Thursday, May 24, 2012

နှစ်ပေါင်း ၂၇၀၀ သက်တမ်းရှိနေပြီဖြစ်သော အာဖဂန်နှင့် ပါကစ္စတန်တို့ရှိ ပက်ရ်ှတန်စ် (ပထန်) များသည် အစ္စရေးအနွယ်များလော



နှစ်ပေါင်း ၂၇၀၀ သက်တမ်းရှိနေပြီဖြစ်သော အာဖဂန်နှင့် ပါကစ္စတန်တို့ရှိ ပက်ရ်ှတန်စ် (ပထန်) များသည် အစ္စရေးအနွယ်များလော

http://archives.dawn.com

ပျောက်ဆုံးနေသော ဣသရေလလူမျိုး (အစ္စရေးလူမျိုး) နွယ်ထဲမှ အနွယ်တစ်ခုနှင့် အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်မြောက်ပိုင်းမှ ပက်ရ်ှတန်စ် (ပထန်)များ ဗီဇပုံစံတူညီမှုကို လေ့လာဆန်းစစ်ရန် အစ္စရေးမှ အကူအညီပေးမည်ဖြစ်ကြောင်း ဗြိတိသျှအခြေစိုက် ဂါးဒီးယန်းသတင်းစာ၏ The Observer သတင်းအရသိရသည်။

အာဖဂန်မှ ပက်ရ်ှတန်စ် (ပထန်) လုံမေတစ်ဦး

အစ္စရေး၏ လူ့ဗီဇမျိုးရိုးဆိုင်ရာသုတေသီများက ပက်ရ်ှတန်စ် (ပထန်)များသည် ပျောက်ဆုံးနေသော အစ္စရေးမျိုးနွယ် ၁၀ ခုထဲမှ ၁ ခုဖြစ်နိုင်ကြောင်းဆိုကြသည်။ ၎င်းတို့က ယင်းသို့သောအဆိုကို အချိန် ကြာမြင့်ပြီဖြစ်သော သမိုင်းကြောင်းကိုလည်းကောင်း၊ သိပ္ပံဆန်းစစ်မှုများမပါသော အကြမ်းဖျင်း သုံးသပ်ချက်များကိုလည်းကောင်း အခြေခံ၍ ပြောဆိုကြခြင်းဖြစ်သည်။ ထိုအဆိုအတွက် သိပ္ပံဆိုင်ရာ တွေ့ရှိချက် တစ်ခုမျှမရှိသေးချေ။

ယခုမူ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှ နိုင်ငံပိုင် Institute of Immuno-haemotology မှ သုတေသီများက အစ္စရေး၏ ထိပ်သီးတက္ကသိုလ်တစ်ခုဖြစ်သော Technion တွင် ဖော်ပြပါအကြောင်းကို သုတေသနပြု လုပ်တော့မည်ဖြစ်သည်။ သုတေသီများထဲမှ ရှဟာနာဇ်အလီဆိုသူက အိန္ဒိယနိုင်ငံ၊ လက္ခနောမြို့အနီး နေထိုင်သော ပက်ရ်ှတန်စ် (ပထန်) အနွယ်များထံမှ သွေးနမူနာကို စုဆောင်းပြီးဖြစ်ကြောင်း လည်းသိရသည်။ ယခင် ထိုကိစ္စနှင့်စပ်လျဉ်း၍ ပြုလုပ်ခဲ့သော သုတေသနများကမူ အဖြေတစ်စုံ တစ်ရာထုတ်မပေး နိုင်ခဲ့ချေ။

