Friday, May 4, 2012

ဖိနှိပ်မှု၏ ရလဒ်များ ။ GCE O Level ကို ကမ္ဘာ့စံချိန်ဖြင့် အောင်မြင်ခဲ့သူ ပါကစ္စတန်နိုင်ငံမှ အဟ်မဒီကလေးငယ်တစ်ဦး


အသက် ၉ နှစ်ကနေ ၁၁ အရွယ်အကြား GCE O Level မှာ ကမ္ဘာ့စံချိန်တင်အောင်မြင်မှုရရှိခဲ့တဲ့ ကလေး ငယ်ကတော့ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့မှ ပါကစ္စတန်နိုင်ငံသူ၊ ဆီတာရာ ဘရုဂ်ျ အက္ကဘရ်ဖြစ်ပါတယ်။ 

မွေးချင်း ၅ ယောက်ထဲက အကြီးဆုံးဖြစ်တဲ့ ဆီတာရာကတော့ အဟ်မဒီတွေကို နှိပ်ကွပ်ရာမှာနာမည် ကြီးတဲ့ ပါကစ္စတန်နိုင်ငံ ၊ ပန်ဂျပ်ပြည်နယ်၊ ရဗ္ဗဝါမြို့မှဖြစ်ပါတယ်။

O Level စာမေးပွဲမှာ ဓာတုဗေဒ၊ ဇီ၀ဗေဒ၊ အင်္ဂလိပ်နဲ့ သင်္ချာဘာသာရပ်တွေမှာ အသက်အငယ် ဆုံး စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သူဖြစ်ပါတယ်။ 

ဗြိတိသျှကောင်စီက ကျင်းပတဲ့ IELTS စာမေးပွဲကျင်းပရေးကော်မတီက သူမကို စာမေးပွဲဖြေဆိုခွင့် ပေးခဲ့တာကြောင့် ၂၀၁၁ မှာ ဝင်ရောက်ဖြေဆိုခဲ့ရာ သတ်မှတ်ချက်စံချိန်အမြင့်ဆုံး နံပါတ် ၉ တွင် နံပါတ် ၇ ရရှိကာ ပါကစ္စတန်မှ အသက်အငယ်ဆုံး IELTS စာမေးပွဲဖြေဆိုအောင်မြင်သူဖြစ်ခဲ့ပြန် ပါတယ်။

ဆီတာရာအက္ကဘရ်ကတော့ GCE O Level နဲ့ IELTS တွေမှာ ကမ္ဘာစံချိန်၊ နိုင်ငံတော်အဆင့်စံချိန် တွေကို တင်နိုင်ခဲ့တာကြောင့် နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားသူလေးဖြစ်တယ်လို့ Wikipedia ကမှတ်တမ်း တင်ထားပါတယ်။ စာမေးပွဲအမျိုးအစားနှစ်ခုလုံးမှာ ပါကစ္စတန်နိုင်ငံသားတွေထဲက အသက်အငယ်ဆုံး စာမေးပွဲဖြေဆိုသူဖြစ်ကြောင်း Wikipedia ကဆက်လက်ဖော်ပြပါတယ်။

သူမဟာ GCE O Level အဆင့် ဓာတုဗေဒစာမေးပွဲကို အသက် ၉ နှစ်အရွယ်မှာအောင်မြင်ခဲ့ပြီး ၁၁ နှစ်အရွယ်မှာတော့ ဇီ၀ဗေဒ၊ ရူပဗေဒနဲ့ သင်္ချာတို့ကို ကမ္ဘာ့အသက်အငယ်ဆုံးစာမေးပွဲဖြေဆိုသူအနေ နဲ့ အောင်မြင်ခဲ့တာကြောင့် ယခုအခါမှာ GCE A Level အတွက် ပြင်ဆင်လေ့ကျင့်လျက်ရှိနေပါပြီ။

အဖေဖြစ်သူဘရုဂ်ျအက္ကဘရ်ကတော့ သူမကို အရာရာ၌အမေးထူလွန်းသူလေးဖြစ်ပြီး ရရှိလာတဲ့ အဖြေကို ရောင့်ရဲတင်းတိမ်မနေတတ်သူလို့ မှတ်ချက်ပေးပါတယ်။

သူမအနေနဲ့ တတိယတန်းအထိပညာဆည်းပူးခဲ့ပြီးတဲ့နောက် ကျောင်းမှထွက်ကာ သူမဖခင်၊ သူမအတွက် ရည်စူးပြီးအရန်သင့် ဖွင့်လှစ်ပေးခဲ့တဲ့ ပုဂ္ဂလိကကျောင်းကို တက်ရောက်ခဲ့ပါတယ်။ 

သူမအနေနဲ့ စာမေးပွဲတွေကို ဘာကြောင့်ဝင်ရောက်ဖြေဆိုခဲ့ရသလဲဆိုတာနဲ့စပ်လျဉ်းပြီး သူမက အင်္ဂလိပ်ဘာသာရပ်နဲ့ပတ်သတ်ပြီး နိုင်ငံတကာအဆင့်မှာ ရပ်တည်နိုင်ဖို့အတွက်ရည်စူးပြီး ဝင်ရောက် ဖြေဆိုခဲ့ရခြင်းဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ သူမအနေနဲ့ ရူပနဲ့ဓာတုဗေဒဆိုင်ရာ သိပ္ပံပညာရှင်ကြီးဖြစ် လိုကြောင်း၊ နိုင်ငံတော်၏ တစ်ဦးတည်းသောနိုဗယ်ဆုရသိပ္ပံပညာရှင်ကြီး အဗ္ဗဒွတ်ဆလာမ်မှာ သူ၏စံပြ သရုပ်ဖြစ်ကြောင်း The Express Tribune ကိုပြောပြခဲ့ပါတယ်။

GCE O Level အောင်မြင်ခဲ့ပေမယ့် တက္ကသိုလ်ကောလိပ်တွေက သူမရဲ့အသက်အရွယ်ငယ် လွန်းတာကြောင့် ဝင်ခွင့်စာမေးပွဲပေးဖြေဖို့ ငြင်းဆိုခဲ့ကြပါတယ်။ ဗြိတိသျှကောင်စီရဲ့ IELTS ကိုတော့ အထူးအခွင့်အရေးတစ်ရပ်အနေနဲ့ ဖြေဆိုခွင့်ရရှိခဲ့သလို သူမရရှိခဲ့တဲ့ အမှတ်ကလည်း နိုင်ငံတကာ တက္ကသိုလ်များမှာ ဘွဲ့လွန်ဝင်ခွင့်အတွက် တင်ပြရတဲ့အမှတ်နဲ့ တန်းတူရှိခဲ့ပါတယ်။

သူမရဲ့ စံပြသရုပ်ဖြစ်တဲ့ ပရောဖက်ဆာအဗ္ဗဒွတ်စ်ဆလာမ်က အစ္စလာမ်နိုင်ငံများအကြား ပါကစ္စတန် ကို တစ်နိုင်ငံတည်းသော နူးလက်နက်ပိုင်နိုင်ငံအဖြစ်ရပ်တည်ဖို့ အခွင့်အလမ်းဖန်တီးပေးခဲ့ပါတယ်။  

GCE A Level အတွက်ပြင်ဆင်နေတဲ့ ဆီတာရာတစ်ယောက် တစ်ချိန်ချိန်မှာ ပရောဖက်ဆာအဗ္ဗဒွတ် ဆလာမ်လို ဖြစ်လာ၊ မလာဆိုတာကို စောင့်ကြည့်ရပါတော့မယ်။ 

source: 

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-