Tuesday, June 5, 2012

အစ္စလာမ်သည် ငြိမ်းချမ်းရေးလမ်းစဉ်





မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပျက်ခဲ့သည်များကို အခြေခံဖြစ်ပွားနေသော ပြဿနာများနှင့် စပ်လျဉ်း၍ Ahmadi Post Myanmar ၏ Press Release : အစ္စလာမ်သည် ငြိမ်းချမ်းရေးလမ်းစဉ်


အစ္စလာမ်သာသာဝင်တို့၏ သွန်သင်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

ထို့ပြင် အသင်တို့သည် မည်သည့်လူမျိုးတမျိုးကိုမဆို ရန်ငြိုးထားမုန်းတီးမှုသည် အသင်တို့အား တရားမျှတမှုမပြုရန် ဆွဲဆောင် ခြင်းအလျင်းမဖြစ်စေကြရုံမဟုတ်မူ၍ အသင်တို့အဖို့ ရန်လိုမုန်းထား သူများနှင့်ပင် တရားမျှတခြင်းကို ကျင့်သုံးရန်လိုအပ်ပေသည်။ အကြောင်းမူကားတရားမျှတမှု ကိုကျင့် သုံးဆောက်တည် ခြင်းမှာ “သက်ကဝါ” (ဖြူစင်ဖြောင့်မတ်ခြင်း)တရား၏တောင်းဆိုမှုဖြစ်၏။ သို့ဖြစ် ရာ အသင်တို့သည် ဖြူစင်ဖြောင့်မတ်အပြစ်ရှောင်သူများဖြစ်ကြကုန်လော့။ ထို့ပြင်မှတ်သား ကြကုန်၊ အလ္လာဟ်သည်အသင် တို့၏အပြုအမူများကိုကောင်းစွာရှု စားသိရှိတော်မူလျက်ရှိတော် မူ၏။ (အလ်ကုရ်အာန် ၅:၉)

ဇွန်လ ၃ ရက်နေ့က ရခိုင်ပြည်နယ်အဖြစ်အပျက်များနဲ့ စပ်လျဉ်းပြီး ကနဦး လေ့လာကြပါမယ်။

ဘီဘီစီသတင်းဌာနက အခုလိုခေါင်းစဉ်တပ်ဖော်ပြခဲ့ပါတယ်။ "Muslims Killed in attack in Burma's Rakhine Province" ၊ “မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် မွတ်စလင်မ်များ တိုက်ခိုက်သတ် ဖြတ်ခံရ” ဆိုပြီးတော့ပါ။

ဘီဘီစီသတင်းရဲ့ လူစုလူဝေးဖြင့် တိုက်ခိုက်ကြခြင်းဆိုတဲ့ ခေါင်းစဉ်ခွဲအောက်မှာ ဖော်ပြထားတာက-

"More than 100 people beat and killed those people," a resident told AFP news agency. "The residents even torched the bus."

The reason for the attack is unclear, but some residents say it was a revenge attack following the rape and murder of a Buddhist girl in another part of the province last month.

"လူအယောက်၁၀၀ ကျော်လောက်ဝိုင်းရိုက်ပြီး သတ်ပြစ်လိုက်ကြတာပါ။ အဲဒီအနားမှာ နေထိုင်တဲ့လူ တွေက ဘတ်စ်ကားကို မီးနဲ့တောင် ရှို့လိုက်ကြသေးတယ်" လို့ တောင်ကုတ်မြို့ခံတစ်ဦးက အေ အက်ဖ် ပီသတင်းဌာနကို ပြောပါတယ်။

တိုက်ခိုက်မှု မည်သို့ဖြစ်ပျက်ခဲ့သည်မှာ မရှင်းမလင်းအနေအထားတွင် ရှိနေသည်။ သို့သော် အချို့သော မြို့ခံများကမူ ပြည်နယ်အတွင်းရှိ အခြားတစ်နေရာတွင်ဖြစ်ပျက်ခဲ့သော ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ဦးအား မတော်မတရားပြုကျင့်သတ်ဖြတ်ခဲ့မှုကြောင့် လက်စားချေကြခြင်းဖြစ် ကြောင်း ပြောကြားသည်။

