Friday, July 20, 2012

ဥပုသ်သီလတည်ဆောက်ခြင်းသမိုင်း (အပိုင်း ၂)







ဇိုရိုအေစတာသာသနာ

ဇိုရိုအေစတာသာသနာမှာ အစ္စလာမ်အလျင် အီရန်နိုင်ငံ၌ ပေါ်ပေါက်ခဲ့သော သာသနာဖြစ်သည်။ ဘီစီ ၅၄၉ မှ အေဒီ ၆၅၂ အကြား နှစ်ပေါင်း ထောင်ချီသည့်ကာလများအတွင်း အင်အားကြီးထွားခဲ့ပြီး ပါရှန်းအင်ပါယာ သုံးဆက်တိုင် ဇိုရိုအေစတာဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဠာန်းခဲ့ကြသည်။ အာခေမီးနီးယန်း အင်ပါယာ (Achaemenian Empire) နေ လူအများစုဖြစ်သည့် ဂျူးများသည် တမန်တော် ဇိုရိုအေစတာ၏ သွန်သင်ချက်အချို့ကို ခရစ်ယာန်သာသနာပေါ်ပေါက်လာသည့်တိုင်အောင် လက်ခံလိုက်နာခဲ့ကြလေသည်။

ဇိုရိုအေစတာဘာသာကို ဂရိဘာသာဖြင့် ဇိုရိုအေစတာဟုသိကြသော တမန်တော်ဇရာသုစထရာက တည်ထောင်ခဲ့သည်။ ရှေးဟောင်းအန္ဒိယနှင့် အီရန်နိုင်ငံများရှိ ဘုရားအများကိုးကွယ်သည့် သူများအကြား တမန်တော်ဇိုရိုအေစတာမှာ ဘုရားတစ်ပါးတည်း ကိုးကွယ်သောသူဖြစ်ကြောင်းနှင့် သူသည် ကမ္ဘာ့လူသားသမိုင်းတွင် ကနဦးကျသော တစ်ဆူရှင်ဝါဒီများထဲမှ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။ တမန်တော်ဇိုရိုအေစတာက အဟုရ မဇ်ဒါ (Ahura Mazda) ဟုခေါ်သော ဘုရားတစ်ပါးတည်းရှိကြောင်းကို ဟောပြောခဲ့သည်။ အဟုရ ဆိုသည်မှာ ဘုရားရှင်ဟု အနက်ရပြီး မဇ်ဒါ မှာမူ ဉာဏ်ပညာအပေါင်း၏ အရှင်၏ အနက်ရလေသည်။ ထို့ကြောင့် ဇိုရိုအေစတာက ဘုရားရှင်ကို ဉာဏ်ပညာအမြော်အမြင်နှင့်ပြည့်စုံသော အရှင်ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ တမန်တော်ဇိုရိုအေစတာသည် မည်သည့်အချိန်တွင် ဤကမ္ဘာမြေပေါ်တွင် အသက်ရှင်နေထိုင်သွားကြောင်းကိုမူ မသိရှိကြသေးပေ။ ယခုကာလတွင်မူ ဇိုရိုအေစတာသည် ဘီစီ ၁၅၀၀ နှင့် ၁၀၀၀ အကြားကာလတွင် ပွင့်ခဲ့ကြောင်းမှန်းဆကြလေသည်။

