Saturday, January 4, 2014

တမန်တော်မြတ်ကြီး(ဆွ)၊ တမန်တော် အီဆာ(အ)နှင့် တကွ ပွင့်ပေါ်ခဲ့သမျှ တမန်တော်အားလုံး ကွယ်လွန်အနိစ္စရောက်ခဲ့ပြီ


တမန်တော်မြတ်ကြီး(ဆွ) ကွယ်လွန်ချိန်နဲ့စပ်လျဉ်းလို့ ဗုခါရီဟဒီးစ်ကျမ်းမှာ အသေးစိပ် မှတ်တမ်းတင် ထားပါတယ်။

တမန်တော်မြတ်ကြီး(ဆွ) ကွယ်လွန်ပြီဖြစ်ကြောင်း ဆွဟာဘာများ ကြားသိရတဲ့အခါ သူတို့ဟာ ကိုယ်တော်မြတ်ကို အရူးအမူးချစ်မြတ်နိုးမှုကြောင့် သူတို့အပေါ် ဒီပူဆွေးသောကက တောင်လိုပြိုကျခဲ့သလိုပါပဲ။ အချို့ ဆွဟာဘာတွေက ဒီသတင်းကို အမှန်မဟုတ်ဘူးလို့ ယူဆခဲ့ကြတယ်။ ဟာဇရတ် အုမရ်(ရဒီ) ကလည်း ဓားလွတ်ကိုဆွဲကိုင်လျက် ''ဘယ်သူမဆို တမန်တော်မြတ်(ဆွ) ကွယ်လွန်ပြီလို့ ပြောမယ်ဆိုရင် ထိုသူကို ဦးခေါင်းနဲ့ခန္ဓာ တစ်ခြားစီဖြစ်အောင် လုပ်ပစ်မယ်။ ကိုယ်တော်ဟာ ဟာဇရတ်မူစာ(အ)ကဲ့သို့ အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံဖို့ ကြွမြန်းသွားခြင်းသာဖြစ်ပြီး ဒုတိယအကြိမ် လာရောက်လျက် မိုနာဖစ်(ယုံကြည်ဟန်ဆောင်သူ)တွေကို ရှင်းလင်းသုတ်သင်လိမ့်မှာဖြစ်တယ်''ဆိုပြီး ပြောလျက်ရှိတယ်။ ဆွဟာဘာတွေထဲမှာ တစ်ချို့ကလည်း ဟာဇရတ်အုမရ်ကို မပြောဝံ့တာကြောင့် နှုတ်ဆိတ်နေကြတယ်။ တစ်ချို့ကလည်း သူပြောသလိုဖြစ်နိုင်ကောင်းပါရဲ့ဆိုပြီး တွေးထင်နေကြတယ်။

ထိုအချိန်မှာ ဟာဇရတ် အဘူဘက္ကရ်(ရဒီ)က မဒီနာမြို့ပြင်ကို ရောက်နေတယ်။ သခင်ဟာ မြို့ပြင်မှာပဲ တမန်တော်မြတ်ကြီး(ဆွ) ကွယ်လွန်ပြီဆိုတဲ့သတင်းနဲ့ ဆွဟာဘာတွေရဲ့အခြေအနေက အခုလို ဖြစ်နေပြီ ဆိုတာကို ကြားသိခဲ့ရတယ်။

အဘူဘက္ကရ် သခင်ဟာ မဒီနာသို့ ပြန်လာခဲ့ပြီး တမန်တော်မြတ်ကြီး(ဆွ)ရဲ့ ရုပ်ကလာပ်တော်ထားရှိရာ အခန်းဆောင်သို့ တန်းတန်းမတ်မတ် ဝင်ရောက်လျက် ကိုယ်တော့်ရဲ့ မျက်နှာပေါ်မှ အဝတ်စကို ဖယ်ရှားပြီး အခြေအနေကို အကဲခတ်ကြည့်တဲ့အခါ ကိုယ်တော်ဟာ အမှန်တကယ်ပဲ ကွယ်လွန်သွားခဲ့ပြီဆိုတာကို သိလိုက်ရတယ်။ သခင်ဟာ ကိုယ်တော့်ရဲ့ နှဖူးပြင်ကို နမ်းရှုပ်လျက် ''အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား သေခြင်းနှစ်မျိုးကို ဘယ်သောအခါမှ ပေးမှာမဟုတ်ပါဘူး''လို့ ရေရွတ်တယ်။

အဲဒီနောက် အဘူဘက္ကရ်သခင်ဟာ ဆွဟာဘာတွေ စုစည်းလျက်ရှိတဲ့နေရာကို ရောက်လာတယ်။ ဟာဇရတ် အုမရ်ကို နှုတ်ဆိတ်လျက်ထိုင်နေဖို့ မိန့်ကြားတယ်။ အဲဒီနောက် ဆွဟာဘာ အားလုံးကို ရည်ညွှန်းလျက် အခုလို မိန့်ကြားတော်မူတယ်။