အခုတစ်ခါ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်ကို လေ့လာပါမယ်။ ရိုက်တာကတော့ “Buddhist vigilantes kill 9 Muslims in Myanmar violence” လို့ ခေါင်းစဉ်တပ်ထားပါတယ်။ “ဘာသာရေးမုန်းတီးမှုအခြေခံ ဗုဒ္ဓဘာသာဝင်များက မွတ်စလင်မ် ၉ ဦးကို မြန်မာပြည်တွင်း တိုက်ခိုက်မှု၌ သတ်ဖြတ်” လို့ ယေဘုယျဘာသာပြန်ဆို နားလည်နိုင်ပါတယ်။

သတင်းကို အခုလို အစချီဖော်ပြထားပါတယ် - The bus was besieged near Taunggoke town in the western state of Rakhine on Sunday evening by a group who blamed some of its passengers for the murder of a Buddhist woman a week ago, said local residents and politicians. One of those killed was travelling in a separate car

"တနင်္ဂနွေညနေပိုင်းလောက်အချိန်က ရခိုင်ပြည်နယ်အနောက်ဘက် တောင်ကုတ်မြို့အနီးမှာ ဘတ်စ် ကားကို ဝိုင်းဝန်းပိတ်ဆို့လိုက်ကြပါတယ်။ ပိတ်ဆို့လိုက်တဲ့သူတွေကတော့ ဘတ်စ်ကားပေါ်မှာ လွန်ခဲ့ တဲ့တစ်ပတ်က ဗုဒ္ဓဘာသာမိန်းကလေးတစ်ဦးကို မုဒိန်းမှုကျူးလွန်သွားတဲ့ တရားခံပါကြောင်း ဆိုကြတယ်"လို့ ဒေသခံတွေနဲ့ နိုင်ငံရေးသမားတွေက ပြောဆိုကြပါတယ်။

ရေဒီယို ဩစတေးလျကတော့ ခုလို ခေါင်းစဉ်တပ်ခဲ့ပါတယ်။ “Nine dead in mob attack in Burma” ၊ “မြန်မာပြည်တွင် လူစုလူဝေးဖြင့် တိုက်ခိုက်မှုကြောင့် လူကိုးဦးသေဆုံး”။

သတင်းကို တင်ပြထားရာမှာ ကောက်နုတ်သင့်တဲ့အချက်တစ်ချက်ကတော့ - Clashes between Buddhists and Muslims occur periodically in Burma and Rakhine state, which borders Bangladesh, is a flashpoint for tensions.

"We all have a duty to control the situation, no matter who is involved or which religion they are," said Aye Maung, an MP for the Rakhine Nationalities Development Party.

"We all are living here together. We, as well as the government, have the duty to control it," he told AFP.

ဗုဒ္ဓဘာသာဝင်များနဲ့ မွတ်စလင်မ်များအကြား မြန်မာပြည်နဲ့ ရခိုင်ဒေသတို့မှာ တင်းမာငြိစွန်းမှုတွေ အမြဲလိုလိုဖြစ်တတ်ပါတယ်။ ရခိုင်ဒေသကတော့ ဘင်္ဂလားဒေ့ရ်ှ နယ်စပ်ဖြစ်ပြီး တင်းမာမှုတွေ အတွက် အမြဲမီးမောင်းထွန်းပြနေရတဲ့ ဒေသပါ။

“ဘယ်သူတွေ ပါဝင်ခဲ့ပါစေ၊ ဘယ်သူတွေက ဘယ်ဘာသာဝင်တွေပဲဖြစ်နေပါစေ။ အခြေအနေကို ထိန်းသိမ်းဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့အားလုံး ဒီမှာအတူတကွနေထိုင် ကြတာပါ။ ကျွန်တော်တို့အပါအဝင် အစိုးရပိုင်းကလည်း ဒါမျိုးတွေကို ထိန်းချုပ်ဖို့လိုအပ်ပါတယ်။” လို့ ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဝင် လွှတ်တော်အမတ် ဦးအေးမောင်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

