျာ ကျမ်း)

စာသင်ကျောင်းတွေနဲ့ သင်ကြားရာအဆောက်အဦတွေဟာ စာအုပ်တွေနဲ့ပဲပြည့်နှက်နေပြီး အုပ်ထိမ်းမယ့် ဆရာမရှိတော့ဘူးဆိုရင် တပည့်တွေဟာ အကွဲကွဲအပြားပြားဖြစ်ပြီး ခေါင်းဆောင်မှုကင်းမဲ့နေလိမ့်မယ်။ ဒါကြောင့် လူတိုင်းဟာ တမန်တော်မြတ် (ဆွ) ရဲ့ညွှန်ကြားချက်ကို လိုက်နာမယ်ဆိုရင် မွတ်စလင်ကမ္ဘာတစ်ခုလုံးဟာ အေမာမ် မဟ်ဒီကို လက်ခံပြီး ဘိုင်အတ်ယူခြင်းအားဖြင့် တစ်စုတစ်စည်းတည်း ညီညွတ်သွားမှာ ဖြစ်တယ်။ အင်ရှာအလ္လာဟ်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-