ဒီဆာတီးရ်(Desatir) စာအုပ်သို့မဟုတ် နောက်ဆုံးတမန်တော် ဆစန်၏ အခန်းကဏ္ဍကိုဖော်ပြထားသည့် မူလ္လာ ဖေရွဇ်ဘင် ကော်ဆ် ပြုစုရေးသားသည်ဟု ယူဆရသော “ဒီဆာတီးရ်(Desatir) ခေါ် ဇိုရိုအေစတာဘာသာဝင်တို့၏ မူရင်းအသံထွက်ကျမ်းစာနှင့် အကျယ်ဖွင့်ဆိုချက်” ကျမ်းသည် မဟာဘတ် (Mahabad) အချိန်ကာလမှ ဆစန်အချိန်ကာလအထိ ပျံ့နှံ့ခဲ့သည့် ရှေးဟောင်းပါရှန်းတမန်တော်များ၏ ရေးသားချက်များကို စုစည်းထားသည့်ကျမ်းဖြစ်ကြောင်း ယေဘုယျယူဆရပေသည်။ ပထမ ရှက်ဆစန်၏ ကျမ်းစာ (The Book of the Shet Sasan) တွင် “ ယက်ဇ်ဒန် (Yezdan) ခေါ် ဝိညာဉ်ရေးဆိုင်ရာ ကိုးကွယ်မှုအားဖြင့် အိုင်ဇက် (Ized) သည် တစ်ပါးအမျိုးသားတို့ထံမှ ဖယ်ခွာ၍ တသီးပုဂ္ဂလနေခြင်း ၊ လုံလဥဿဟပြု၍နေခြင်း တို့အပြင် ဝိညာဉ်ရေးရာ အခြေအနေပေါ်တွင်တည်မှီသည့် ဥပုသ်သီလတည်ဆောက်ခြင်း၊ တရားထိုင်ခြင်းတို့ကို ပြုလေသည်။ ယင်းသို့ဖြင့် သူ(Ized) သည် ယက်ဇ်ဒန်ခေါ် ဝိညာဉ်ရေးရာအခြေအနေကို မြင်လေသည်။ ထို့ပြင် ထိုသို့မြင်ရသူတို့သည် တရားမျှတဆုံးသော ဒါဒါရ် (Dadar = God) နှင့် နီးစပ်ခြင်းကို ရလေသည် ” ဟု ဖော်ပြပါရှိသည်။


ကွန်ဖြူးရှပ်စ်သာသနာ

Revelation, Rationality, Knowledge and Truth စာအုပ်ပါဖော်ပြချက်အရ တရုတ်လူမျိုးအများစုသည် ကွန်ဖြူးရှပ်စ်ဘာသာကို ကမ္ဘာပေါ်တွင် ဝိညာဉ်ရေးရာနည်းလမ်းအားဖြင့် ဗျာဒိတ်ပေးခြင်းခံရသည့် သာသနာတစ်ခုဟု ယုံကြည်ယူဆကြသော်လည်း အချို့ကမူ ဒဿနတစ်ခုအဖြစ်သာယူဆကြကြောင်း ၊ သို့သော် ကွန်ဖြူးရှပ်စ်၏ ရှေးအတိတ်ကာလ ရေးသားချက်များကို အသေးစိတ်လေ့လာပါသော် ဤသည် လူသားတစ်ဦးပြုလုပ်နိုင်စွမ်းသော ဒဿနမဟုတ်သည်ကို လွယ်ကူစွာသက်သေပြနိုင်မည်ဖြစ်ကြောင်း ၊ ယင်းဒဿနသည် အနိစ္စသဘောတရားမရှိသည့် ဘုရားရှင်အားသာ သိုင်းခြုံရစ်ထွေးနေသည့်အလားတူပင် ထိုဘုရားရှင်ထံတော်မှ သက်ဆင်းလာခြင်းဖြစ်ကြောင်းနှင့် ထိုဘုရားရှင်သည် ဤစကြဝဠာကမ္ဘာလောကကြီးအား စိုးပိုင်တော်မူကြောင်း ၊ ကောင်းကင်သည် ထိုဘုရားရှင်၏ ထင်လင်းရာဖြစ်သည့်အလျောက် ဘုရားရှင်ကိုယ်တိုင်သည်ပင် တခါတရံ၌ ကောင်းကင်ယံနှင့်တင်စားခြင်းမျိုးရှိကြောင်း သိရှိရပေသည်။