ဇွန်လ ၃ ရက်နေ့ ညနေပိုင်းလောက်မှာ ဖြစ်ပျက်ခဲ့တဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က အဖြစ်အပျက်ကို ကမ္ဘာ့မီဒီယာများမှာ အထက်ပါအတိုင်း တွေ့ရှိခဲ့ကြရပါတယ်။ ဒီလို လူသတ်ဖြတ်ပွဲ ကြီးဖြစ်ခဲ့ရတဲ့ နောက်ခံအကြောင်းက ဘယ်လိုပဲရှိပါစေ ကျွန်တော်တို့ အဟ်မဒီမွတ်စလင်မ်များက လူသတ်သူများနဲ့ အကြမ်းဖက်သူများသာမက ဥပဒေချိုးဖောက်သူအားလုံးကို ကန့်ကွက်ရှုံ့ချပါ တယ်။

ဗုဒ္ဓဘာသာဝင်အမျိုးသမီးငယ်ကလေးတစ်ဦးအား ရက်ရက်စက်စက် မတရားပြုကျင့်သတ်ဖြတ်ခဲ့သူ များကို ဥပဒေကြောင်းအရ တရားမျှတစွာ အရေးယူပေးဖို့တောင်းဆိုပါတယ်။ အပြစ်မဲ့ မွတ်စလင်မ် များအား ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ခဲ့ကြသူများကိုလည်း ဥပဒေကြောင်းအရ တရားမျှတစွာ အရေးယူပေးဖို့ တောင်းဆိုပါတယ်။ ဒီတောင်းဆိုချက်နှစ်ရပ်ကို လှိုက်လှဲသောစိတ် ဓာတ်ဖြင့်၊ ခံစားမှုအပြည့်အ၀ဖြင့် နိုင်ငံတော်အာဏာပိုင်များထံ တောင်းဆိုလိုက်ရခြင်းဖြစ်တယ်ဆို တာကို အလေးအနက် ဖော်ပြလိုပါတယ်။

ဒီနေရာမှာ သုံးသပ်တင်ပြဖို့လိုလာတာက မြန်မာသတင်းဌာနတွေ သတင်းတင်တိုင်း အောက်ခြေမှာ ထင်မြင်ယူဆချက်ပေးကြတဲ့ လူအချို့ဟာ အစ္စလာမ်သာသနာကို တလွဲမြင် အထင်မှားနေကြတာကို တွေ့ရှိရပါတယ်။ အစ္စလာမ်သာသနာကို အကြမ်းဖက်ဖို့ သွန်သင်တဲ့ ဘာသာအဖြစ် မြင်နေကြတာကို ဝမ်းနည်းဖွယ် တွေ့ရှိရပါတယ်။

စစ်မှန်တဲ့ မွတ်စလင်မ်တိုင်း အကြမ်းဖက်မှုကို ရှုံ့ချကန့်ကွက် ရွံ့ရှာထိတ်လန့်ပါတယ်။ ကျွန်တော်များ အဟ်မဒီမွတ်စလင်မ်တွေဟာလည်း စစ်မှန်တဲ့ မွတ်စလင်မ်တွေဖြစ်တာကြောင့် ဒီကိစ္စရပ်နှစ်ခုစလုံး ကို အင်ပြည့်အားပြည့် ကန့်ကွက်ပါတယ်။

အစ္စလာမ်က အကြမ်းဖက်ခြင်းပုံစံအမျိုးမျိုးကို ရှုံ့ချပြီး လုံးဝငြင်းပယ်ပါတယ်။

အစ္စလာမ်က အကြမ်းဖက်ခြင်းမျိုးစုံကို လုံးဝအထောက်အပံ့မပေးသလို တစ်ဦးတစ်ယောက်အားဖြင့် လည်းကောင်း၊ အစိုးရအဖွဲ့အစည်းအားဖြင့်လည်းကောင်း အကြမ်းဖက်ခြင်းများကိုလည်း တရားမျှတ မှုအဖြစ် လုံးဝမယူဆပါ။