''ဖမန်ကားန မင်န်ကွန်မ် ယာအ်ဘုဒု မုဟမ္မဒ်၊ ဖအင်န္န မုဟမ္မဒန် ကဒ်မားသ'' (အသင်တို့အနက် မိုဟမ္မဒ်(ဆွ)ကို ကိုးကွယ်ကြတဲ့သူတွေရှိရင် နားစွင့်ကြ၊ မိုဟမ္မဒ်(ဆွ)ကတော့ ကွယ်လွန်သွားခဲ့ပြီ။)
''ဝမန်ကားန မင်န်ကွန်မ် ယာအ်ဘုဒွလ္လားဟ်၊ ဖအင်နလ္လားဟ ဟိုင်းယွန် လာယမူးသ်'' (အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်သူတို့ နားစွင့်ကြ၊ အလ္လာဟ်အရှင်မြတ်သည် ရှင်လျက်ရှိတော်မူပြီး အရှင်မြတ်အတွက် သေခြင်းတရား မရှိပြီ။)


သခင်က မိမိပြောကြားသော အကြောင်းအရာ၏ မှန်ကန်မှုအတွက် အထောက်အထားအဖြစ် ကျမ်းမြတ်ကုရ်အာန်မှ မုက္ခပါဌ်တော်ကို ဖတ်ကြားလျက် ဆက်လက်မိန့်ကြားသည်မှာ-
အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူပြီးဖြစ်၏။

''မိုဟမ္မဒ်သည် အလ္လာဟ်၏ တမန်တော်ဖြစ်၏။ သူ၏အလျင် ပွင့်ပေါ်ခဲ့သမျှ တမန်တော်အားလုံးတို့သည် ကွယ်လွန်ခဲ့ကြပြီဖြစ်၏။ အကယ်၍ သူသေလျှင်သော်လည်းကောင်း၊ အသတ်ခံရလျှင်သော်လည်းကောင်း အသင်တို့သည် မိမိတို့၏ ခြေဖနှောင့်များဘက်သို့ လှည့်ထွက်သွားကြမည်လော။'' (ကိုရ်အာန် - ၃း၁၄၅)

ဒီမိန့်ကြားချက်အသံကို ကြားတယ်ဆိုရင်ပဲ ဟာဇရတ် အုမရ်(ရဒီ)ရဲ့ လက်ထဲက ဓားဟာ လွတ်ကျလျက် သူကိုယ်တိုင်ပင် မြေပြင်ပေါ်လဲကျသွားခဲ့တယ်။ ဆွဟာဘာအားလုံးဟာ သူတို့ချစ်လှတဲ့ သခင် အမှန်တကယ်ပဲ ကွယ်လွန်သွားခဲ့ပြီဆိုတာကိုသိလျက် ရင်နင့်ကြေကွဲစွာခံစားခဲ့ကြရတယ်။ ဒီလိုနဲ့ တမန်တော်မြတ်ကြီး(ဆွ)ဟာ အမှန်တကယ်ပဲ ကွယ်လွန် အနိစ္စရောက်သွားခဲ့ပြီဆိုတာကို သူတို့လက်ခံလိုက်ကြတယ်။
(ဆဟီးဟ် ဗုခါရီ၊ ကီတာဘွလ် မဂါဇီ၊ တမန်တော်မြတ်(ဆွ) ကွယ်လွန်ခန်း၊ အတွဲ-၃ စာ-၁၃၄၃-၁၃၄၄)


ဒီဖြစ်ရပ်ကို ထောက်ရှုပြီး စဉ်းစားကြည့်ရအောင်။ တမန်တော်မြတ်ကြီး(ဆွ) ကွယ်လွန်ပြီဆိုတာကို လက်မခံနိုင်လောက်အောင်ဖြစ်နေတဲ့ ဆွဟာဘာတွေကို ဟာဇရတ် အဘူဘက္ကရ်(ရဒီ)က ကုရ်အာန်မှ မုက္ခပါဌ်တော်(၃း၁၄၅)ကို အထောက်အထားပြုပြီး တမန်တော်မြတ်အလျင်က ပွင့်ပေါ်ခဲ့သမျှ တမန်တော်အားလုံးဟာ ကွယ်လွန်ခဲ့ပြီဖြစ်တာကြောင့် ကိုယ်တော်ဟာလည်း သေခြင်းတရားကို လွန်ဆန်နိုင်မှာ မဟုတ်ဘူးဆိုပြီး မိန့်ကြားတော်မူခဲ့တယ် မဟုတ်ပါလား။
ဟာဇရတ်အုမရ်ဟာ အမှန်တရားနဲ့ပတ်သက်လာရင် အလွန်ရဲရင့် ပြတ်သားသူ တစ်ယောက်၊ မိမိရှေ့မှာ မမှန်တာကိုပြောရင်၊ ထောက်ပြစရာတွေ့ရင် နှုတ်ဆိတ်နေမှာ မဟုတ်ဘူးဆိုတာကို မွတ်စလင်အားလုံး သိပြီးဖြစ်ပါတယ်။