သတင်းတင်ပြချက်အရ အစ္စရေးအနွယ် ၁၂ နွယ်မှ အနွယ် ၁၀ ခုသည် လွန်ခဲ့သောနှစ်ပေါင်း ၂၇၃၀ က အစ္စရေးဘုရင့်နိုင်ငံကို အဆီးရီးယန်းလူမျိုးများ သိမ်းပိုက်စဉ်က ပြည်နှင်ဒဏ်ပေးခြင်းခံခဲ့ ရကြောင်း သိရသည်။ ဂျူးသမိုင်းအရ ယနေ့ဂျူးလူမျိုးများမှ အခြားဂျူးအနွယ် ၂ ခုဖြစ်သော ဘန်ဂျမင်နှင့် ဂျူဒတို့မှ အဆက်များဖြစ်ကြောင်း သိရသည်။ ထိုအချိန်မှစ၍ ပျောက်ဆုံးနေသော ဂျူးအနွယ်များအကြောင်းမှ တဝဲလည်လည်ဖြစ်နေခဲ့ရသည်။ လွန်ခဲ့သော အချိန်များကမူ ထိုဂျူး အနွယ်များကို တရုတ်၊ မြန်မာ၊ နိုင်ဂျီးရီးယားနှင့် အာရှအလယ်ပိုင်းတို့ရှိ လူမျိုးနွယ်များ၌ တွေ့ရှိနိုင် ကြောင်းလည်း ဆိုခဲ့ကြဖူးသည်။ နှောင်းပိုင်းအချိန်များတွင်မူ ပျောက်ဆုံးနေသော ဂျူးအနွယ်များမှာ အီရတ်မြောက်ပိုင်းနှင့် အာဖဂန်တို့တဝိုက်တွင် အခြေချနေထိုင်ခဲ့ကြောင်း ယုံကြည်ကြသဖြင့် ယခုအခါထိုနေရာများရှိ ပက်ရ်ှတန်စ် (ပထန်) များကို ပို၍ စိတ်ဝင်စားမှုပိုစေခဲ့သည်။

လက္ခနောတက္ကသိုလ်မှ နက်ဖ်ရာအားစ် အာဖရီဒီဆိုသူက "ပက်ရ်ှတန်စ် ဒါမှမဟုတ် ပထန်ပေါ့ဗျာ။ သူတို့တွေက ကမ္ဘာပေါ်က လူမျိုးနွယ်တွေထဲမှာ ပျောက်ဆုံးနေတဲ့ အစ္စရေးအဆက်အနွယ် တွေဖြစ်နိုင်တယ်။ ၁၀ ရာစုနှစ်တွေတုန်းက ဘာသာရေးသဘောနဲ့ပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကရေးသဘောနဲ့ ပဲဖြစ်ဖြစ်ရေးခဲ့ကြတဲ့ ဂျူး၊ ခရစ်ယာန်၊ မွတ်စလင်မ်ပညာရှင်တွေရဲ့ စာပေတော်တော်များများမှာ အဲဒီ အကြောင်းကို ရှာဖွေတွေ့နိုင်ပါတယ်။" ဟု ပြောခဲ့သည်။

ရှဟာနာဇ်အလီကမူ "သီအိုရီကိုတော့ လွန်ခဲ့အချိန်တော်တော်ကြာကြာကပဲအလိုရှိခဲ့ကြတာပါ။ အခု တော့ အက်ဖ်ဖရီဒီ ပထန်တွေရဲ့ အစ္စရေးဆက်နွယ်မှုအကြောင်း သိပ္ပံဘက်မှ ခွဲခြမ်းစိတ်ဖြာထားတဲ့ သီအိုရီတစ်ခု ကျွန်တော်တို့ထုတ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ အမှန်တရားဘာလဲ ဆိုတာတော့ ခုထိမသိသေးဘူး၊ ဝိရိယစိုက်ထုတ်မယ်ဆိုရင်တော့ နည်းလမ်းတစ်ခုတော့ ရနိုင် ကောင်းမှာပါ" ဟု Times of India သို့ ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည်။

Rory McCarthy, Jerusalem ၏ ၂၀၁၀ ခု ဇန်နဝါရီလ ၁၇ ၊ တနင်္ဂနွေနေ့နေ့စွဲပါ မူရင်းဆောင်းပါး ကို http://www.guardian.co.uk/world/2010/jan/17/israel-lost-tribes-pashtun တွင်လည်း လေ့လာနိုင်ပါသည်။ 

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-