အစ္စလာမ့်တရားဒေသနာအချက်အလက်များအရ ဘယ်သာသနာကမှ အပြစ်မဲ့ယောကျာ်းများ၊ မိန်းကလေးများနဲ့ ကလေးများကိုဘုရားသခင်ရဲ့နာမတော်ကို အလွဲသုံးပြီး အကြမ်းဖက်နည်းနဲ့ အပြစ်ပေး အရေးယူဖို့ မဖြစ်နိုင်ကြောင်း ယူဆပါတယ်။ ဘာကြောင့်လဲဆိုရင် အစ္စလာမ့်တရား ဒေသနာအရ ဘာသာသာသနာအားလုံးဟာ ဘုရားရှင်ထံတော်ကသာ လာခြင်းဖြစ်ပါတယ်။ အစ္စလာမ်သာသနာက ဘုရားရှင်သည် တမန်တော်များအားဖြင့် အစ္စလာမ်အလျင် သာသနာများကို ဖြစ်ထွန်းစေပြီး နောက်ဆုံးမှ အစ္စလာမ်သာသနာတော်ကို လူသားများအားချီးမြှင့်ခြင်းဖြစ်တယ်လို့ ယူဆပါတယ်။

အစ္စလာမ်ရဲ့ မူရင်းအနက်ကိုက ငြိမ်းချမ်းခြင်းဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်းဟာ အကြမ်းဖက်ခြင်းရဲ့ ဆန့်ကျင်တဲ့ အဓိပ္ပာယ်ဖြစ်ကြောင်း လူတိုင်းသိကြပါတယ်။ မွတ်စလင်မ်(အစ္စလာမ်ဘာသာဝင် တိုင်း)ဟာ အဲဒီငြိမ်းချမ်းခြင်းကို ကျင့်သုံးဖို့ တာဝန်တင်ပါတယ်။ ဒီကျင့်သုံးမှုနည်းလမ်းဟာ ကျမ်းမြတ်ကုရ်အာန်ရဲ့ အမြစ်ပမာဆောင်တဲ့ သွန်သင်မှုဖြစ်ပြီး ကျမ်းမြတ်က မွတ်စလင်မ်စစ်စစ် တစ်ယောက်ကို ဖော်ပြထားပုံက -

ထိုသူတို့သည် ပထဝီမြေပေါ်ဝယ်ကျိုးနွံစွာ၊ ဖြည်းညင်း စွာ၊ ဣန္ဒြေသိက္ခာရှိစွာ၊ လမ်းလျှောက် ကြကုန်၏။ ထိုမှတပါး အသိအလိမ္မာ ကင်းမဲ့ကြသောသူများသည် ၎င်းတို့နှင့်စကားပြော ဆိုကြသောအခါ ၎င်းတို့သည် ကောင်းမွန်စွာ ပဋိပက္ခ ကင်းငြိမ်းသော စကားကို အပြစ်မဖြစ်စေသော စကားကို ပြောဆိုကြကုန်၏ ။(ကုရ်အာန် ၂၅:၆၄)


တဖန်ဆက်လက်ဖော်ပြထားပုံက -

မည်သူမဆို အကြင်သူတဦးတယောက်အား အသက်တစ်ချောင်း၏ အစားလည်းမဟုတ်ဘဲ၊ တိုင်းပြည်၌ ဆူပူသောင်းကျန်း (မှုကိုပြုလုပ်)ခြင်းကြောင့်လည်း မဟုတ်ဘဲ (မတရားသက်သက်) သတ်ဖြတ်ခဲ့ပါလျှင်၊ ထိုသူသည် လူခပ်သိမ်းတို့ကို သတ်ဖြတ်ဘိသကဲ့သို့ ပင်ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို လူတဦးတယောက် ကို (အသက်ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းအား ဖြင့်) အသက်ရှင် စေခဲ့ပါမူ၊ထိုသူသည် လူအပေါင်း တို့အား အသက်ရှင်စေဘိသကဲ့သို့ပင် ဖြစ်၏ ။ (ကုရ်အာန် ၅:၃၃)

တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ) ရဲ့ သြဝါဒတော်များအရလည်း တူညီတဲ့ သွန်သင်မှုကိုသာ ပေးထား ပါတယ်။