အကယ်၍များ ဟာဇရတ်အီဆာဟာ မိုးကောင်းကင်သို့ ရုပ်ခန္ဓာနှင့်တကွ တက်ရောက်သွားလျက် အသက်ထင်ရှား ရှိနေသေးတယ်ဆိုတဲ့ အယူအဆက ဆွဟာဘာတွေလက်ထက်မှာရှိခဲ့တယ်ဆိုရင် အဘူဘက္ကရ်သခင် ပြောကြားနေချိန်မှာ ဟာဇရတ် အုမရ်က ''တမန်တော်အီဆာ(အ)တောင် ရုပ်ခန္ဓာနဲ့တကွ မိုးကောင်းကင်မှာ အသက်ထင်ရှားရှိသေးတာပဲ။ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဒို့တမန်တော်က ဘာကြောင့် မရှင်နိုင်ရမှာလဲ''ဆိုပြီး တုံ့ပြန်လိမ့်မှာ အမှန်ပါပဲ။
ဒါပေမဲ့ မည်သည့် ဆွဟာဘာ တစ်ဦးတစ်ယောက်ကမှ အဘူဘက္ကရ်သခင်ရဲ့ မိန့်ကြားချက်ကို စောဒက မဝင်ခဲ့ကြပါဘူး။

ဒါကြောင့် တမန်တော်မြတ်ကြီး(ဆွ) ကွယ်လွန်တယ်ဆိုရင်ပဲ ဆွဟာဘာ(အဂ္ဂမဟာသာဝက)များရဲ့ ပထမဆုံး 'အီဂျ်မာ'(တစုတစည်းတည်းဆုံးဖြတ်ချက်)က တမန်တော်မြတ်ကြီး(ဆွ)အပါအဝင်၊ တမန်တော် အီဆာ(အ)နှင့် တကွ ပွင့်ပေါ်ခဲ့သမျှ တမန်တော်အားလုံး ကွယ်လွန်အနိစ္စရောက်ခဲ့ပြီဆိုတဲ့ အကြောင်းအရာပဲလို့ ဆိုရပါလိမ့်မယ်။
ဒီ'အိဂျ်မာ'က ယနေ့ခေတ် အမည်ခံပညာရှင်တွေရဲ့ စုပေါင်းဆုံးဖြတ်ချက်ဆိုတာနဲ့ လုံးဝမနှိုင်းအပ် လောက်အောင် အဆင့်အတန်း မြင့်မားလှပါတယ်။ ဘာကြောင့်လဲဆိုရင် ထိုဆွဟာဘာကြီးများနဲ့စပ်လျဉ်းလို့ သူတို့ဟာ နှလုံးသားချင်း တစ်စည်းတစ်လုံးတည်းရှိကြတယ်ဆိုတာကို ကျမ်းမြတ်ကုရ်အာန်က ''ဖအလ္လဖ ဘိုင်းန ကုလူးဘိကွန်မ်'' (အရှင်မြတ်သည် အသင်တို့၏ နှလုံးသားများကို အချင်းချင်း ပေါင်းစည်းညီညွတ် စေတော်မူခဲ့၏။ ၃း၁၀၄)ဆိုပြီး သက်သေခံထားပါတယ်။

 ဒီလိုအားဖြင့် သူတို့အားလုံးဟာ ''ရုဟမားအု ဘိုင်းနဟွန်မ်'' (အချင်းချင်း အကန့်အသတ်မရှိ ကရုဏာထားကြသူများ။ ကိုရ်အာန်- ၄၈း၃၀) ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ယနေ့ခေတ် အပေါ်ယံရုပ်ပိုင်းအရ စုစည်းနေသယောင်မြင်ရပြီး ''တစ်ကျောင်းတစ်ဂါထာ''ဖြစ်လျက် အတွင်းပိုင်းမှာ အစိပ်စိပ်အမွှာမွှာ ကွဲလျက်ရှိကြတဲ့ ပညာရှင်တွေကိုတော့ ကျမ်းမြတ်ကုရ်အာန်က ရှေးဦးမဆွကတည်းက ''တာဟ်စဘုဟွန်မ် ဂျမီးအန်၊ ဝကုလူးဘုဟွန်မ် ရှတ္တာ'' (အသင်သည် ယင်းတို့အား တစ်စည်းတစ်လုံးတည်းဟု ထင်မှတ်နေ၏။ သိုု့ရာတွင် ယင်းတို့၏ စိတ်နှလုံးများကား အစိတ်စိတ် ကွဲလျက်ရှိ၏။ ကိုရ်အာန်- ၅၉း၁၅) ဆိုပြီး ကြိုတင်မိန့်ကြားထားပြီး ဖြစ်ပါတယ်။
ထို့ကြောင့် ဆွဟာဘာများ၏ 'အီဂျ်မာ'ကသာလျှင် မွတ်စလင်အားလုံး ဦးထိပ်ထားမြတ်နိုးအပ်သည့် တစ်စုတစ်စည်းတည်း ဆုံးဖြတ်ချက်ပင် ဖြစ်သတည်း။





ဆွဟာဘာ(အဂ္ဂမဟာ သာဝက)များ၏ ပထမဦးဆုံး 'အီဂျ်မာ'(တစ်ညီတစ်ညွတ်တည်း သဘောတူ ဆုံးဖြတ်ချက်)

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-