စတင်းဖို့ဒ် ဒဿနစွယ်စုံကျမ်း ( Stanford Encyclopedia of Philosophy - http://plato.stanford.edu ) အရ ကွန်ဖြူးရှပ်စ်၏ ပုဂ္ဂလိကရေးရာများကို Book X of the Analects (ကွန်ဖြူးရှပ် ဒဿနကောက်နုတ်ချက်များ စာအုပ် နံပါတ် ၁၀) တွင် ရေးသားထားရာ၌ သူ့ကို အတွေးအခေါ်သမားအနေဖြင့်လည်းကောင်း ၊ ဆရာအဖြစ်လည်းကောင်း ၊ အစိုးရဝန်ထမ်းအဖြစ်လည်းကောင်း ထောင့်မျိုးစုံမှ လေ့လာစိစစ်ခဲ့ကြောင်း ၊ တချို့ကမူ ထိုဖော်ပြချက်များ (ကွန်ဖြူးရှပ်စ်၏ ဒဿန ဖော်ပြချက်များ) ကို အဆင့်အတန်းမြင့်ပုဂ္ဂိုလ်တစ်ဦး၏ ပြုမူနေထိုင် ပြောဆိုဆောင်ရွက်သည့် ဓလေ့မျှဖြစ်ပြီး ယင်းကို နောက်ပိုင်းတွင် ကွန်ဖြူးရှပ်စ်ဒဿနအဖြစ် ကင်ပွန်းတပ်ခြင်းဖြစ်သည်ဟု ပြောဆိုဖော်ပြကြကြောင်း ၊ အစဉ်အဆက်အားဖြင့်မူ Book X of the Analects (ကွန်ဖြူးရှပ်စ် ဒဿနကောက်နုတ်ချက်များ စာအုပ် နံပါတ် ၁၀) သည် ကွန်ဖြူးရှပ်စ်၏ အသွင်အပြင်ကို ပိုမိုအကဲဖြတ်နိုင်ရန် သင့်တော်နေကြောင်း ၊ ယင်းစာအုပ်အား ကွန်ဖြူးရှပ်စ်ထေရုပ္ပတ္တိ ကြောရိုးအနေဖြင့် မှတ်သားလေ့လာကြကြောင်း ၊ အောက်ပါဖော်ပြချက်အချို့ကို ဥပမာအနေဖြင့်တင်ပြလိုကြောင်း -

----------- ဥပုသ်ဆောက်တည်ရန်အချိန်ကာလဆိုက်ရောက်လျှင် သူ (ကွန်ဖြူးရှပ်စ်)သည် ချည်သားပါးပါး (လီနင်သား)ဖြင့်ပြုလုပ်ထားသည့် အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်သည်။ သူ၏ စားနေကျအစားအစာကို စွန့်လွှတ်ရန်လိုပြီး သူနေ့စဉ် ထိုင်လေ့ရှိသည့်နေရာကိုလည်း ပြောင်းလဲပြစ်ရန်လိုသည်။ သူသည် စားသုံးသည့်အခါ ထမင်းဆန်မသန့်သည်ကိုလည်းကောင်း အသားများသေသပ်ကျနစွာ စဉ်းမထားလျှင်သော်လည်းကောင်း ငြင်းဆန်ကန့်ကွက်ခြင်းမရှိပေ။ -----(Lunyu 10.7, 10.8) ( http://plato.stanford.edu/entries/confucius/ )

ကွန်ဖြူးရှပ်စ်ရေးသားချက်များစာအုပ်အရ သိရှိရသည်မှာ ဘီစီ ၅၅၁ - ၄၇၉ အတွင်း အသက်ရှင်နေထိုင်ခဲ့သည့် ကွန်ဖြူးရှပ်စ်သည် စကားမပြောနိုင်သော လူတစ်ယောက်အလားဆိတ်ငြိမ်လျက်နေတတ်ပြီး ရိုးရှင်းပြီး သစ္စာဝါဒီတစ်ဦး၏ သွင်ပြင်ရှိကြောင်းပင်။

လ၏ ပထမဆုံးရက်တွင် သူသည် အပေါ်ရုံကို ၀တ်ဆင်လျက် တရားရုံးတွင် ထိုင်လေ့ရှိကြောင်း ၊ ဥပုသ်ဆောက်တည်သည့်အခါ သူသည် သူ၏အဝတ်များကို ဖြူစင်တောက်ပနေစေသည့်အပြင် ချည်ပါးပါးဖြင့်ပြုလုပ်ထားသည်ကိုသာ ၀တ်ဆင်ကြောင်း၊ ထို့ပြင်ဥပုသ်စောင့်သည့်အခါ အိမ်တွင် မိမိထိုင်နေကျနေရာမှ အခြားနေရာသို့ပြောင်း၍ ထိုင်လေ့ရှိကြောင်း ဖော်ပြသည်။ (http://www.international.ucla.edu/eas/documents/lunyuCh10.htm)






ဒေါက်တာ ဇီယာ၊ အိပ်ခ်ျ ရှား၏ Religious History of fasting ကို မြန်မာပြန်ပါသည်။ 

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-