အကြီးဆုံးပြစ်မှုများသည် ၁) အလ်လာဟ်အရှင်မြတ်နှင့်တန်းတူထားကိုးကွယ်ခြင်း၌ ပါ၀င်ခြင်း ၂) လူတစ်ယောက်အား သတ်ဖြတ်ခြင်း ၃) မိမိ၏မိဘများအပေါ်ထားရှိရမည့် ၀တ္တရားအား လျစ်လျူ ပြုခြင်း ၄) မမှန်ကန်သောဖော်ပြချက်များဖြင့် (တရားရုံးတော်၌) မမှန်မကန် သက်သေထွက်ဆိုခြင်း (ဘူခါရီ၊ အတွဲ ၉၊ စာအုပ် ၈၃၊ နံပါတ် ၁၀)

ထို့ပြင် တမန်တော်မြတ်ကြီး(ဆွ)ရဲ့ အထူးထင်ရှားတဲ့ မိန့်ခွန်းမှာ တွေ့ရတာက -

““ ....... လူတစ်ယောက်၏အသက်ကိုလည်းကောင်း၊ ပစ္စည်းဥစ္စာကိုလည်းကောင်း၊ ဂုဏ်သိက္ခာကို(ကျဆင်းအောင်) တိုက်ခိုက်ခြင်းသည် တရားမမျှတမှုဖြစ်သည်သာမက ဤနေ့၊ ဤလ၊ ဤနယ်ပယ်၏ ဂုဏ်ထွတ်မြတ်ခြင်းကိုမတရားချိုးဖျက်ခြင်းသာတည်း။”” (ဆီဟာဆစ်သာ မိန့်ခွန်း တော်)

ဒါကြောင့် အစ္စလာမ်မှာ အကြမ်းဖက်မှုများအတွက် အထောက်အပံ့ဆိုတာ လုံးဝမရှိကြောင်း သံသယ ဖြစ်စရာမလိုပါ။

တခါဆက်လက်ပြီး ဆွေးနွေးဖို့လိုတာက မွတ်စလင်မ်တစ်ယောက်အနေနဲ့ မိမိနေထိုင်ရာ တိုင်းပြည် နိုင်ငံကို သစ္စာရှိနိုင်ပါ့မလားဆိုတဲ့ မေးခွန်းကိုပါ။

အစ္စလာမ်က မိမိနေထိုင်ရာတိုင်းပြည်ကို ချစ်မြတ်နိုးဖို့ တနည်း မျိုးချစ်စိတ်ထားဖို့နဲ့ ဘာသာသာ သနာအပေါ်သက်ဝင်ယုံကြည်ခြင်းတို့အကြား တစ်စုံတစ်ရာခြားနားချက်မရှိကြောင်း ဆင့်ဆိုပါတယ်။ နို်င်ငံတွင်းမှာ မိမိတို့ကိုယ်ပိုင်သက်ဝင်ယုံကြည်မှုကို လွတ်လပ်စွာခံယူကျင့်သုံးနိုင်ပြီး လွတ်လပ်စွာ ဟောပြောပို့ချနိုင်တဲ့ မည်သည့်မွတ်စလင်မ်မဆို မိမိနေထိုင်ရာ တိုင်းပြည်နိုင်ငံ (ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ စတဲ့ မွတ်စလင်မ်မဟုတ်တဲ့ သူများ အများစုရှိနေတဲ့ တိုင်းပြည်ပင်ဖြစ်လင့် ကစား) ကို ဂုဏ်ပြုချီးမြှင့်ဖို့ရာ တာဝန်တင်ပါတယ်။ အဲဒီတိုင်းပြည်နိုင်ငံများအပေါ်မှာ သစ္စာစောင့်သိ ပြီး ဥပဒေကို လေးစားလိုက်နာတဲ့သူများဖြစ်ဖို့ တာဝန်တင်ပါတယ်။

ကျမ်းမြတ်ကုရ်အာန်မှာ ဖော်ပြထားတာက -

အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြလေကုန်၊ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်၏ အမိန့်တော်များ ကိုလည်းကောင်း၊ မိမိတို့အနက်မှအာဏာပိုင်များ၏အမိန့်ကိုလည်းကောင်း၊ လိုက်နာ ကြလေကုန်။ (ကုရ်အာန် ၄.၆၀)

