Friday, April 20, 2012

မန်ချက်စတာ၊ မော့စ်ဆိုဒ် : စတာလင်ပေါင် ၁ မီလီယံတန် ဗလီဝတ်ကျောင်းတော်ကြီးမှ ဝတ်ပြုသူပေါင်းတစ်ထောင်အတွက်



နယ်ပယ်အတွင်းက မွတ်စလင်မ်တွေအကျိုးကို ရည်စူးပြီးတည်ဆောင်ခဲ့တဲ့ ဗလီကျောင်းဆောင်ကြီး ကိုတော့ လာမယ့်ရက်သတ္တပတ်များအတွင်းမှာ ဖွင့်လှစ်နိုင်တော့မှာပါ။ ပရောဂျက်ကတော့ ၃ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

စတာလင်ပေါင် ၁ မီလီယံကုန်ကျခဲ့တဲ့ ဒါရွလ်အာမာန် ဗလီကျောင်းဆောင်ကြီးကတော့ မန်ချက်စတာ မြို့ရဲ့ ၊ မော့စ်ဆိုဒ်မှာတည်ရှိပြီး ဝတ်ပြုသူပေါင်းတစ်ထောင် ဝင်ဆံ့ပါတယ်။ ဗလီကျောင်းဆောင် ကြီးကိုတော့ အစ္စလာမ်သာသနာကို မူရင်းအစစ်အမှန်အတိုင်းပြန်လည်ပေါ်ထွန်းစေဖို့ရည်သန်ပြီး အခြေတည်ခဲ့တဲ့ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့က တည်ဆောက်ခဲ့တာဖြစ်ပြီး ဥရောပအနောက်ပိုင်း မှာတော့ အဟ်မဒီဗလီဝတ်ကျောင်းတွေအနက် ဒုတိယမြောက်အကြီးဆုံးလည်းဖြစ်ပါတယ်။

မီနာရာနဲ့ ဗလီဝတ်ကျောင်းသဏ္ဌာန်အမိုးတို့ပါဝင်တဲ့ အဲဒီဝတ်ပြုကျောင်းဆောင်ကြီးကိုတော့ ဝတ်ပြု ကိုးကွယ်သူများရဲ့ အလှူဒါနများနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဂရင်းဟေးစ်လမ်းသွယ်ပေါ်က လက်ရှိအဆောက်အဦကိုတော့ ပြန်လည်မွမ်းမံပြီး ဗလီကြီးရဲ့ဒီဇိုင်း အသစ်ထဲမှာ ထည့်သွင်းပြီး အဆောက်အဦတစ်ခုတည်းအဖြစ်ဆောက်လုပ်ထားပါတယ်။ လူဦးရေ တစ်ထောင်နီးပါးရှိတဲ့ မန်ချက်စတာမြို့က အဟ်မဒီမွတ်စလင်မ်များကတော့ ဗလီကြီးပေါ်အခြေ တည်ပြီး အစ္စလာမ်နဲ့အခြားဘာသာများအကြား ငြိမ်းချမ်းရေးနှင့် အပြန်အလှန်နားလည်မှုရှိရေးတို့ကို စထက်တပိုးလှုံဆော်ဆောင်ရွက်ဖို့ မျှော်မှန်းထားကြပါတယ်။

အဟ်မဒီမွတ်စလင်မ်များရဲ့ဆောင်ပုဒ်အတိုင်း "အားလုံးအပေါ်မေတ္တာထား၊ မည်သူ့ကိုမှအမုန်းမပွား" ဆိုတဲ့အတိုင်း လုပ်ကိုင်ဆောင်ရွက်နေကြတာနဲ့အမျှ ဗလီကြီးကိုလည်း ငြိမ်းချမ်းခြင်း၏ နားခိုရာ အဖြစ် အဓိပ္ပါယ်ဖော်ဆောင်ကြရပါမယ်။ ဗလီကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအီမ်ရားန်ခန်းက တော့ အောက်ပါတိုင်းပြောကြားပါတယ်။

" ဒီဗလီကြီးကို​တော့ ပတ်ဝန်းကျင်မှာနေထိုင်တဲ့ အဟ်မဒီများရဲ့လုပ်အားနဲ့ပဲဆောက်လုပ်နေတာပါ။ လွန်ခဲ့တဲ့ ၃ နှစ်ကစတင်ခဲ့တာဖြစ်ပြီး ဂုဏ်ယူစရာပါပဲ - အခုတော့တရားဝင်ဖွင့်လှစ်နိုင်တော့မှာပါ။ ကျွန်တော်တို့အားလုံးက ဗလီကြီးကိုငြိမ်းချမ်းခြင်းပြယုဂ်ဖြစ်စေလိုပါတယ်။ အဖွဲ့ကြီးရဲ့ရည်ရွယ်ချက် ကတော့ အစ္စလာမ်နဲ့ဘာသာခြားများအကြား ကူညီရိုင်းပင်းရေးကို တိုးတက်ဖော်ထုတ်လုပ်ဆောင် ဖို့နဲ့ မိမိနေထိုင်ရာတိုင်းပြည်အပေါ် သစ္စာရှိဖို့ပါပဲ။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးကိုတိုးတက် ဖော်ဆောင်နိုင်ဖို့ အခြားအဖွဲ့အစည်းတွေနဲ့လည်း ပူပေါင်းလုပ်ဆောင်သွားမှာပါ။ ဗလီကြီးက မန်ချက်စတာအဝန်းအဝိုင်းကြီးတစ်ခုလုံးအတွက်ဖြစ်စေဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ "

ဗလီကြီးကို သာသနာရေးရာကိစ္စများ၊ လူငယ်ရေးရာများ၊ လူမှုရေးရာများအတွက်သာမက ဘာသာ ပေါင်းစုံနှီးနှောဖလှယ်ပွဲတွေ ကွန်ဖရင့်တွေကျင်းပဖို့အတွက်လည်းသုံးစွဲသွားမှာပါ။ အာရှအသင်း အဖွဲ့များကို သွေးလှူဒါန်းခြင်းတွေမှာ ပိုပြီးတော့ပါဝင်လာစေဖို့အတွက် လှုံဆော်နိုင်ဖို့ ပုံမှန်သွေး လှူဒါန်းရာနေရာတစ်ခုအနေနဲ့လည်း အသုံးပြုသွားမှာဖြစ်ပါတယ်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-