ဆိုပြီး မိမိတို့အနက်မှ အာဏာပိုင်များ၏ အမိန့်ကိုလည်း လိုက်နာကြလေကုန်ဆိုပြီး သွန်သင်ထားပါ တယ်။

တမန်တော်မြတ်မုဟမ္မဒ် (sa) က မိန့်တော်မူခဲ့သည်မှာ -

"မိမိ၏ အထက်အာဏာပိုင်ကို နာခံသူသည် ကျွန်ုပ်ကို နာခံသူသာဖြစ်သည်။ မိမိ၏ အထက်အာဏာ ပိုင်ကို ဖီဆန်သူမှာ ကျွနု်ပ်ကို ဖီဆန်သူသာဖြစ်သည်။ "  (မွတ်စလင်ကျမ်း)

မိမိနိုင်ငံတော်အား ချစ်မြတ်နို်းခြင်းသည် သာသနာအပေါ် သက်ဝင်ယုံကြည်ခြင်း၏ အစိတ်အပိုင်း တည်း။ (ဆခါဝီ)

ဒါတင်မကသေးပါ။ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကို တည်ထောင်သူအရှင်သူမြတ်အား ပဉ္စမမြောက် ဆက်ခံတဲ့ လက်ရှိ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်က -

"စစ်မှန်တဲ့ မွတ်စလင်မ်ဆိုတာ မိမိနဲ့ အတူနေတိုင်းသူပြည်သားများနဲ့ဆန့်ကျင်ပြီး ဘယ်တော့မှာ အသံထွက်ဖို့ မလိုအပ်ပါဘူး။ မိမိတိုင်းပြည်ကို လက်ရှိအုပ်ချုပ်နေတဲ့ သူများနဲ့ ဆန့်ကျင်ပြီးလည်း အသံထွက်ဖို့ မလိုအပ်ပါဘူး။ စစ်မှန်တဲ့မွတ်စလင်မ်တိုင်းဟာ မိမိလက်ရှိနေထိုင်နေတဲ့ တိုင်းပြည် နို်င်ငံရဲ့ ဥပဒေကို လုံး၀လေးစားလိုက်နာပြီး အဲဒီတိုင်းပြည်နို်င်ငံအပေါ်မှာ သစ္စာစောင့်သိဖို့ တာဝန် တင်ပါတယ်။ " (ဘိုင်သုလ်ဖုသု ဗလီဖွင့်ပွဲမိန့်ခွန်း၊ ၁၁ ရက် အောက်တိုဘာ ၂၀၀၃)

ဒါကြောင့် မွတ်စလင်မ်တိုင်း အစ္စလာမ့်သွန်သင်ချက်အတိုင်း မိမိတို့နိုင်ငံအပေါ် သစ္စာရှိဖို့ လိုအပ်ပါ တယ်။

အစ္စလာမ်သာသနာတော်ကို လက်မွန်မဆွ အုတ်မြစ်ချတည်ထောင်ခဲ့သူ အရှင်သူမြတ်(sa) က

“မွတ်စလင်မ်ဆိုတာ မွတ်စလင်မ်များကို ကိုယ်နုတ်အားဖြင့် အနှောင့်အယှက်မပြု၊ ငြိမ်းချမ်းမှု ရှိစေသူ၊ လုံခြုံမှုပေးသူကို ခေါ်တယ်” လို့ မိန့်ချွေခဲ့ပါတယ်။ (မွတ်စလင်မ်ကျမ်း၊ ကေတာဘုလ် အီမာန်)


ဒါကြောင့် ကျွန်တော်တို့ အဟ်မဒီမွတ်စလင်မ်တစ်ဦး ချင်းစီဟာ Religious Harmony လို့ခေါ်တဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အတွက် Muslim For Loyalty Campaign, Muslim For Peace Campaign, Muslim For Life Campaign တွေကို ဆင်နွှဲကြပါတယ်။ Racial Harmony လို့ခေါ်တဲ့ လူမျိုးခြားအချင်းချင်း ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် နိုင်ငံတော်အပေါ် သစ္စာစောင့်သိတဲ့ မွတ်စလင်မ်များအဖြစ် ကျွန်တော်တို့ အဟ်မဒီမွတ်စလင်မ် များက ဥပဒေဘက်မှ ရပ်တည်လျက်ရှိကြောင်း သိသာစေအပ်ပါတယ်။


"ခင်ဗျားသူငယ်ချင်းရဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးပစ်လိုက်" ဟု ခရစ်ယာန်ဘုန်းကြီးဟောင်း ပတ်ရောဘတ်ဆင်ပြောကြား

မေလ ၁၇ ရက် ၂၀၁၂
www.loonwatch.com

ပတ်ရောဘတ်ဆင်ဆိုသူမှာ တီဗွီအစီအစဉ်တင်ဆက်သူဖြစ်ပြီး ဘက်ပ္ပတစ္စ ဘုန်းကြီးတဖြစ်လဲ အမေရိကန်နိုင်ငံ၏ ခရစ်ယာန်အခွင့်အရေး ဆောင်ရွက်သူအဖြစ် နာမည်ကြီးသည်။


တာလီဘန်များကို အာဖဂန်ရှိ ပတ်ရောဘတ်ဆင်ကမ္ဘာဟု လူတိုင်းသိကြပါတယ်။ ဟုတ်ပါရဲ့လား။ ပတ်ရောဘတ်ဆင်ကို တီဗွီအစီအစဉ်တစ်ခု၌ ဂျန်နီအမည်ရှိ ခရစ်ယာန်ဘာသာဝင်အမျိုးသမီး တစ်ဦးက သူ၏အခန်းဖော် အမျိုးသမီး၏ဗုဒ္ဓရုပ်ပွားတော်ကြောင့် သူ့အပေါ် ဝိညာဉ်ရေးရာအရ မည်သို့ထိခို်က်မှုဖြစ်စေနိုင်ပါသလဲဟု မေးမြန်းခဲ့ပါတယ်။



ဂျန်နီ: ကျွန်မနဲ့ အတူနေသူငယ်ချင်း ခရစ်ယာန်အမျိုးသမီးဟာ ဗုဒ္ဓရုပ်ပွားတော်ကို ခရစ်ယာန်ရုပ်ပွားတော်များဘေးမှာ ယှဉ်ပြီးထားထားပါတယ်။ အဲဒါမျိုး အဆင်ပြေရဲ့လား?
ပတ်ရောဘတ်ဆင်က မေးခွန်းတွေကို အဖြေပေးတဲ့နေရာမှာ အမြဲလိုလို ဘိုင်ဘဲလ်အကိုးအကားနဲ့ ရှင်းလင်းပြတ်သားစွာဖြေဆိုလေ့ရှိပါတယ်။ အခုမေးခွန်းကိုလည်း သူဖြေဆိုလိုက်ပုံက “(အဲဒီ ဗုဒ္ဓရုပ်ပွားတော်ကို) ဖျက်ဆီးပြစ်လိုက်ပါ။”

ပတ်ရောဘတ်ဆင် : ဒါမျိုးလုပ်လို့ မရဘူး။ အဲဒီရုပ်ပွားတော်ကို ဝေးဝေးယူသွားပြီး ချိုးဖျက်လိုက်ပါ။ ချိုးဖျက်လိုက်ပါ။ ဖျက်ဆီးပြစ်လိုက်ပါ။

ဒီတော့ ဆိုလိုတာက ခရစ်ယာန်ရုပ်ပွားတော်တွေက အဆင်ပြေပေမယ့် ဗုဒ္ဓရုပ်ပွားတော်ဆိုရင်တော့ အဆင်မပြေပါ။ အခြားဘာသာဝင်များရဲ့ ရုပ်ပွားတော်တွေကို မလေးစားကြနဲ့ပေါ့။

ဟု http://www.loonwatch.com မှာ ပတ်ရောဘတ်ဆင်ကို ခနဲ့တဲ့တဲ့ သတင်းရေးသားဖော်ပြထား ပါသည်။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-